ချောက်၊လမ်းရွာရေနံမြေတွင် ယခင်ထက် ရေနံစည်ပေါင်း ၇၀၀၀၀ ကျော် တိုးထုတ်လုပ်နိုင်ခဲ့

ချောက်၊လမ်းရွာရေနံမြေတွင် ယခင်ထက် ရေနံစည်ပေါင်း ၇၀၀၀၀ ကျော် တိုးထုတ်လုပ်နိုင်ခဲ့

မကွေး၊ ဒီဇင်ဘာ ၃၀ ။         ။ မကွေးတိုင်းဒေသကြီး ၊ ချောက်-လမ်းရွာရေနံမြေတွင် ယခု ၂၀၁၈ ခုနှစ်၌ ရေနံစည်ပေပါပေါင်း ၇၃၀၀၀ ကျော် ပိုပြီး တူးဖော်ထုတ်လုပ်နိုင်ခဲ့ကြောင်း အဆိုပါ ရေနံမြေမှ သိရသည်။

“ ဒီနှစ်မှာတော့ ချောက်-လမ်းရွာ ရေနံမြေ ချောက်ရေနံမြေမှာ တွင်းအသစ် ၈ တွင်းကို အောင်မြင်စွာ တူးဖော်နိုင်ခဲ့လို့ ရေနံအထွက်နှုန်း တိုးတက်လာပါတယ်၊ ၂၀၁၇ ခုနှစ်တွင် ရေနံစည်ပေါင်း ၃၈၇၀၀၀ ကျော် တူးဖော်ထုတ်လုပ်နိုင်ခဲ့ပြီး ယခု ၂၀၁၈ ခုနှစ်အတွင်းမှာတော့ စည်ပေါင်း (၄၅၀၀၀၀)ကျော် ထုတ်လုပ်နိုင်ခဲ့လို့ စည်ပေါင်း ၇၃၀၀၀ ကျော် တိုးတက်လာတယ်” ဟု ချောက်-လမ်းရွာ ရေနံမြေမန်နေဂျာဦးကိုကိုသက်က ပြောသည်။

အဆိုပါတူးဖော်ထုတ်လုပ်မှုကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် Gold Petrol Myanmar JOC INC တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ရေနံထွက်ရှိမှု မူလအထွက်နှုန်း၏ ၁၀၀ ရာခိုင်နှုန်းမှ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ၄၀ ရာခိုင်နှုန်း၊ ကျန် ၆၀ ရာခိုင်နှုန်းအား အကျိုးတူပူးပေါင်းဆောင်ရွက်လျက် ရှိသော Gold petrol ကုမ္ပဏီ နှင့် ထပ်မံခွဲရာ၌ မြန်မာရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း မှ ၅၅ ရာခိုင်နှုန်း ရရှိ၍ Gold petrol ကုမ္ပဏီ မှ ၄၅ ရာခိုင်နှုန်း ခံစားခွင့် ရှိသည်ဟု စာချုပ်၌ ရေးသားဖော်ပြထားသည်ဟု ၄င်းလုပ်ငန်း မှ သိရှိရသည်။

၁၉၉၆ ခုနှစ် ဧပြီလ ၃ ရက် နေ့တွင် Gold petrol JOC Inc ကုမ္ပဏီ နှင့် ချောက် - လမ်းရွာ ရေနံမြေတို့ အကျိုးတူပူးပေါင်းဆောင်ရွက်ရန် ပထမအကြိမ်စာချုပ်အား ချုပ်ဆိုပြီး ယင်းစာချုပ်သည် ၂၁ နှစ် သက်တမ်း ဖြစ်၍ ၂၀၁၇ ခုနှစ် ဧပြီလ ၃ ရက်နေ့၌ ပထမစာချုပ် သက်တမ်းကုန်ဆုံးခဲ့ပြီး နောက်ထပ် ၁၁ နှစ် သက်တမ်းရှိသည့် ဒုတိယစာချုပ်အား ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့တွင် ထပ်မံ ချုပ်ဆိုခဲ့သည်။

၄င်း ဒုတိယစာချုပ်သည် ၂၀၂၈ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့၌ စာချုပ်သက်တမ်း ကုန်ဆုံးမည်ဟု ယင်းရေနံမြေ အထွေထွေမန်နေဂျာရုံး ဘူမိဗေဒအရာရှိက ပြောသည်။

ချောက်ရေနံမြေ ကို ၁၉၀၁ ခုနှစ်မှ စတင်တူးဖော်ခဲ့ပြီး တွင်းပေါင်း ၁၄၉၉ တွင်း တူးဖော်ခဲ့ပြီး ၁၉၂၂ ခုနှစ်တွင် လမ်းရွာရေနံမြေအား ရေနံတူးဖော်ထုတ်လုပ်မှု စတင်ထုတ်လုပ်ရာမှ လက်ရှိအချိန်တွင် ချောက်ရေနံမြေမှာ ၉၂ တွင်း၊ လမ်းရွာရေနံမြေမှာ ၁၇ တွင်း သဘာဝဓာတ်ငွေ့တွင်း ၂ တွင်း ထုတ်လုပ်နေလျက်ရှိသည်။

ယနေ့အချိန်ထိ တစ်ရက်လျှင် ရေနံစည်ပေါင်း ၁၄၀၀ ခန့် နေ့စဉ် ထုတ်လုပ်လျက်ရှိနေပြီး သဘာဝဓာတ်ငွေ့ ၀.၀၄၅ ကုဗပေသန်း ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလ မှ ဒီဇင်ဘာလအတွင်း ရေနံတွင်းသစ် ၄ တွင်း ဆက်လက် ထပ်မံတူးဖော်နိုင်ရန် လျာထားလျှက် ရှိသည်ဟု သိရှိရပြီး ချောက်-လမ်းရွာရေနံမြေသည် မြန်မာနိုင်ငံ၏ ရေနံမြေများအနက် ဒုတိယ အများဆုံး ထုတ်လုပ်နိုင်သော ရေနံမြေဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly