ဝါးခယ်မ၊ ရွှေလောင်းတိုက်နယ်တွင် ရွှေခရု ဖျက်ဆီး၍ စပါးစိုက်ဧက တစ်သောင်းကျော် ပျက်စီး

By ကိုသက် (CJ)
29 December 2018
ဝါးခယ်မ၊ ရွှေလောင်းတိုက်နယ်တွင် ရွှေခရု ဖျက်ဆီး၍ စပါးစိုက်ဧက တစ်သောင်းကျော် ပျက်စီး

ရွှေလောင်း၊ ဒီဇင်ဘာ ၂၉ ။         ။ ဧရာဝတီတိုင်းဒေသကြီး၊ ၀ါးခယ်မမြို့နယ်၊ ရွှေလောင်းတိုက်နယ်တွင် စပါးဖျက်ခရုမျိုးဖြစ်သည့် ဒေသအခေါ် ရွှေခရု မျိုးစိတ်တစ်မျိုး ဝင်ရောက်ဖျက်စီးခံနေရကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

အဓိက ဖျက်ဆီးခံနေရသည့် ကွင်းအမှတ် ၁၀၅၃၊ ၁၀၅၄၊ ၁၀၅၅ တို့ ဖြစ်ပြီး စိုက်ဧက ၁ သောင်းကျော် ဖျက်ဆီးခံနေရကြောင်း ဒေသခံ ရာအိမ်မှူး ဦးဆန္ဒက ပြောသည်။

အဆိုပါ ရွှေလောင်းတိုက်နယ်အတွင်း ရွှေခရုဖျက်ဆီးခံနေရမှုသည် ယခုနှစ် အပါအဝင် သုံးနှစ်ခန် ့ရှိနေပြီ ဖြစ်သည်ဟု သိရသည်။

အစပိုင်းတွင် ရွှေခရုဖျက်ဆီးမှုသည် ဧက ရာဂဏန်းခန့်သာ ဖျက်ဆီးခဲ့ရသောကြောင့် ထိရောက်သည့် နှိမ်နင်းမှု များနှင့် နည်းပညာ အကူအညီများ မရှိခဲ့ခြင်း၊မကြုံတွေ့ဖူးသည့် စိန်ခေါ်မှုအသစ် ဖြစ်နေခြင်းတို့ကြောင့် မည်သို့ ရင်ဆိုင်ဖြေရှင်းရမည်ကို တောင်သူများအနေဖြင့် လက်လှမ်းမမှီဖြစ်နေကြောင်း သိရသည်။

'' ဒီရွှေခရုမျိုးစိတ်ကို ဘယ်လိုအထိရောက်ဆုံး နှိမ်နင်းရမလဲ၊ ဒေသကို ဝင်ရောက်နေတာက ဘယ်လို ရွှေခရုမျိုးစိတ်လဲဆိုတာ တိုင်းဒေသကြီးကို တင်ပြကာ အမြန်ဆောင်ရွက်မှာပါ''ဟု စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိဦးစီးအရှိ ဦးထိန်လင်းထွန်းက ပြောသည်။

အဆိုပါခရုသည် မျိုးပွားနှုန်း မြန်ဆန်ပြီး အင်္ဂလိပ်အမည် Golden Apple Snail ဟု ခေါ်ပြီး မျိုးရင်းအား Gastro Poda Ampullaridae ဖြစ်ကာ စပါးခင်းများအား စိုက်ပျိုးကာလ ၄ ရက်သားမှ ရက် ၃၀ သားအချိန်တွင် အငုတ်သာကျန်သည်အထိ ဖျက်ဆီးသောခရုမျိုးဖြစ်ကြောင်း စိုက်ပျိုးရေးအသိပညာဆိုင်ရာ သတင်း အချက်အလက်များအရ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly