ရဲသွေးနီ၏ အမြင့်ပျံ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အိပ်မက်များ

ရဲသွေးနီ၏ အမြင့်ပျံ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အိပ်မက်များ

“ဒိုင် ၃ ဦးရဲ့ ဆုံးဖြတ်ချက်အရ အနိုင်ရရှိသွားသူကတော့ အနီထောင့်က  … ရဲ … သွေး … နီ … ဖြစ်ပါတယ်။”ဟု  အစီအစဉ် တင်ဆက်သူက ကြေညာလိုက်သည့်အချိန်တွင် ပရိသတ်လက်ခုပ်သံများ  ဝေါကနဲ ထွက်ပေါ်လာသည်။ အနိုင်ရရှိသူ ရဲသွေးနီမှာ ကြမ်းပြင်ပေါ် ဒူးထောက်ချလိုက်ပြီး လက်နှစ်ဘက်ကို ဆန့်တန်းကာ အောင်ပွဲခံနေသည်။ ၎င်းနှင့် အကြိတ်အနယ် ထိုးသတ်ခဲ့သည့် ပြိုင်ဘက်ကစားသမား မိုက်ရိုင်းကလည်း ပွေ့ဖက်ကာ ဂုဏ်ပြုသည်။

အဆိုပါ ပွဲစဉ်သည် ပြီးခဲ့သော အောက်တိုဘာလက ရန်ကုန်မြို့၊ သုဝဏ္ဏ မိုးလုံလေလုံ အားကစားကွင်းတွင် ကျင်းပခဲ့သော One Championship: Pursuit of Greatness ပြိုင်ပွဲကြီး၏ ပွဲစဉ်တစ်ပွဲဖြစ်သည့် ရဲသွေးနီနှင့် မိုက်ရိုင်းတို့ပွဲ ဖြစ်သည်။ တောင်ကလေးကလပ်မှ ရဲသွေးနီသည် ၎င်းထက် အသက်အရွယ်အားဖြင့် ၇ နှစ် ပိုကြီးသလို ဝါသမ္ဘာနှင့် ထိုးလုံးသတ်ကွက်ပညာ ပိုသာသည့် မိုက်ရိုင်းအား ၃ ချီ အကြိတ်အနယ် ယှဉ်ပြိုင် ထိုးသတ်အပြီးတွင် အမှတ်ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

“ကိုမိုက်ရိုင်းကို မထင်မှတ်ဘဲ နိုင်သွားတာ တကယ့်ကို မထင်ထားဘူး။ သူများတွေက ကျွန်တော် ရှုံးမယ်ပဲ တွက်ကြတာ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က လဲကျရင် မထိုးတတ်ဘူး။ ကိုမိုက်ရိုင်းက လဲကျလည်း ထိုးတတ်တယ်လေ။”ဟု ရဲသွေးနီက ထိုစဉ်က အခြေအနေကို ပြန်ပြောပြခဲ့သည်။

ထိုပွဲစဉ်သည် ရဲသွေးနီအတွက် ပဥ္စမမြောက် ကိုယ်ခံပညာသိုင်းပေါင်းစုံပြိုင်ပွဲဖြစ်သလို လေးပွဲဆက်တိုက် နိုင်ပွဲ ရရှိစေခဲ့သည့် ပွဲစဉ်လည်းဖြစ်သည်။ ၎င်းနှင့် ယှဉ်ပြိုင်ထိုးသတ်ရသည့် မိုက်ရိုင်းသည် နာမည်ကျော် လက်ဝှေ့သမားကြီး စောငမန်း နည်းပြနေသည့် ရွှေဖူးကလပ်မှ ကစားသမားတစ်ဦး ဖြစ်ကာ ရိုးရာလက်ဝှေ့ပွဲများတွင် ၎င်းတို့ နှစ်ဦးသည် သုံးကြိမ်ထက်မနည်း ရင်ဆိုင်ခဲ့ဖူးသည်။ ပြိုင်ပွဲများတွင် ၂ ဦးစလုံး တစ်ယောက် ၁ ပွဲစီ အနိုင်ရရှိထားပြီး ကျန်ပွဲများတွင် သရေကျထားသည်။

ယခုပွဲကို ယှဉ်ပြိုင်ထိုးသတ်ရန် ပွဲမတိုင်ခင် တစ်လကျော်အလိုတွင် အကြောင်းကြားသဖြင့် ရဲသွေးနီ အတွက် ပြင်ဆင်ချိန် တစ်လခန့် ရခဲ့သည်။ ယင်းကာလအတွင်း ရဲသွေးနီသည် မိုက်ရိုင်းကို ယှဉ်ပြိုင်ရန် ကြမ်းပေါ် လုံးထွေးသတ်ပုတ်ရသော မြေပြင်ကစားကွက်များကို အဓိကထား လေ့ကျင့်ခဲ့သည်။ ရိုးရာလက်ဝှေ့ကိုသာ အားသန်သူ ဖြစ်သဖြင့် နပမ်းပညာနှင့် အဖြည်အချုပ်များကို ပြန်လည်လေ့လာမှတ်သားရသည်။

 ပွဲထဲတွင် မည်သည့် နည်းဗျူဟာဖြင့် ထိုးသတ်မည်ကို စဉ်းစားရသည်။

“ကိုမိုက်ရိုင်း အားသာတာက ခြေကန်တာပေါ့နော်။ ခြေကန်တဲ့ကစားကွက် အားသာတယ်။ သူများနဲ့ စာရင် နည်းနည်း ထိုးရခက်တယ်။ ကန်ရင် အပေါ်အောက် အပေါ်အောက်ကန်တော့ ရှောင်ရတိမ်းရတာ ခက်တယ်။ အဲ့ဒီပုံစံနဲ့ ကန်နိုင်အောင် သူကြိုးစားတယ်။ တကယ်ထိုးတော့လည်း အဲဒီ ခြေကန်ချက် တွေကပဲ ဒုက္ခပေးခဲ့တာ။”ဟု ရဲသွေးနီက ပြောပြသည်။

ပြိုင်ပွဲမှာ အမှန်တကယ် ထိုးသတ်ရသည့်အခါ အစောပိုင်းတွင် အရပ်အမောင်း ပိုကောင်းသည့် မိုက်ရိုင်း၏ ခြေကန်ချက်နှင့် တိုက်စစ်ကို ရဲသွေးနီ ခက်ခက်ခဲခဲ ခုခံကာကွယ်ခဲ့ရသည်။ ကြမ်းပြင်ပေါ်သို့ လဲကျပြီး အားနည်းသည့် မြေပြင်ကစားကွက်ဖြင့် တိုက်ခိုက်ရမည်ကို စိုးရိမ်သောကြောင့်လည်း မိုက်ရိုင်းကို လူချင်း မပူးမိအောင် ရှောင်ကစားနေရသည်။

သို့သော် ရဲသွေးနီက ပွဲချိန်ကြာလာသည်နှင့်အမျှ ကြိုးဝိုင်းကို တဖြည်းဖြည်း လွှမ်းမိုးနိုင်လာကာ ၎င်း၏ လက်သီးချက်များက မိုက်ရိုင်းကို ကောင်းစွာဒုက္ခပေးနိုင်လာသည်။ ပွဲအစပိုင်းကတည်းက မိုက်ရိုင်း၏ နှာနုရိုး နေရာတွင် ရရှိထားသည့် ဒဏ်ရာကလည်း တဖြည်းဖြည်းကြီးလာပြီး သွေးများထွက်နေသည်။ ၁ ချီကို ၅ မိနစ်စီဖြင့် ၃ ချီပြည့်အောင် ကစားပြီးနောက် မည်သူမျှ
 အလဲမထိုးနိုင်သဖြင့် ဒိုင် ၃ ဦး ပေးထားသည့် အမှတ်များကို ပြန်လည်ရေတွက်ရာ ရဲသွေးနီက အသာရပြီး အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

၃ ချီပြည့်၍ ပွဲပြီးဆုံးသွားသောအခါ ရဲသွေးနီက မိုက်ရိုင်းရှေ့တွင် ဒူးထောက်ပြီး ကန်တော့တောင်းပန်သည့် မြင်ကွင်းက မြန်မာ့ရိုးရာလက်ဝှေ့မှလာသည့် ချစ်စဖွယ်ယဉ်ကျေးမှုတစ်ခု ဖြစ်သော်လည်း နိုင်ငံခြားသားများ အမြင်တွင် ထူးဆန်းသည့် အပြုအမူဖြစ်နေသည်။ အသက်အရွယ် ဝါသမ္ဘာပိုကြီးသည့် မိုက်ရိုင်းကို ရဲသွေးနီက ၎င်း၏လက်သီးချက်များအတွက် ပြန်လည်တောင်းပန်သည့်အနေဖြင့် ရှိခိုးဦးချခဲ့ခြင်းဖြစ်သည်။

“သူက ကျွန်တော့်ထက် အသက် ဝါသမ္ဘာကြီးတယ်လေ။ အဲဒီလို ပြန်မလုပ်ရင် ရိုင်းရာကျမှာပေါ့။ ကျွန်တော် သူ့ကို ထိုးမိခဲ့သမျှလက်သီးတွေအတွက် ပြန်ပြီးကြေပါစေ။ စိတ်မဆိုးပါနဲ့။ အဲဒီလို ရည်ရွယ်ချက်နဲ့ ပြန်ပြီး ဦးချတာပါ။ အပြင်မှာလည်း ရင်းနှီးတဲ့မိတ်ဆွေတွေပါ။ ခရီးတွေ အတူသွားဖူးတယ်။”ဟု ရဲသွေးနီက ယင်းအခြေအနေကို ပြန်ရှင်းပြသည်။

လက်ရှိအချိန်တွင် ရဲသွေးနီသည် ကိိုယ်ခံပညာ သိုင်းပေါင်းစုံပြိုင်ပွဲပေါင်း ၅ ပွဲ ထိုးသတ်ထားပြီး ၄ ပွဲနိုင်၊ ၁ ပွဲရှုံး ရလဒ် ရရှိထားသလို ၂ဝ၁၇ နှင့် ၂ဝ၁၈ အတွင်း ထိုးသတ်ခဲ့သည့် ကိိုယ်ခံပညာ သိုင်းပေါင်းစုံပြိုင်ပွဲတိုင်းကို အနိုင်ရရှိထားသည်။ သို့သော် လာမည့် ၂ဝ၁၉ခုနှစ် အတွက် ၎င်းကို ကိိုယ်ခံပညာ သိုင်းပေါင်းစုံပြိုင်ပွဲ ယှဉ်ပြိုင်ရန် ကမ်းလှမ်းမှုမရှိသေးဟု သိရသည်။ အကယ်၍ ကမ်းလှမ်းလာမည်ဆိုပါက မည်သူနှင့်မဆို ယှဉ်ပြိုင်ထိုးသတ်ရန် အသင့်ရှိသည်ဟု ရဲသွေးနီက ပြောကြားခဲ့သည်။ နိုင်ငံခြားသား ကစားသမားများနှင့်လည်း ယှဉ်ပြိုင်လိုသည်ဟုလည်း ဆိုသည်။

“သူတို့နဲ့ ထိုးရမယ်ဆိုရင် ကျွန်တော် လက်ရှိလေ့ကျင့်နေတာထက် အပေါင်းများစွာ ပြင်းပြင်းထန်ထန် လေ့ကျင့်ရမျာပါ။ သူတို့က အချုပ်အလုံး အရမ်းသန်တယ်လေ။ ကျွန်တော်က မချုပ်နိုင်ရင်တောင် ဖြည်နိုင်အောင် ကြိုးစားရမယ်။ သူတို့ မချုပ်နိုင်ခင်မှာ လက်သီးနဲ့ ထိထိမိမိ ရအောင် ထိုးမယ်။” ဟု ရဲသွေးနီက ပြောသည်။

ရဲသွေးနီသည် One Championship ပြိုင်ပွဲကြီးတွင် နိုင်ငံခြားသား ကစားသမားနှင့် ပွဲဦးထွက်တစ်ပွဲသာ ယှဉ်ပြိုင် ထိုးသတ်ခဲ့ဖူးသည်။ ယင်းပွဲတွင် ၎င်းအနေဖြင့် ကိိုယ်ခံပညာ သိုင်းပေါင်းစုံပြိုင်ပွဲများအကြောင်း အတွေ့အကြုံ လုံးဝမရှိသေးခိုက် ၆ ပွဲ ဆက်တိုက် အနိုင်ရထားသည့် ထိုင်းကစားသမား Pongsiri Mitsatit နှင့် ထိုးသတ်ခဲ့ရပြီး ပထမအချီတွင်ပင် ဒိုင်ပွဲရပ်ဖြင့် ရှုံးနိမ့်ခဲ့သည်။

 ယင်းပွဲက ရဲသွေးနီ အတွက် ပထမဆုံးနှင့် နောက်ဆုံး ကိိုယ်ခံပညာ သိုင်းပေါင်းစုံ ရှုံးပွဲလည်းဖြစ်သည်။

၎င်းအနေနှင့် အဓိက အခက်အခဲဖြစ်နေသည်မှာ မြေပြင်ကစားကွက်အတွက် စနစ်တကျလေ့ကျင့် သင်ကြားပေးမည့် ဆရာ မရှိခြင်းဖြစ်သည်။ ရိုးရာလက်ဝှေ့ကလပ်မှ ကစားသမား ဖြစ်သဖြင့် နည်းပြများက Stand Fight ဟု ခေါ်သည့် မတ်တပ်ရပ် ထိုးသတ်ခြင်းကို ကောင်းစွာသင်ကြားပေးနိုင်သော်လည်း ကြမ်းပြင်ပေါ် လှဲချ လုံးထွေးသည့် မြေပြင်ကစားကွက်ကို သင်ပေးနိုင်ခြင်း မရှိပေ။ မိမိဘာသာ အင်တာနက်မှ ဗီဒီယိုဖိုင်များ ကြည့်ကာ အတုယူ လေ့ကျင့်နေရသည်ဟု ရဲသွေးနီက ပြောသည်။

မည်သို့ပင်ဖြစ်စေ ကိိုယ်ခံပညာ သိုင်းပေါင်းစုံ ပြိုင်ပွဲများတွင် အောင်မြင်မှုရရှိအောင် ဆက်လက်လေ့ကျင့်လိုသည်ဟု ရဲသွေးနီက ၎င်း၏ ရည်မှန်းချက်ကို ထုတ်ဖော်ခဲ့သည်။ တစ်ဘက်တွင် ရိုးရာ လက်ဝှေ့ကို ဆက်ကစားရင်း ကိိုယ်ခံပညာ သိုင်းပေါင်းစုံတွင်လည်း လေးစားလောက်သည့် အဆင့်တစ်ခု ရောက်ရှိအောင် ရည်မှန်းထားသည်ဟု ၎င်းက ဆိုသည်။ ယင်းသို့ ဖြစ်လာရန်အတွက်လည်း
 မိမိဘက်က ထိုက်တန်သည့် ကြိုးစားအားထုတ်မှုနှင့် ပေးဆပ်မှုများ ပြုလုပ်သွားမည်ဟု ပရိသတ်ကို ကတိပေး ခဲ့သည်။

“ကျွန်တော့်ကို အားပေးနေတဲ့ ပရိသတ်ကို သိပ်ကိုကျေးဇူးတင်ပါတယ်။ နောက်နောင်လည်း ဒီထက်မက အားပေးကြပါဦးလို့ တောင်းဆိုပါတယ်။ ကျွန်တော်လည်း ဒီထက်မက ကြိုးစားသွားပါမယ်။ ကိုအောင်လ လိုမျိုး မဖြစ်နိုင်ရင်တောင် နာမည်တစ်လုံး ကျန်ခဲ့အောင် ကစားပါမယ်။”ဟု ရဲသွေးနီက ရဲရဲဝံ့ဝံ့ ကတိပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required