ကချင်အမျိုးသားများဒီမိုကကရေစီကွန်ဂရက်ပါတီ၏ မူဝါဒ သဘောထား

ကချင်အမျိုးသားများဒီမိုကကရေစီကွန်ဂရက်ပါတီ၏ မူဝါဒ သဘောထား

နေပြည်တော် စက်တင်ဘာ ၂၇ ။        ။ ကချင်အမျိုးသားများ ဒီမိုကရေစီပါတီ ဗဟိုအလုပ်မှုဆောင်ကော်မတီအဖွဲ့ဝင်နှင့် ဗဟိုအမျိုးသမီးတာဝန်ခံ ဒေါ်MD ခေါညွယ်က  ၎င်းတို့ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်စဉ်စသည်တို့ကို စက်တင်ဘာ ၂၇ ရက်နေ့ ညပိုင်းက ရေဒီယိုနှင့်ရုပ်မြင်သံကြားအစီစဉ်များမှ ဟောပြော တင်ပြခဲ့ပါသည်။အဆိုပါဟောပြောတင်ပြချက် အပြည့်စုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

ချစ်ခင်လေးစားအပ်ပါသော ကချင်ပြည်နယ်သူ/သားအပေါင်းနှင့် မြန်မာနိုင်ငံသူ/သားအပေါင်းတို့ရှင့် -

မင်္ဂလာအပေါင်း ခညောင်းပါစေကြောင်း ဦးစွာနှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်မကတော့ ကချင်အမျိုးသားများ ဒီမိုကရေစီကွန်ဂရက်(KNCD) ပါတီမှ ဗဟိုအလုပ်မှုဆောင်ကော်မတီအဖွဲ့ဝင်နှင့် ဗဟိုအမျိုးသမီတာဝန်ခံ ဒေါ် MD ခေါညွယ်ဖြစ်ပါတယ်။

ကျွန်မတို့ ကချင်အမျိုးသားများ ဒီမိုကရေစီကွန်ဂရက်(KNCD)  ပါတီ၏အမှတ်တံဆိပ်၊ အလံ (Logo) ကို ရှေးဦးစွာ မိတ်ဆက်ပေးချင်ပါတယ်။

ကျွန်မတို့၏ အလံမှာ ၁၉၄၉ ခုနှစ်မှ လက်ဆင့်ကမ်း အသုံးပြုလာသောပါတီ၏ မူပိုင်အလံဖြစ်ပါသည်။ အောက်ခံအရောင် အစိမ်းရောင်သည် စိမ်းလန်းစိုပြည်ခြင်း၊ အေးမြခြင်း၊ သာယာဝပြောခြင်းနှင့် ယဉ်ကျေးသိမ်မွေ့ခြင်းကို ဖော်ဆောင်ပြီး အနီရောင်သည် ရဲရင့်ခြင်း၊ ပြတ်သားခြင်းကိုဖော်ဆောင်ပါသည်။ အဖြူရောင်သည် ဖြူစင်သန့်ရှင်းခြင်း၊ ရိုးသားဖြောင့်မတ်ခြင်း၊ ပွင့်လင်းမှုရှိခြင်းကို ဖော်ဆောင်ပါ သည်။

ဓားနှစ်လက်သည် ရှေးပဝေသဏီအချိန်မှစ၍ ဘိုးဘေးဘီဘင်များသည် မိမိတို့နယ်မြေအား ဓားလက်နက်ဖြင့် ကာကွယ်စောင့်ရှောက်ခြင်း၊ မိမိ၏ရန်သူအားခုခံကာကွယ် တိုက်ခိုက်ခြင်းနှင့် တောတောင် ခုတ်ထွင်ရှင်းလင်း အသက်မွေး ဝမ်းကျောင်းပြုလာခြင်းနှင့် ရိုးရာဓလေ့အစဉ်လာ၌ အသုံးပြုခြင်း ကို ဖော်ဆောင်ထားပါသည်။

ဓားနှစ်လက်အမြောက်၏ လက္ခဏာမှာ စည်းလုံးညီညွတ်ခြင်း၊ ခိုင်မြဲစေခြင်း၊ ကျားကန်ဖေးမကူညီခြင်းနှင့် တိုးတက်ကြီးပွားခြင်း အဓိပ္ပာယ်ကိုဆောင်ပါသည်။ ကြယ်ဖြူတစ်လုံးမှာ မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိရန်နှင့် ပြည်ထောင်စုကြီးပေါ်ပေါက်လာရန်အတွက် ပင်လုံ၌ ကချင်တိုင်းရင်းသားလူမျိုးတစ်မျိုးကိုယ်စားအဖြစ်ပါဝင်ပြီး လက်မှတ်ရေးထိုးထားပါကြောင်း ရည်ညွှန်းဖော်ပြထားတာဖြစ်ပါတယ်။

ကျွန်တော်/ကျွန်မတို့ ကချင်အမျိုးသားများ ဒီမိုကရေစီကွန်ဂရက်(Kachin National Congress For Democracy- KNCD) ရဲ့ နောက်ခံ သမိုင်းကြောင်း အနည်းငယ်ကို တင်ပြသွားချင်ပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးအကြိုခေတ် အမျိုးသားနိုင်ငံရေးအမြော်မြင်ရှိသော လူငယ်ခေါင်းဆောင်များဖြစ်ကြသည့် ဒူဝါဇော်လွန်၊ ဒူဝါဝဘော်ဇော်ရစ်၊ ဒူဝါဇန်ထဆင်၊ ဒူဝါဦးကြီးထိန်နန်၊ ဒူဝါရှောင်ဂျုံး၊ ဒူဝါလဘန်ဂရောင်၊ ဆရာဂွန်ဂမ်၊ ဦးလှကြိုင်၊ ဦးထွန်းတင်နှင့် ဒူဝါဒိန်ရတန်တို့မှ ၁၉၄၉ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့တွင်  Kachin National Congress (KNC) ပါတီအဖြစ် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်။

KNC ပါတီသည် ပင်လုံကတိကဝတ်ကိုအခြေခံသော ဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်လာရေး၊ အမျိုးသားတန်းတူရေး၊ တောင်ပေါ်မြေပြန့်မခွဲခြားဘဲ အတူတိုးတက်ရေးဆိုတဲ့မူကို လက်ကိုင်ထားသော ပါတီဖြစ်သည့်အတွက် မြန်မာ့ပါလီမန် ဒီမို ကရေစီခေတ် ရွေးကောက်ပွဲများဖြစ်သော ၁၉၅၂ ခုနှစ် ပါလီမန်ရွေးကောက်ပွဲတွင် ပထမအကြိမ်အနိုင်ရကာ ဒူဝါဇော်လွန် ဦးဆောင်သော ပထမဆုံး ကချင်ပြည်နယ် အစိုးရအဖွဲ့ကို ဖွဲ့စည်းအုပ်ချုပ်ခဲ့ပြီး ၁၉၅၇ ခုနှစ် ပါလီမန်ရွေးကောက်ပွဲတွင်လည်း ထပ်မံအနိုင်ရကာ ဒူဝါဆန်ထဆင် ဦးဆောင် သော ကချင်ပြည်နယ်အစိုးရတို့မှ ဦးဆောင်အုပ်ချုပ်နိုင်ခဲ့ သည်။

ထိုခေတ်မိမိတို့ပါတီမှ ဦးဆောင်အုပ်ချုပ်ခဲ့သော ပါလီမန်ဒီမိုကရေစီခေတ်အစိုးရ လက်ထက်၌ ကချင်ပြည်နယ်နှင့် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် အဖွံ့ဖြိုးဆုံးနှင့် အတိုးတက်ဆုံးဖြစ်ခဲ့သည်မှာ သမိုင်းသက်သေပင်ဖြစ်သည်။

၁၉၉၀ ရွေးကောက်ပွဲတွင် ပြည်သူလူထုမှ ဒီမိုကရေစီတောင်းဆိုလာမှုကြောင့် လူထုအသံနှင့်ဆန္ဒအမှန်ကို လိုက်၍ (KNC နောက်တွင် Democracy  ဟူသော စာလုံးကိုဖြည့်စွက်ပြီး  Kachin National Congress For Democracy(KNCD)ပါတီအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ကချင်ပြည်နယ်၌ ဒုတိယအများဆုံးအနိုင်ရပါတီလည်း ဖြစ်ခဲ့ပါတယ်။

၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားပါတီများဖြင့် ဖွဲ့စည်းထားသောစည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့(UNA)အဖွဲ့ဝင်ပါတီဖြစ်ပြီး လက်ရှိ (UNA) သဘာပတိအဖြစ် ရပ်တည်နေသောပါတီလည်းဖြစ်ပါတယ်။

ကချင်ပြည်နယ်အမျိုးသားများ ဒီမိုကရေစီကွန်ဂရက်(KNCD)ပါတီသည် ကချင်ပြည်နယ်နှင့် ကချင်ပြည်နယ်လူထုကိုဗဟိုပြုပြီး လူထုကို မျက်နှာမူသော ပါတီဖြစ်သည့်အတွက် လူထု၏ ဝန်းရံပံ့ပိုးမှုများကို လည်းရရှိနေသောပါတီလည်း ဖြစ်ပါတယ်။

ထို့အတွက် ကချင်အမျိုးသားများနှင့် ကချင်ပြည်နယ်သူ/သားပြည်သူလူထုကိုလည်း မိမိတို့ (KNCD) ပါတီမှအထူးပင် ကျေးဇူးတင်မိပါကြောင်း ပြောကြားလိုပါတယ်။ ပြည်တွင်း၊ပြည်ပထောက်ခံမှု၊ NGO၊ INGO တို့နှင့် သံခင်းတမန်ခင်း နိုင်ငံတကာအဖွဲ့အစည်းများမှ ထောက်ခံမှုရရှိနေသည့်အတွက် ကချင်ပြည်နယ်ကိုယ်စား(သို့)ပါတီကိုယ်စားအဖြစ် ရန်ကုန်နိုင်ငံရေးလောကတွင် ဌာနေကိုယ်စားလှယ် ထားရှိပြီး ပြည်တွင်း ပြည်ပဆက်ဆံမှုပြုနေသော ပါတီဖြစ်ပါသည်။ ကချင်အမျိုးသားများ ဒီမိုကရေစီကွန်ဂရက် (KNCD) ပါတီသည် ဝါရင့်နိုင်ငံရေး သမားများမှဦးဆောင်ပြီး ပြန်တမ်းဝင်အရာရှိများ၊ အငြိမ်းစားဝန်ထမ်းကောင်းများမှ ပါဝင်စီမံခန့်ခွဲပြီး ပညာတတ်လူငယ်များအားခြံရံကာ လူမျိုးမရွေး၊ ဘာသာမရွေး၊ ဆင်းရဲချမ်းသာမခွဲခြားဘဲ ပြည်သူတစ်ရပ်လုံးမှ အားပေး ဝိုင်းရံထားသဖြင့် ပါတီဝင်များ အားလုံးအတွက် ပါတီအာမခံချက်ရှိပါသည်။

၂၀၁၃ ခုနှစ်တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်အမှတ်(၆၈)ဖြင့် တရားဝင်ပြန်လည်မှတ်ပုံတင်ခဲ့ကာ လက်ရှိမြန်မာ့နိုင်ငံရေး အခင်းအကျင်းနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်လျက်ရှိပြီး ၂၀၁၅ ခုနှစ် နိုဝင်ဘာလ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် ကချင်ပြည်နယ်ရှိ မြို့နယ်(၁၃)မြို့နယ်၌ ရွေးကောက်ခံယှဉ်ပြိုင်မည့်ကိုယ်စားလှယ်လောင်းပေါင်း ၃၇ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ၂၀၁၅ ရွေးကောက်ပွဲကြီးသည် လွတ်လပ်ပြီး စစ်မှန်၍တရားမျှတသော ရွေးကောက်ပွဲဖြစ်လာစေရန် အထူးပဲမျှော်လင့်ပါတယ်။

ပါတီ၏ပန်းတိုင်မှာ

ဖက်ဒရယ်ပြည်ထောင်စု မြန်မာနိုင်ငံဖြစ်ပေါ်လာရေးသည် ရည်မှန်းချက် ပန်းတိုင်ဖြစ်သည်။

ရည်ရွယ်ချက်

(၁) စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု စံစနစ်တစ်ရပ် တည်ထောင်နိုင်ရန်။

(၂) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြုပြင်ပြောင်းလဲရန်။

(၃) ခိုင်မာပြီး တရားမျှတသော ပြည်တွင်းငြိမ်းချမ်းရေး ရရှိလာစေရန်။

(၄) ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများအား ခိုင်မာအားကောင်းလာအောင် ဖော်ဆောင်သွားရန်။

(၅) ပြည်နယ်သူ/သားအားလုံးသည် ခေတ်ကာလနှင့် လျော်ညီသော၊သာယာဝပြောသော လူနေမှုစနစ်ဝန်းကျင်တစ်ရပ်ဖြစ်ပေါ်လာစေရန်နှင့် ဆင်းရဲမွဲတေမှုအား လျှော့ချသွားနိုင်စေရန်။

(၆) မိမိတို့၏ ကိုယ်ပိုင်ရိုးရာယဉ်ကျေးမှုနှင့် စာပေ၊ ဓလေ့ထုံးတမ်းအစဉ်လာနှင့် ဘာသာစကားအား အမျိုးဂုဏ်အမွေအနှစ်အဖြစ် လေးစားတန်ဖိုးထား ကာကွယ်စောင့်ရှောက်တတ်လာစေရန်။

(၇) နိုင်ငံရေးလှုပ်ရှားမှုအခန်းကဏ္ဍတိုင်းတွင် အမျိုးသမီးအရင်းအမြစ်များစွာ ပါဝင်လာနိုင်သော လူ့ဘောင်သစ်ဝန်းကျင်တစ်ရပ်ပေါ်ပေါက်လာစေရန်။

(၈) လူငယ်၊ လူရွယ်များ၏ စွမ်းရည်အရင်းအမြစ်များအား စနစ်တကျမြှင့်တင်ပေးနိုင်ရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ်အား အမျိုးသား ရေး တာဝန်တစ်ရပ်အဖြစ် တိုက်ဖျက်သွားရန်။

(၉) တပ်မတော်ကာကွယ်ရေးနှင့် ဌာနဆိုင်ရာအသီးသီး၌ အဆင့်မြင့် အကြီးအကဲရာထူးများတွင် တိုင်းရင်းသားများအား တန်းတူအခွင့်အရေးတစ်ရပ်အဖြစ် မျှတစွာတာဝန်ပေးခန့်အပ်သွားနိုင်ရန်။

(၁၀) စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်သူအားလုံးသည် မိမိလုပ်ကိုင်နေသောမြေပေါ်၌ လုံခြုံစိတ်ချစွာနှင့် လွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်သွားနိုင်စေရန်။

ပါတီ၏ဒ အခြေခံမူဝါဒလမ်းစဉ်များမှာ

(၁) ပင်လုံ ကတိကဝတ်နှင့်ပင်လုံ စာချုပ်အပေါ်အခြေခံသည်။

(၂) ကချင်တိုင်းရင်းသားနှင့်ကချင်ပြည်နယ်သူ/သားပြည်သူလူထုအား အခြေခံသည်။

(၃) ကိုယ့်ကြမူ္မာ ကိုယ်တိုင်ဖန်တီးပြီး ကိုယ်ပိုင်ပြဋ္ဌာန်း စီမံ အုပ်ချုပ်ခွင့်ရှိသော ဖက်ဒရယ်စနစ်ကို အခြေခံသည်။

(၄) ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများကို အခြေခံသည်။

(၅) လူမျိုးမရွေး၊ ဘာသာမရွေး ဆင်းရဲချမ်းသာမခွဲခြားဘဲ တန်းတူညီမျှမှုနှင့်အတူတကွ သာယာဝပြောစွာနေထိုင်နိုင်ရေးကို အခြေခံသည်။

(၆) အနာဂတ်နိုင်ငံရေးနှင့် အုပ်ချုပ်မှုအခန်းကဏ္ဍတိုင်းတွင် တိုင်းရင်းသားအားလုံး တန်းတူပါဝင်နိုင်မှုအပေါ်အခြေခံသည်။

ရှေ့လုပ်ငန်းစဉ်များ

(၁) အခြေခံလူထု၏ လက်ရှိ အဓိကလိုအပ်ချက်ဖြစ်သော စားဝတ်နေရေးကို လူမှုအဖွဲ့အစည်းများ၊ NGO ၊ INGO များနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်းကာ အမြန်ဆုံးစနစ်တကျပြန်လည်ဖြေရှင်းသွားပါမည်။

(၂) မြို့ပြ/ကျေးလက်မကျန် လမ်းပန်းဆက်သွယ်ရေး ပိုမိုအဆင်ပြေချောမွေ့စေရန် အစွမ်းကုန်ကြိုးစားလုပ်ဆောင်ပေးသွားပါမည်။

(၃) လူတန်းစားအားလုံး လူ့သက်တမ်းစေ့နေထိုင်နိုင်ရေးအတွက်ခေတ်မီစနစ်ကျသော ကျန်းမာရေးစောင့်ရှောက်မှုအား အထူးအရေးပေး လုပ်ဆောင်သွားပါမည်။

(၄) တိုင်းရင်းသားများသည် မိမိ မိခင်ဘာသာစကားဖြင့် ပညာသင်ကြားနိုင်ပြီး နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သော ခေတ်မီ ပညာရေးစနစ်ဖော်ဆောင်နိုင်ရန် အစွမ်းကုန်ကြိုးစားသွားပါမည်။

(၅) ဒေသတွင်း ထွက်ကုန်များကို စနစ်တကျ လွတ်လပ်စွာရောင်းဝယ်ဖောက်ကားနိုင်သော ဒေသတွင်းစီးပွားရေးဈေးကွက်ကို အထူးအရေးပေးဖော်ဆောင်သွားပါမည်။

(၆) ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပြည်သူများ၏ ဆန္ဒနှင့်အညီပြည်သူ့ကိုယ်စား အားတက်သရောပါဝင်ဆောင်ရွက်သွားပါမည်။

(၇) စစ်ဘေးရှောင်ပြည်သူများသည် မိမိတို့နေရပ်များသို့ ပြန်လည်အခြေချနေထိုင်သည့်အခါ ဘဝလုံခြုံမှုရှိစေရန်၊ ထိုက်သင့်လျောက်ပတ်သော အကူအညီများကို အပြည့်အဝရရှိစေရန်နှင့် မိသားစုလူနေ မှုဘဝများ ပြန်လည်မြင့်တက်လာအောင် အထူးအရေးပေးဆောင်ရွက်သွားပါမည်။

(၈) ဒေသတွင်းထွက်သယံဇာတများ တူးဖော်ထုတ်လုပ်မှုများကို စနစ်တကျစီမံကြီးကြပ်၍ ဒေသတွင်းပြည်သူများ အကျိုးခံစားခွင့်များရှိလာအောင် ကြိုးစားဆောင်ရွက်သွားပါမည်။

(၉) အရွယ်မရောက်သေးသော ကလေးငယ်များအား ကလေးအခွင့်အရေး အပြည့်အဝရရှိစေရန် ကြီးကြပ်ဆောင်ရွက်သွားပါမည်။

နိဂုံးချုပ်အနေဖြင့် ပြည်ထောင်စုကြီးအဓွန့်ရှည်စေရန်အလို့ငှာ တိုင်းရင်းသားများအားလုံးသည် ပင်လုံကတိကဝတ်ကိုအခြေခံသည့် စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုမြန်မာနိုင်ငံတော် ကြီးဖြစ်ပေါ်လာရေး ကို ဦးတည်ပြီး ''ဖက်ဒရယ်ပြည်ထောင်စုစစ်စစ်ကို ထူထောင်ဖို့... (KNCD) ကိုမဲပေးစို့'' ဟူသော (KNCD) ၏ ရွေးကောက်ပွဲဆောင်ပုဒ်နှင့်အညီ ကချင်ပြည်နယ်သူ/သားအားလုံးမှ မဲထည့်ပါဝင်သွာကြပါစို့ ဖိတ်ခေါ်နှိုးဆော်ရင်းနိဂုံးချုပ်အပ်ပါတယ်။ မြန်မာနိုင်ငံသူ/သား၊ ကချင်ပြည်နယ်သူ/သားအပေါင်း ဘေးဘယာဝေးကွာပြီး ကျန်းမာချမ်းသာကြပါစေ။

ကချင်အမျိုးသားများဒီမိုကရေစီကွန်ဂရက်ပါတီ

 ၁။  ပါတီအမည်  -  ကချင်အမျိုးသားများဒီမိုကရေစီကွန်ဂရက်ပါတီ
 ၂။  ပါတီအမည်(English)  -  The Kachin National Congress for Democracy
 ၃။  ပါတီတည်ထောင် ခွင့်လျှောက်ထားသည့်နေ့  -  ၈.၈.၂၀၁၃
 ၄။  လာရောက်လျှောက်ထားစဉ်ပါတီအင်အား  -  ၁၉ ဦး
 ၅။

လာရောက်လျှောက်ထားစဉ်ခေါင်းဆောင်နှင့်

ဒုတိယခေါင်းဆောင်

 -  ဦးစီစီနော်ဂျာ၊ ဦးအောင်လ
 ၆။  ပါတီတည်ထောင်ခွင့်ပြု့သည့်နေ့  -  ၂၂.၁၀.၂၀၁၃
 ၇။  ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားသည့်နေ့  -  ၁၁.၁၁.၂၀၁၃
 ၈။  ပါတီမှတ်ပုံတင်ခွင့်ပြုသသည့်နေ့  -  ၁၁.၁၂.၂၀၁၃
 ၉။  ခွင့်ပြုသည့်ပါတီအမှတ်စဉ်  -  အမှတ်စဉ်(၆၈)
 ၁၀။  ခွင့်ပြု့သည့်ပါတိအလံ  -  
 ၁၁။  ခွင့်ပြု့သည့် ပါတီတံဆိပ်  -  
 ၁၂။  ပါတီ ဥက္ကဋ္ဌ နှင့်ဗဟိုအလုပ်အမှုဆောင်စာရင်း  -  
 ၁၃။  ပါတီနယ်မြေ  -  ကချင်ပြည်နယ်အတွင်း
 ၁၄။  ပါတီ ရုံးချုပ်တည်နေရာ  -  အမှတ်(၆၅)၊ ဒူကထောင်ရပ်ကွက်၊ မြစ်ကြီးနားမြို့နယ်၊ ကချင်ပြည်နယ်
 ၁၅။  ဆက်သွယ်ရန် ဖုန်း နှင့် ဖက်စ်  -  ၀၉-၄၀၀၀၂၆၂၀၈
 ၁၆။  ပါတီ၏ မူဝါဒလမ်းစဉ်များ  -  PDFDownload

 

 

မဇ္ဈိမရဲ့ SMS သတင်းတွေကို အခုပဲ ရယူလိုက်ကြရအောင်

Posted by Mizzima - News in Burmese on Sunday, September 6, 2015

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly