မုံရွာ KTV တွင် မူးယစ်သတင်းအရ ဝင်ဖမ်းဆီးရာ ဖမ်းမိရသူမှာ ရဲတပ်သားတစ်ဦး ဖြစ်နေ

မုံရွာ KTV တွင် မူးယစ်သတင်းအရ ဝင်ဖမ်းဆီးရာ ဖမ်းမိရသူမှာ ရဲတပ်သားတစ်ဦး ဖြစ်နေ

စစ်ကိုင်း၊ ဒီဇင်ဘာ ၃၀ ။            ။ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ဒီဇင်ဘာလ၂၉ ရက်နေ့၌ စက်မှုဇုန်ရှိ ကေတီဗီဆိုင်တစ်ဆိုင်တွင် မူးယစ်ဆေးဝါးအရောင်းအဝယ် ပြုလုပ်ရန် ရောက်ရှိနေသည့် စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ရေး(၃)ဌာနစိတ်မှ ရဲတပ်သားတစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

မူးယစ်တပ်ဖွဲ့(၈)တပ်ဖွဲ့ဝင်များ၊မုံရွာနယ်မြေရဲစခန်းတပ်ဖွဲ့ဝင်များ၊အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့မှာ စက်မှုဇုန်ရပ်ကွက်၊ နယ်မြေ(၅)၊(၃၉) လမ်းရှိ၊ 81 ကေတီဗီ ဆိုင်ခန်းအမှတ် (U-4)အခန်း၌ ချိန်းဆိုရောက်ရှိနေသော မူးယစ်ဆေးဝါးသတင်းရရှိသူ ပြည့်စုံအောင်ဆိုသူအား မူးယစ်ဆေးဝါးနေအိမ်အား ဝင်ရောက်ရှာဖွေဖမ်းဆီးခွင့်ဝရမ်းဖြင့် ဝင်ရောက်စစ်ဆေးရှာဖွေခဲ့သည်။

အခန်းအတွင်းဝင်ရောက်ရှာဖွေခဲ့ရာ ပြည့်စုံအောင်ကျောတွင်လွယ်ထားသည့် အနက်ရောင်ကျောပိုးအိတ်အတွင်းမှ မှိုင်းခံစက္ကူဖြင့် ပတ်လိပ်ထားသော ဆပ်ပြာခွက်ဖြင့် ထည့်လျက် ဘိန်းဖြူအလေးချိန် (၁၁) ဂရမ်ခန့်စီပါ ဆပ်ပြာခွက်(၅)ခွက်၊ စုစုပေါင်း(၅၅)ဂရမ်၊ ကာလတန်ဖိုး (၅၅)သိန်းကျပ်၊ အဝါရောင်တိတ်ဖြင့် ပတ်လိပ်ထားပြီး မှိုင်းခံစက္ကူဖြင့် ထပ်မံလိပ်ထားသော အပြာရောင်ကပ်ခွာအိတ်အတွင်းထည့်လျက် WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား (၁၉၅)ပြားစီပါ၊ (၁၀)ထုပ် စည်း (၃)ထုပ်၊စုစုပေါင်း ၅၈၅၀ ပြား၊ စုစုပေါင်းအလေးချိန် ၅၈၅ ဂရမ်၊ စုစုပေါင်းတန်ဖိုး နှစ်ဆယ့်ကိုးသိန်းကျော်ဖိုးနှင့် Oppo အမျိုးအစား ဖုန်းတစ်လုံး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ပြည့်စုံအောင်ဆိုသူအား စစ်ဆေးခဲ့ရာ တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်သားတစ်ဦးဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပြီး ပည်စုံအောင်ဆိုသူအားမုံရွာမြို့နယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly