ဗျတ္တတောင်ကုန်းနဲ့ တောရိုင်းနေကြာခင်းများဆီသို့

ဗျတ္တတောင်ကုန်းနဲ့ တောရိုင်းနေကြာခင်းများဆီသို့

မနက်ခတ်စောစော အိပ်ရာထတော့ နောက်ဖေးမီးဖိုချောင်ထဲမှာ ဆရာမရှားရိုဖေါရဲ့မိခင်က သီချင်းခတ်တိုးတိုးညည်းရင်း ထမင်းချက်နေတာတွေ့ရပါတယ်။ ကျနော်က ဆရာမရဲ့မိခင်ကို “မင်္ဂလာပါအနော အစောကြီးထနေပြီပေါ့”လို့ နှုတ်ဆက်တော့ “ဟုတ်ကဲ့ ထမင်းကော ဟင်းကောကျက်ပြီ” လို့ ပြန်ပြောပါတယ်။ ကျနော်က ကမန်းကတန်း မျက်နှာသစ် အဝတ်အစားလဲပြိီး ကျနော် ဒီဘက်နားလမ်းထွက်လျှောက်လိုက်ဦးမယ်လို့ ပြောပြီး ထွက်လာခဲ့ပါတယ်။ ဆရာမတို့အိမ်ကအထွက် မြို့တော်ခမ်းမအဆောက်အဦးဘေးကလျှောက်ရင် နောင်ချိုမြို့ မြို့လည်လမ်းမကြီးပေါ်ရောက်ပါတယ်။


ကျနော်က လမ်းမကြီးအတိုင်း လျှောက်လာတော့ ဆရာစံကျောက်ရုပ်ရှေ့ပန်းခြံနားမှာ ခဏရပ်ပြီးကြည့်ပါတယ်။ မြူနည်းနည်းဆိုင်းနေတာမို့ ပန်းခြံထဲက ဆရာစံကျောက်ရုပ်ကို ခတ်ဝါးဝါးပဲလှမ်းမြင်ရပါတယ်။ နောင်ချိုမှာ သုံးညအိပ်ပဲနေရမှာမို့ သွားစရာလာစရာတွေကများလို့ ဆရာစံအကြောင်း လိုက်လံစုံစမ်းလေ့လာဖို့ရာ အချိန်မရနိုင်ဘူးလို့လည်းတွေးမိပါတယ်။ နောက်တကြိမ် နောင်ချိုကိုလာတဲ့အခါကြမှပဲ ဆရာစံအကြောင်း လေ့လာတော့မယ်လို့ စိတ်ထဲတေးထားလိုက်ပါတယ်။

ရှေ့ကိုဆက်လျှောက်တော့ ခရီးဝေးခရီးသည်တင်ကားတွေရပ်နားရာဂိတ်နဲ့ စျေးဘက်ချိုးရာလမ်းကိုရောက်ပါတယ်။ စျေးမကြီးက မဖွင့်သေးလို့ အပြင်ဘက်စျေးခင်းတွေ လျှောက်ကြည့်ပြီး ပြန်ခဲ့ရပါတယ်။ အိမ်သားတွေစားဖို့ ရှမ်းတို့ဟူးကြော်နဲ့ တခြားကြော်မျိုးစုံ နည်းနည်းဝယ်ခဲ့ပါတယ်။ ရှမ်းတို့ဟူးကြော်ကို ကျနော် အင်မတန်ကြိုက်ပါတယ်။ မြေပြန့် ကျနော်တို့ဆီက တို့ဟူးလိုမဟုတ်ပဲ စားလို့ကောင်းလွန်းတော့ ငယ်စဉ် လွန်ခဲ့တဲ့ နှစ်လေးဆယ်လောက်က စားခဲ့ရတဲ့ ရှမ်းတို့ဟူးကြော်ကိုတောင် ပြန်မှတ်မိနေခဲ့ပါတယ်။


ဒီကနေ့မနက်ကြတော့ ကျနော်တို့အဖွဲ့ ဘန့်ဘွေးကျင်းရေတံခွန်နဲ့ ဂုတ်ထိပ်တံတားဆီ သွားကြမယ်လို့ ဆရာမက ပြောပါတယ်။ ဒီနေရာမှာ ကြားညှပ်ပြီးပြောစရာရှိပါတယ်။ ဆရာမ ရှားရိုဖေါရဲ့ မောင် (နို့ညှာ)ရဲ့ဇနီး ရှင်ဂွမ်းဂွိ( နာမည်ရင်းက နန်းစုစုနွယ် ပါ။ သူ့ဖေ့ဘုတ်နာမည်က ရှင်ဂွမ်းဂွိ လို့ အပျော်ပေးထားလို့ ကျနော်တို့ကလည်း သူ့ကို ရှင်ဂွမ်းဂွိ လို့ပဲ ခေါ်ခဲ့ကြပါတယ်။) သူနဲ့ ဆရာမရှားရိုဖေါက တော်တော်ခင်ကြပါတယ်။

အိမ်ထောင်ကျတာလည်း ကြာဟန်မတူသေးပါဘူး။ ကျနော်နဲ့ ဆရာမရှားရိုဖေါမိသားစုတို့ နောင်ချိုကို လာလည်ကြတော့မယ်ဆိုတော့ ဆရာမက ရှင်ဂွမ်းဂွိကိုပဲ တိုင်ပင်ခဲ့ရ အကူအညီတောင်းခဲ့ရတာပါ။ ဘယ်နေရာ ဘယ်အချိန် ဘယ်ကား အစရှိတဲ့အလုပ်တွေကို ရှင်ဂွမ်းဂွိကပဲ ကြိုတင်စီစဉ်ထားပေးခဲ့တာပါ။ ဆရာမက မန္တလေးပြောင်းနေတာကြာပြီဖြစ်လို့ လက်ရှိဒေသခံဖြစ်တဲ့ ရှင်ဂွမ်းဂွိကိုပဲ တိုင်ပင်ခဲ့ရ အကူအညီတောင်းခဲ့ရတာပါ။ သွက်လက်ချက်ချာပြီး ပျော်ရွှင်တတ်တဲ့မိန်းကလေးပါပဲ။ လမ်းနဲ့ပတ်သက်တဲ့ပုဂ္ဂလိကကုမ္ပဏီတစ်ခုမှာအလုပ်လုပ်ပါတယ်။

နောင်ချိုကနေပြီး စထွက်တော့ မနက် ရှစ်နာရီတိတိပါ။ ဒီတခေါက်တော့ ဒီခရီးမှာ ဆရာမရှားရိုဖေါရဲ့ခင်ပွန်း ပါမလာတော့ပါဘူး။ သူနဲ့ သမီးဖြစ်သူက မန္တလေးမှာ အလုပ်ရှိလို့ မနက်အစောကြီးကတည်းက မန္တလေးကို သားအဖနှစ်ယောက် ပြန်ဆင်းသွားကြပါတယ်။ ဒီတစ်ခေါက်တော့ မနေ့က လိုက်ပို့တဲ့ကားဆရာလေးရယ်၊ ကျနော်ရယ် ဆရာမရှားရိုဖေါနဲ့ တူမလေး ရှင်ဂွမ်းဂွိ တို့ပဲ အတူသွားကြမှာပါ။


ဘန့်ဘွေးကျင်းရေတံခွန်ကိုသွားကြမယ်ဆိုတော့ တကယ်တော့ ကျနော်ကသိတ်ပြီး စိတ်မပါချင်ပါဘူး။ ကျနော်က ပန်းခင်းတွေနဲ့ တောင်တန်းတွေရှိရာကိုပဲ အာရုံပိုကျနေသူဖြစ်ပါတယ်။ ဒါပေမယ့်လည်း တလမ်းလုံး ကျနော်မြင်ချင်တဲ့ပန်းခင်းတွေ တွေ့ရပါလိမ့်မယ်လို့ ရှင်ဂွမ်းဂွိကပြောထားတော့ စိတ်ထဲနည်းနည်းတော့ကျေနပ်လိုက်ရပါတယ်။

ကျနော်တို့ကားကလေးက နောင်ချိုမြို့ တောင်ဘက် တောင်ကြီးမြို့ဘက်ထွက်တဲ့လမ်းအတိုင်း မောင်းလာခဲ့ပါတယ်။ ကျနော်ရထားတဲ့မြေပုံကိုကြည့်တော့ ဒီလမ်းက တကယ်တော့ နာမည်ကျော် ဒုဌဝတီမြစ်နဲ့ ယဉ်ပေါင်တန်းနေတဲ့လမ်းဖြစ်နေတာတွေ့ရပါတယ်။ ဒုဌဝတီမြစ်ဆိုတာက ရှမ်းပြည် တောင်ပိုင်းနဲ့မြောက်ပိုင်း နယ်မိတ်သား ခွဲခြားထားသလိုဖြစ်တဲ့မြစ်ပါပဲ။ နောင်ချိုက ဒုဌဝတီမြစ် မြောက်ဘက်မှာရှိလို့ ရှမ်းပြည်မြောက်ပိုင်းမြို့ ဖြစ်လာခဲ့တာပါ။

ဒုဌဝတီမြစ်ကိုလည်း ကျနော်စိတ်ဝင်စားတယ်။ ရုပ်ရှင်မင်းသားကြီးဝင်းဦးက “ဒုဌဝတီမြစ်မှာ ရေတစ်ခါချိုးပြီးရင် နောက်တစ်ခါ ပြန်မလာဘဲနေလို့မရဘူးဗျ” လို့ ဒုဌဝတီမြစ်ထဲရေချိုးရင်းပြောခဲ့ဖူးတာကို ကျနော်စွဲနေတာပဲ။ ဒါပေမယ့် တစ်ခါမှတော့မရောက်ဖူးသေးပါဘူး။

နောင်ချိုမြို့တောင်ဘက်အထွက်ကားလမ်းက တော်တော်လှပါတယ်။ တောင်ကွေ့တစ်ခုမှာ ကားလမ်းတွေချဲ့နေတာလည်းတွေ့ရပါတယ်။ တောင်အကွေ့လမ်းအကွေ့မှာ ကားကိုခဏရပ်ပြီး ဓါတ်ပုံရိုက်ရတဲ့အထိ ကားလမ်းကွေ့က လှပါတယ်။ စိတ်လှုပ်ရှားဖို့ကောင်းတာကတော့ လမ်းဘေးနှစ်ဘက် မကြာခဏဖြတ်ကျော်ခဲ့ရ လှမ်းမြင်ခဲ့ရတဲ့ အဝါရောင်တောရိုင်းနေကြာပန်းပင်တန်းတွေပါပဲ။

ကားရှေ့ခန်းမှာထိုင်ရင်း လိုက်ပါလာတဲ့ကျနော်က ကင်မရာတဆဆနဲ့ လုပ်နေတာကြည့်ပြီး “ဒါဘာမှမဟုတ်သေးဘူးဆရာကြီး ရှေ့မှာ မမြင်ချင့်အဆုံး နေကြာတွေတွေ့မှာပါ ဒါပေမယ့် ဆရာကြီးဓါတ်ပုံရိုက်ချင်တဲ့ဘယ်နေရာမဆိုပြောနော် အားမနာနဲ့ ကျနော်ကားရပ်ပေးမယ် စိတ်ကြိုက်သာရိုက်”လို့ ပြောရှာပါတယ်။ တကယ်လည်း သူနဲ့ သုံးရက်တိတိ တနေကုန်တနေခမ်း သူ့ကားလေးနဲ့ပဲ နေရာအနှံ့သွားခဲ့ရာမှာ ကျနော့်သဘောထားအပေါ်မူတည်ပြီး အခိ်ိျန်မရွေးကားရပ်ပေး၊ စောင့်စိုင်းပေး၊ သွားရလာရခက်ခဲတဲ့နေရာတွေမှာ တွဲခေါ်ပေးနဲ့ သူ့ကျေးဇူးကလည်း မသေးလှပါဘူး။
ကျနော်တို့ ထွက်လာတဲ့အချိန်က ဆောင်းဝင်ပြိီဖြစ်ပေမယ့် သိတ်မအေးသေးပါဘူး။ ကောင်းကင်ကလည်း တိမ်မရှိပါဘူး။ နေကောင်းရုံ သွားကောင်းရုံပါပဲ။ ဒီလိုနဲ့ ကျနော်တို့ကားကလေးဟာ ကံကြီးရွာကို ကျော်လာခဲ့ပါတယ်။ အုမ္မသီးနဲ့ ဟိုခိုရွာလမ်းခွဲကိုရောက်လာပါတယ်။

ဟိုခိုရွာကိုရောက်တယ်ဆိုရင်ပဲ ပတ်ဝန်းကျင်မြင်ကွင်းတွေဟာ ပန်းချိီကားအသစ်တစ်ခု ဆွဲချိတ်ပြောင်းချိတ်လိုက်သလို ချက်ချင်းပဲ လှပတဲ့စိုက်ခင်းနဲ့ ကွင်းပြင်တွေ တောင်ကုန်းတွေကို မြင်လာရပါတော့တယ်။
ကျနော်မြင်ချင်တဲ့ တောရိုင်းနေကြာပန်းခင်းကြီးတွေကို တွေ့ရတော့တာပါပဲ။ အဝါရောင်နေကြာပန်းတွေ လမ်းနှစ်ဘက်ခြံရံထားတဲ့ ရင်သပ်ရှုမောကားလမ်းကြီးဖြစ်လာတော့တာပါပဲ။
( ဆက်လက်ဖတ်ရှုပါရန် )

 

 

Mizzima Weekly