လဟယ်မြို့ မီးဘေးသင့်အိမ်ထောင်စုများကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ သွားရောက်လှူဒါန်း

လဟယ်မြို့ မီးဘေးသင့်အိမ်ထောင်စုများကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ သွားရောက်လှူဒါန်း
(ဓာတ်ပုံ၊အောင်ဆန်းမြင့်)

မန္တလေး၊ ဒီဇင်ဘာ ၃၀ ။         ။ စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်၊ ကပ္ပလံ ဒေဝေါကျေးရွာရှိ မီးဘေးသင့်အိမ်ထောင်စုများကို ဒီဇင်ဘာလ ၃၀ ရက်၊နံနက်ပိုင်းက ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ သွားရောက် လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြောင်း လဟယ်မြို့နယ်၊တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကယ်က ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၈ ရက်နေ့က ကပ္ပလယ် ဒေဝေါကျေးရွာတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ် ၁၅ လုံး မီးလောင် ဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု ၁၅ စု၊လူဦးရေ ၁၁၄ ဦးတို့ အိုးမဲ့အိမ်မဲ့ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ဖြစ်ပွားရာသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကယ်နှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမောင်တေးတို့က ဦးဆောင်၍ သွားရောက် ထောက်ပ့ံလှူဒါန်းပေးခဲ့ခြင်း ဖြစ်သည်။

အိမ်ထောင်စုအားလုံးကို အနွေးထည်များ ၊စောင်များ ၊ အိုးခွက်ပန်းကန်များ ၊ တောင်ယာလုပ်ငန်းတွင် အသုံးပြု ရန်ဓားများ စသည်တို့ ထောက်ပံ့လှူဒါန်းခဲ့ကြောင်းသိရသည်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအနေဖြင့် ပြီးခဲ့သည့် အောက်တိုဘာလကလည်း အဆိုပါဒေသရှိ ရောဂါ ဖြစ်ပွားခဲ့သည့်ကျေးရွာများကို သွားရောက် ထောက်ပ့ံလှူဒါန်းမှုများလည်း ပြုလုပ်ထားကြောင်းသိရသည်။

နာဂဒေသသည် ကျန်းမာရေး လိုအပ်ချက်နှင့် ပညာရေးလိုအပ်ချက်များ  နှစ်စဉ် မြင့်တက်လျှက် ရှိနေပြီး ဒေသခံများက လာမည့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလထဲ လေရှီုးမြို့တွင် ကျင်းပပြုလုပ်မည့် နာဂရိုးရာပွဲအတွက် ပြင်ဆင် နေကြကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required