" အာဃာတတရားတွေ မရှိဘူး” ဟု ဦးဖြိုးမင်းသိန်း ဖြေရှင်း

" အာဃာတတရားတွေ မရှိဘူး” ဟု ဦးဖြိုးမင်းသိန်း ဖြေရှင်း
ဓာတ်ပုံ -ဦးဖြိုးမင်းသိန်းပေ့ချ်

နေပြည်တော်(ဒီဇင်ဘာ ၃ဝရက်၊ ၂၀၁၈ခုနှစ်)။    ။ အမျိုးသားရင်ကြားစေ့ရေးအတွက် သဘောထားကြီးကြီးထားစွာဖြင့် မေတ္တာတရားထားနိုင်ရန် ကြိုးစားနေခြင်းကြောင့် အတိတ်က ဖိနှိပ်ခံခဲ့ရသည့် အခြေအနေများအပေါ် အာဃာတဖြင့် တုံ့ပြန်ရန် မလိုအပ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုလိုက်သည်။

ရန်ကုန်မြို့တွင် ယမန်နေ့က ပြုလုပ်သည့် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲတွင် စစ်ထောက်လှမ်းရေးအကြီးအကဲဟောင်း ဦးခင်ညွှန့်က ကန်တော့ခံ သက်ကြီးစာပေပညာရှင်အဖြစ် တက်ရောက်ခဲ့သည့် အဆိုပါအခမ်းအနားသို့ ကိုယ်တိုင် တက်ရောက်ကန်တော့သဖြင့် ဝေဖန်မှုများ မြင့်တက်နေသည့်အပေါ် ဝန်ကြီးချုပ်က ဦးဖြိုးမင်းသိန်းက ထိုသို့ တုံ့ပြန်ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ကျွန်တော်က အခုအချိန်မှာ ကျွန်တော်က ဝန်ကြီးချုပ်ပါ။ ဦးခင်ညွှန့်ဟာ သာမန်အရပ်သားတစ်ယောက်ပါ။ သူဟာ အကျဉ်းထောင်က လွတ်လာတဲ့လူတစ်ယောက်ပါ။ ဒါပေမယ့် ဒီအခြေအနေမှာ ကျွန်တော်တုုိ့က အတုံ႔အလှည့်တွေထားပြီး တုံ႔ပြန်နေဖို႔ မလိုအပ်ပါဘူး။ ကျွန်တော်တို့ရဲ့ စိတ်စေတနာ ၊ ကျွန်တော်တို့ရဲ့ အမျိဳးသားပြန်လည်သင့်မြတ်ရေးအတွက် အာဃာတတရားတွေ မရှိဘူးဆိုတာ ကျွန်တော်တို့ဘက်က ရင်ထဲမှာ မရှိဘူး ဆိုတာ ပြသနိုင်ဖို့လိုပါတယ်” ဟု  ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပြောသည်။

ဒီဇင်ဘာလ ၃၀ ရက်၊ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ပုဇွန်တောင်မြို့နယ်၊အောက်ပုဇွန်တောင်လမ်းမကြီး ၊ ပြည်တော်သစ်အိမ်ရာစီမံကိန်းဧရိယာတွင် ကျင်းပပြုလုပ်သော ပြည်တော်သစ်အိမ်ရာပြန်လည်ဖွ့ံဖြိုးရေးစီမံကိန်း မင်္ဂလာပိုင်တိုင်စိုက်ထူခြင်းမင်္ဂလာအခမ်းအနားအခမ်းအနားတစ်ခုတွင် ဦးဖြိုးမင်းသိန်းက မီဒီယာအချို့ကို ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် အနာဂတ် မျိုးဆက်များအတွက် ကောင်းမွန်သည့် ရလဒ်များ ပေးချင်ပါက အကောင်းဆုံး စံနမူနာဖြစ်အောင် ကြိုးစားရမည်ဟုလည်း ဦးဖြိုးမင်းသိန်းက ပြောဆိုခဲ့သည်။

“ငါတို့က လုပ်နိုင်တဲ့ အခြေအနေတစ်ရပ် ရောက်ပြီပဲ။ ငါတို့ကို တစ်ချိန်တုန်းက အမျိုးမျိုး ဒုက္ခပေးခဲ့တဲ့သူတွေ၊ ငါတို့ရဲ့ မိသားစုဘဝကို ဖျက်ဆီးခဲ့တဲ့ သူတွေပဲဆိုပြီး ဒါတွေအားလုံး သင်ပုန်းချေနိုင်ဖို့ ကျွန်တော်တို့ ကြိုးစားပါတယ်” ဟု ၎င်းက ဆိုသည်။

ဦးခင်ညွှန့် ထောင်ကျနေချိန်တွင် ထိုစဉ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြန်လွှတ်ပေးမှုကြောင့် ပုဒ်မ ၅ဖြင့် အကြိမ်ကြိမ် ထောင်ကျခဲ့သော ၎င်းအနေဖြင့် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်ဟုလည်း ဦးဖြိုးမင်းသိန်းက ရှင်းပြခဲ့သေးသည်။

ကန်တော့ပွဲသို့ ဝန်ကြီးချုပ် တက်ရောက် ကန်တော့သည့်အပေါ်လည်း နိုင်ငံရေးသမားများအကြား ဝေဖန်မှု မြင့်တက်လျက် ရှိသည်။

နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးလည်းဖြစ်၊ လက်ရှိ ပြည်သူ့လွှတ်တော်အမတ်လည်းဖြစ်သူ ဒေါ်ဇင်မာအောင်က “နိုင်ငံရေးမှာ အားနာလို့မရဘူး။ အမုန်းမဟုတ်၊ အာဃာတမဟုတ်။ ဒါနိုင်ငံရေး သိက္ခာပါ။ သူ့ကိုဒီလိုဆက်ဆံ လိုက်လို့လည်း အမျိုးသားရင် ကြားစေ့မသွားပါဘူး။ ကိုဖြိုး ကျောပေါ်က ဒဏ်ရာတွေ၊ မေးရိုး ပေါ်က လက်သီးချက်တွေ၊ ညို့ သကျည်းပေါ်က ဒလိမ့်တုံးဒဏ် ရာတွေ၊ ထောင်နံရံပေါ်က သက္ကရာဇ်တွေကို အားမနာချင် နေ၊ ပင်နီတိုက်ပုံနဲ့ ပါတီရင်ထိုးကို တော့ အားနာပါ’’ ဟု ၎င်း၏ ဖေ့စ်ဘွတ်တွင် ရေးသားထားသည်။

၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်ဟောင်း ဦးကိုမင်းကိုနိုင်ကလည်း “မည်သည့်အကြောင်းနှင့်မျှ လူသတ်ကောင်ကို ပုဂ္ဂိုလ်ကန်တော့ခံ ဖြစ်ကြောင်း မကြံကြလေနှင့်” ဟူ၍ စာရွက်တစ်ရွက်တွင် ရေးသားကာ ၎င်းကိုယ်တိုင် လက်မှတ်ရေးထိုးထားသည်။

ဦးဖြိုးမင်းသိန်း၏ ဇနီးဖြစ်သူ ဒေါ်ခင်မိမိကြွယ်၏ ဖေ့စ်ဘွတ်တွင်ပင် ‘‘ဒီနေ့စာပေသက်ကြီးပူဇော်ပွဲကို ကန့်ကွက်ပါ တယ်။ ဘဝတွေပျက်ခဲ့ရတယ်။ မိသားစုဘဝတွေ သူ့ကြောင့် ပျက်စီးခဲ့ရတယ်’’ ဟု ယမန်နေ့ ညနေပိုင်းက ရေးသားခဲ့သည်။

ထို့ပြင် စစ်ထောက်လှမ်းရေးဟောင်း အကြီးအကဲနှင့် ဗိုလ်ချုပ်ကြီးအဖြစ် တာဝန်ယူစဉ်က စာရေးဆရာများ အပါအဝင် နိုင်ငံရေးသမားများနှင့် ပြည်သူလူထုအပေါ် ဖိနှိပ်ခဲ့သူကို မြန်မာနိုင်ငံစာရေးဆရာအသင်းက ကန်တော့ခံ သက်ကြီးစာပေပညာရှင်အဖြစ် သတ်မှတ်သည့်အပေါ် စာရေးဆရာ အများစုကလည်း ကန့်ကွက်ရှုတ်ချကြသည်။

“ဒါဟာ စာရေးဆရာတွေ အားလုံးကို စော်ကားတာပါပဲ။ ဆရာမောင်သော်က အပါအဝင် စာရေးဆရာကြီးပေါင်းများစွာဟာ ခင်ညွှန့်တို့အဖွဲ့ လက်ချက်နဲ့ ထောင်ထဲမှာ သေခဲ့ရတာပါ။ ခင်ညွှန့်က စာရေးဆရာလည်း မဟုတ်ဘူး။ ဒီပွဲကို စီစဉ်တဲ့ မြန်မာနိုင်ငံစာရေးဆရာအသင်းကို ပြင်းထန်စွာ ရှုတ်ချပါတယ်။ ဥက္ကဋ္ဌ မနုဿကျော်ဝင်းနဲ့ တာဝန်ရှိသူအားလုံး တိုင်းပြည်ကို တောင်းပန်ပါ” ဟု စာရေးဆရာ သရဝဏ်(ပြည်)က ၎င်းက ဖေ့စ်ဘွတ်တွင် ရေးသားထားသည်။

စာရေးဆရာ မောင်စိန်ဝင်း(ပုတီးကုန်း)ကလည်း မြန်မာနိုင်ငံစာရေးဆရာအသင်း၏ ဗဟိုအလုပ်အမှုဆောင်အဖြစ်မှ ၎င်း၏ သဘောဆန္ဒအလျောက် နုတ်ထွက်ကြောင်း သူ၏ ဖေ့စ်ဘွတ်တွင် ဒီဇင်ဘာ ၂၉ ရက်က ရေးသားထားသည်။

ဒီဇင်ဘာ ၂၉ရက်က ရန်ကုန်မြို့တော်ခန်းမတွင် ပြုလုပ်သည့် အဆိုပါ ကန်တော့ပွဲအခမ်းအနားသို့ တက်ရောက်လာသည့် စာရေးဆရာအချို့က လည်း ကန်တော့ခံစာရေးဆရာများ ထိုင်ခုံရှေ့ဆုံးတန်းတွင် ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့်ကို မြင်တွေ့ရသဖြင့် အခမ်းအနားမတက်ဘဲ ထပြန်ခဲ့ကြသည်။

ကဗျာဆရာကြီး ကိုလေး(အင်းဝဂုဏ်ရည်)ကလည်း “စာရေးဆရာအသင်းက (ဒီနှစ်) ကန်တော့တဲ့ ပစ္စည်း လာမပို့နဲ့။ မယူဘူး” ဟု ၎င်း၏ ဖေ့စ်ဘွတ်တွင် ကန့်ကွက်ကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံစာရေးဆရာအသင်း ဥက္ကဋ္ဌဖြစ်သူ မနုဿကျော်ဝင်းကမူ သက်ကြီးစာပေပညာရှင်များစာရင်းတွင် ဦးခင်ညွှန့် ပါဝင်ရခြင်းမှာ သတ်မှတ်ချက်များနှင့် ပြည့်စုံ၍ ရွေးချယ်ခြင်းဖြစ်သည်ဟု ပြန်လည် ဖြေရှင်းသည်။

“ဆင်းရဲ၊ ချမ်းသာ မရွေးဘူး။ နိုင်ငံရေး အရောင်အသွေး ဘာမှ မရွေးဘူး။ သူ့သတ်မှတ်ချက်နဲ့ ပြည့်နေရင် တခြား ကန်တော့ခံတွေလိုပဲ ကန်တော့ခံရတာပဲ” ဟု စာရေးဆရာ မနုဿကျော်ဝင်းက ပြောသည်။

ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန့်သည် မှော်ဝန်းသား ဦးခင်ညွှန့် ကလောင်အမည်ဖြင့် ကြုံတွေ့ခဲ့ရ ဘဝအထွေထွေ (၁)၊ (၂)၊ ကျွန်တော်ရယ် ထောက်လှမ်းရေးရယ် နဝတနှင့် နအဖရယ် အပါအဝင် လုံးချင်းစာအုပ် ကိုးအုပ် ရေးသားထုတ်ဝေထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required