ကချင်ပြည်နယ် ဒီမိုကရေစီပါတီက ၎င်းတို့၏ မူဝါဒ သဘောထား

ကချင်ပြည်နယ် ဒီမိုကရေစီပါတီက ၎င်းတို့၏ မူဝါဒ သဘောထား

နေပြည်တော် စက်တင်ဘာ ၂၇ ။        ။ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ ဗဟိုအလုပါမှုဆောင်ကော်မတီဝင် ဒေါက်တာနန်းဇိန်းလုအောန်က ၎င်းတို့ ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်စသည်တို့ကို စက်တင်ဘာ ၂၇  ရက်နေ့ ညပိုင်းက ရေဒီယိုနှင့်ရုပ်မြင်သံကြာစီစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။ အဆိုပါ ဟောပြောတင်ပြချက်အပြည့်စုံမှာ အောက်ပါ အတိုင်းဖြစ်ပါသည်။

ချစ်ခင်လေးစားအပ်ပါသော မိဘပြည်သူများ၊ နိုင်ငံတော်အာဏာပိုင်ရှင်များဖြစ်ကြတဲ့ မဲဆန္ဒရှင်ပြည်သူများရှင့် -

ကျွန်မကတော့ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ (KSDP)က ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်နဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန်းဇိန်းလုအောန်ဖြစ်ပါတယ်။ အခုလို မိမိတို့ပါတီနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ပြည်သူတွေကို တင်ပြခွင့်ရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိ ပါတယ်။

ပြည်သူဆိုရာမှာ အထူးသဖြင့် ကချင်ပြည်နယ်တွင်း မှီတင်းနေထိုင်ကြတဲ့မိဘပြည်သူများကို ဆိုလိုချင်ပါတယ်။ မိမိတို့ပါတီဟာ ပြည်သူကို လေးစား တန်ဖိုးထားတဲ့၊ ပြည်သူကို မဏ္ဍိုင်ပြုတဲ့ ပါတီဖြစ်ပါ တယ်။ ပြည်သူလူထုအကျိုးမှန်သမျှကို သယ်ပိုးလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ကျွန်မတို့ တိုင်းပြည်မှာ ခေတ်စနစ်တွေ ပြောင်းလဲလာတာကို ကျွန်မတို့ အပြည့်အဝထောက်ခံပါတယ်။ နိုင်ငံတော် ရဲ့ပြုပြင်ပြောင်းလဲရေး လှိမ့်တုံးကြီးကို ကျွန်မတို့ကနောက်မှတွန်းမှာပါ။ ရှေ့က မကာပါဘူး။ တိုင်းပြည်မှာ စစ်မှန်တဲ့ငြိမ်းချမ်းရေးအမြန်ရရှိရန်နှင့် ဒီမိုကရေစီအပြည့်အဝထွန်းကားရန် ကျွန်မတို့လို လားပါတယ်။

ကျွန်မတို့ခံယူချက်ကိုပြောရမယ်ဆိုရင် ပြည်တွင်းငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီထွန်းကားရေးဟာ ငွေဒင်္ဂါးတစ်ခုရဲ့ ခေါင်းနဲ့ပန်းလိုပါပဲ။ ခွဲခြားလို့ မရစကောင်းပါဘူး။ နှစ်မျိုးစလုံးကို တစ်ချိန်တည်း တစ်ပြိုင်နက်ဖော်ဆောင်သွားရပါမယ်။ ဘာကြောင့်လဲဆိုရင် ငြိမ်းချမ်းရေးရသော်ငြားလည်းဒီမိုကရေစီ မထွန်းကားလျှင် အနှစ်သာရမပြည့်စုံသလို ဒီမိုကရေစီထွန်းကားသော်လည်း တိုင်းပြည်မတည်ငြိမ် မအေးချမ်းဘူးဆိုရင် ဒီမိုကရေစီရဲ့ အရသာကို ပြည်သူတွေ ခံစားနိုင်မည်မဟုတ်ပါဘူး။

တစ်ချိန်တည်းမှာ မူးယစ်ဆေးဝါးနှိမ်နှင်းရေးအလုပ်ကိုလည်း အားစိုက်ပြီးလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ တိုင်းပြည်အေးချမ်းပြီး ဒီမိုကရေစီ ထွန်းကားသော်လည်း ပြည်သူတွေက ဘိန်းစားတွေဖြစ် ကုန်တယ် ဆိုလျှင် အဲဒီတိုင်းပြည်ဟာ ဘယ်လိုဖြစ်သွားမလဲ။ လူတွေပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်ပါ့မလား၊ ဖွံ့ဖြိုးတိုးတက်နိုင်ပါ့မလား။ သိက္ခာရှိပါ့မလားဆိုတာ မိဘပြည်သူများ စဉ်းစားကြည့်ရင် သိနိုင်မှာပါ။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တစ်ဝန်းလုံးမှာမှီတင်းနေထိုင်ကြတဲ့ ပြည်ထောင်စုဖွားတိုင်းရင်းသားရဟန်းရှင်လူ ပြည်သူတစ်ရပ်လုံးဟာနိုင်ငံတော်တွင်း တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိပြီး ဒီမိုကရေစီစနစ် အပြည့်အ၀ ပေါ်ထွန်းလာဖို့ လိုလားတောင်းတလျှက်ရှိကြပါတယ။ လှည်းနေလှေအောင်း မြင်းစောင်းမကျန် လူမျိုးဘာသာ၊ သာသနာမခွဲခြားဘဲ ပြည်သူလူထုတစ်ရပ်လုံး တစ်စည်းတစ်လုံး တည်းနဲ့ နည်းမှန်လမ်းမှန် တက်တက်ကြွကြွလက်တွဲဆောင်ရွက်နိုင်မှသာ တိုင်းပြည်မှာ ဒီမိုကရေစီ အမှန်တကယ်ထွန်းကားလာနိုင်မှာဖြစ်ပါတယ်။ အဲဒီလို ဖြစ်ပေါ်လာဖို့အတွက် ကချင် ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားများအားလုံးကလည်း လက်တွဲဝန်းရံ ပါဝင်လှုပ်ရှားကြရမှာ ဖြစ်ပါတယ်။

မျက်မှောက်ကာလမှာ နိုင်ငံတော်အတွင်း ပါတီစုံဒီမိုကရေစီ စနစ်ကို စတင်ကျင့်သုံးနေပြီဖြစ်တယ်။ ဒါ့ကြောင့် ကျွန်မတို့ပါတီဟာ ၂၀၁၃ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ အဖြစ်တရားဝင်ဖွဲ့စည်ထူထောင်ခဲ့ပါတယ်။ ပါတီရဲ့မှတ်ပုံတင်နံပါတ်ကတော့(၆၇) ဖြစ်ပါတယ်။

ကချင်ပြည်နယ် ဒီမိုကရေစီပါတီမှာ ကချင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြတဲ့ ဒေသခံတိုင်းရင်းသားပြည်သူများ၊ ကချင်ပြည်နယ် ဇာတိသား များဖြစ်ကြပြီး အခြားဒေသများသို့ ယာယီရောက်ရှိနေသူများ၊ လူမျိုး၊ကိုးကွယ်သည့်ဘာသာ၊ ကျား/ မ မခွဲခြားဘဲ မည်သူမဆို ပါဝင်နိုင်ပါတယ်။ ကချင်ပြည်နယ် ဒီမိုကရေစီပါတီဟာ ကချင်ပြည်နယ်သူ ပြည်နယ်သားအာလုံးနဲ့ ပါတီဝင်ထုတစ်ရပ်လုံးကို ကိုယ်စားပြုတဲ့ ပါတီဖြစ်ပါတယ်။ ကချင်ပြည်နယ် ဒီမိုကရေစီပါတီဟာ ကချင်ပြည်နယ်သူ ပြည်နယ်သားများအားလုံးနဲ့ ပါတီဝင်ထုတစ်ရပ်လုံးရဲ့ အကျိုးစီးပွားအတွက် မမှိတ်မသုန် ရှေးရှုဆောင်ရွက် သွားပါမယ်။

မိမိတို့ပါတီထူထောင်ခြင်းရဲ့ ရည်ရွယ်ချက်ကိုလည်း တင်ပြလိုပါတယ်။

တိုင်းရင်းသားလူမျိုးပေါင်းစုံ မှီတင်းနေထိုင်ကြသော ကျွန်မတို့ရဲ့ နိုင်ငံတော်ကို ပင်လုံကတိကဝတ်နဲ့အညီ စစ်မှန်သော ပြည်ထောင်စု (Fderal)စနစ်ဖြင့် တည်ဆောက်၍ တိုင်းရင်းသားများ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်၊ ကိုယ့် ကြမ္မာကိုယ် ဖန်းတီးခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့ တန်းတူအခွင့်အရေးများရရှိပြီးလွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ ညီမျှခြင်းတည်းဟူသော လောကပါလတရား(၃)ပါး ထွန်းကားဖို့ လိုအပ်ပါတယ်။

သို့မှသာ ပြည်သူများအားလုံး အချင်းချင်းယုံကြည်မှုရှိခြင်း၊ တန်းတူအခွင့်အရေးရရှိခြင်း၊ လွတ်လပ်ခြင်း၊ ဒီမိုကရေစီစနစ်ကျင့်သုံးခြင်းနဲ့ မွေးရာပါ လူ့အခွင့်အရေးအပြည့်အဝရရှိပြီး ထာဝရငြိမ်းချမ်း သာယာဝပြော ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတည်ဆောက်သွားနိုင်မှာဖြစ်ပါတယ်။ ပြည်ထောင်စုရဲ့ အဖွဲ့ဝင်တစ်ခုဖြစ်သော ကချင်ပြည်နယ်သည်လည်း အထက်ပါ အချက်အလက်များနှင့် ပြည့်စုံပြီးပြည်နယ် သူပြည်နယ်သားများအားလုံးအချင်းချင်း လူမျိုးဘာသာ မခွဲခြားဘဲ သွေးစည်းညီညွတ်ကြကာ ပြည်နယ်ရဲ့ တိုးတက်ရာတိုးတက်ကြောင်း ကောင်ကျိုးအဖြာဖြာပေါ်ထွန်းလာရေးမှာ လက်တွဲဆောင်ရွက်ကြပြီး သာယာဝပြောတဲ့ ပြည်နယ်တစ်ခုအဖြစ် ရပ်တည်သွားနိုင်ဖို့ ရည်ရွယ်ပြီး ကချင်ပြည်နယ် ဒီမိုကရေစီပါတီကို ဖွဲ့စည်းထူထောင်လိုက်တာ ဖြစ်ပါတယ်။

မိမိတို့ပါတီရဲ့အဓိကမူဝါဒကို ပြောရမယ်ဆိုရင်

နိုင်ငံရေးပါတီတစ်ရပ်မှာ ပြည်သူလူထုရဲ့ လူမှုဘဝနဲ့ သက်ဆိုင်သောကိစ္စအ၀၀တို့ကို တာဝန်ယူဆောင်ရွက်ပေးဖို့ တာဝန်အပြည့်အဝရှိတယ်လို့ခံယူပါတယ်။ ပါတီရဲ့လုပ်ငန်းဆောင်တာများကို လုပ်ကိုင်ဆောင်ရွက်ရာမှာလည်း အတိတ်ကာလမှာ ဖြစ်ပျက်ခဲ့သမျှကို သင်ခန်းစာယူပြီး ပစ္စုပ္ပန်လက်ရှိအချိန်အခါအခြေအနေနဲ့ သဟဇာတဖြစ်အောင် ပြုမူဆောင်ရွက်ပြီး ကောင်းမွန်တိုးတက်အောင်မြင်တဲ့ အနာဂတ်ကို ဖောင်ဆောင်သွားကြရပါမယ်။

ကချင်ပြည်နယ် ဒီမိုကရေစီပါတီဟာ ကမ္ဘာ့ကုလသမဂ္ဂပဋိညာဉ်စာတမ်းမှာပါတဲ့ လူ့အခွင့်အရေးဆိုင်ရာ စည်းမျဉ်းနဲ့ ဒီမိုကရေစီလုပ်ထုံးလုပ်နည်းတွေကို အစွမ်းကုန် လိုက်နာကျင့်သုံးရေးမူကို အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။

အဲဒီမူကို အခြေခံပြီး မိမိတို့ ကချင်ပြည်နယ် ဒီမိုကရေစီပါတီဟာ နိုင်ငံရေး မူဝါဒ(၈)ချက်ကို အောက်ပါအတိုင်း ချမှတ်ထားပါတယ်။

(၁) ကချင်ပြည်နယ်ဒီမိုကရေစီပါတီဟာ ပြည်သူလူထုကိုဗဟိုပြုပြီး ပြည်သူလူထုအကျိုးကို အမြဲရှေးရှုတဲ့ နိုင်ငံရေးပါတီ တစ်ရပ် ဖြစ်ပါတယ်။

(၂) ကချင်ပြည်နယ်ဟာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းရှိ အမျိုးသားပြည်နယ် တစ်ပြည်နယ်ဖြစ်တဲ့ အတွက်ကြောင့် ပြည်နယ်ရဲ့ အကျိုးစီးပွားကို ဖျက်ဆီးထိပါးစေတဲ့ လုပ်ရပ်မှန်သမျှကို ထိရောက်စွာ ဟန့်တားတိုက်ဖျက်သွားပါမယ်။

(၃) ပြည်ထောင်စုရဲ့ အဖွဲ့ဝင်တစ်ခုဖြစ်တဲ့ ကချင်ပြည်နယ် ထာဝစဉ် တည်တံ့ခိုင်မြဲရေးကို လိုလားပါတယ်။

(၄) ပြည်ထောင်စုဖွံ့ဖြိုးတိုးတက်ပြီး သာယာဝပြောရန် တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးဟာ မရှိမဖြစ် လိုအပ်ပါတယ်။ ဒါ့ကြောင့် ပြည်တွင်းငြိမ်းချမ်းရေး အပြည့်အဝရရှိဖို့ တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင် ရွက်သွားပါမယ်။

(၅) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဟာ တိုင်းရင်းသားပေါင်းစုံမှီတင်းနေထိုင်ကြတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့အတွက် တိုင်းပြည်အေးချမ်းသာယာဝပြောပြီး ဖွံ့ဖြိုးတိုးတက်လာဖို့ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးဟာ မရှိမဖြစ်လိုအပ်ပါတယ်။ သို့ဖြစ်၍ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး အပြည့်အဝရရှိလာရေးမှာ စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်သွားပါမယ်။

(၆) မျှတတဲ့ဥပဒေနှင့် တရားစီရင်ရေး၊ နိုင်ငံအတွင်း တရားဥပဒေစိုးမိုးရေးအတွက် အလေးထားဆောင်ရွက်သွားပါမယ်။

တစ်ချိန်တည်းမှာ စီးပွားရေးမူဝါဒ(၈)ချက်ကိုလည်း အောက်ပါအတိုင်း ချမှတ်ထားပါတယ်။

(၁) လွတ်လပ်သောဈေးကွက်စီးပွားရေးစနစ် (Free Marketing System)  ကို ထောက်ခံအားပေးရေး၊

(၂) စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှာ ခေတ်မီတဲ့သိပ္ပံနည်းစနစ်များကို အသုံးပြုနိုင်အောင် အားပေးမြှင့်တင်ရေး၊

(၃) ပုံမှန် ကူးသန်းရောင်းဝယ်ရေး(Normal Trade) ကို အားပေးမြှင့်တင်ရေး၊

(၄) ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်အတွင်းရှိ သယံဇာတများကို စနစ်တကျစီမံခွင့်ရရှိစေပြီး တူးဖော်သုံးစွဲနိုင်ရေး၊

(၅) သမဝါယမနဲ့ ပုဂ္ဂလိက လုပ်ငန်းများ ပိုမိုရှင်သန် တိုးတက်လာအောင် အားပေးမြှင့်တင်ရေး၊

(၆) ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုနှင့် ဖက်စပ်လုပ်ငန်းများကို အားပေးမြှင့်တင်ရေး၊

(၇) ပြည်နယ်တိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင် အများအပြား ပေါ်ထွန်းလာရေးကို အားပေးလုပ်ဆောင်ရေး၊

(၈) ခေတ်မီတဲ့စီးပွားရေးလုပ်ငန်းအသစ်ကို ရှာဖွေဖော်ထုတ်ရာမှာ အားပေးကူညီဆောင်ရွက်ရေးတို့ ဖြစ်ပါတယ်။

ပါတီ၏ရှေ့လုပ်ငန်းစဉ်များကို တင်ပြရမယ်ဆိုရင်

(၁) ကချင်ပြည်နယ်အတွင်း တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိပြီးတစ်နေ့တခြား ပိုမိုသာယာဝပြော ဖွံ့ဖြိုးတိုးတက်လာပြီး ပြည်ထောင်စုရဲ့ ခိုင်ခံ့တဲ့ အထောက်အကူပြု ပြည်နယ်တစ်ခု ဖြစ်လာအောင် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားပါမယ်။

(၂) ကချင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားများအားလုံး စည်းလုံးညီညွတ်စွာ အတူတကွ နေထိုင်သွားနိုင်အောင် အမျိုးသားရင်ကြားစေ့ရေးကို မဖြစ်မနေ တည်ဆောက်သွားပါမယ်။

(၃) ကချင်ပြည်နယ်အတွင်း ဒီမိုကရေစီစနစ်ပိုမိုပီပြင်ရှင်သန်လာအောင် ကြိုးပမ်းဆောင်ရွက်သွားပါမယ်။

(၄) လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေး ဆောင်ရွက်သွားပါမယ်။

(၅) ပြည်သူလူထုရဲ့အခြေခံလိုအပ်ချက်များဖြစ်တဲ့ စား၊ ဝတ်၊ နေရေးဖူလုံရေးနဲ့ လူနေမှုအဆင့်အတန်း မြင့်မားလာစေရေးကို အလေးပေးဆောင်ရွက်သွားပါမယ်။

(၆) ပြည်သူလူထုရဲ့ကျန်းမာကြံ့ခိုင်ရေးနဲ့ စာရိတ္တကောင်းမွန်ရေးဆိုင်ရာလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်သွားပါမယ်။

(၇) မသင်မနေရအခမဲ့ပညာရေးစနစ်ကို ဆက်လက်အသုံးချပညာရေးစနစ်ကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားပါမယ်။

(၈) တရားမျှတတဲ့ဥပဒေပေါ်ပေါက်လာပြီး ယင်းဥပဒေကို လူတိုင်းလေးစားလိုက်နာရေးနဲ့ လူသားတိုင်း ကိုယ်ကျင့်တရားကောင်းမွန်ရေးကို အထူးအလေးထားပြီး တရားဥပဒေစိုးမိုးရေးကို ကြပ်မတ်လုပ်ဆောင်သွားပါမယ်။

ကျွန်မဆက်လက်တင်ပြချင်တဲ့အချက်တစ်ခုကတော့ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့အချက်ဖြစ်ပါတယ်။ ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီစနစ်မှာ မရှိမဖြစ်လိုအပ်တဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။ တိုင်းပြည် ရဲ့အာဏာပိုင်ရှင်တွေဖြစ်ကြတဲ့ ပြည်သူလူထုတွေကသာ ရွေးကောက်ပွဲမှာ မိမိတို့ကြိုက်နှစ်သက်သည့် ကိုယ်စားလှယ်လောင်းတွေကို မိမိအိတ်ကပ်ထဲက မဲတစ်ပြားထုတ် မဲထည့်ရွေးချယ်လိုက်ပြီး တိုင်းပြည်ကို အုပ်ချုပ်စေတဲ့ အခင်းအကျင်းဟာရွေးကောက်ပွဲပဲဖြစ်ပါတယ်။

ဒါ့ကြောင့် လာမယ့်ရွေးကောက်ပွဲမှာ တိုင်းပြည်ကို မြန်မြန်ဆန်ဆန်ပြောင်းလဲစေချင်သူတိုင်း မှန်မှန်ကန်ကန်မဲအရေးကြီးလှပါတယ်။ အစိုးရရဲ့တာဝန်ဟာ လွတ်လပ်တရားမျှတ တဲ့ရွေးကောက်ပွဲ ကျင်းပပေး ရန်ဖြစ်ပြီး ပြည်သူတွေရဲ့တာဝန်မှာ မဲထည့်ပေးရန်ဖြစ်ပါတယ်။ ဒါ့ကြောင့် လာမယ့်ရွေးကောက်ပွဲဟာ တိုင်းပြည်အတွက်အကျိုးပြုတဲ့ ရွေးကောက်ပွဲတစ်ရပ်ဖြစ်ဖို့ဆိုရင်ဖြင့် အစိုးရရော ပြည်သူတွေပါ တာဝန်ကျေပွန်ကြရန် လိုအပ်ပါတယ်။

နိဂုံးချုပ်ပြောကြားလိုတာကတော့ ကချင်ပြည်နယ်သူ/သား မိဘပြည်သူများရှင်

ချင်ပြည်နယ်ကိုချစ်တယ်၊ ကချင်ပြည်နယ်ကို တိုးတက်ဖွံ့ဖြိုးစေချင်တယ်ဆိုရင် လာမယ့်နိုဝင်ဘာလ ၈ ရက်နေ့မှာကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ ကချင်ပြည်နယ်ဒီမိုကရေစီပါတီ (KSDP) ကို မဲထည့်ပေးကြပါ။ ထောက်ခံအားပေးကြပါ။ လုပ်ပိုင်ခွင့်နဲ့ အာဏာအပ်နှင်းကြပါလို့ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။ ကျေးဇူးတင်ပါတယ်ရှင်။

ကချင်ပြည်နယ်ဒီမိုကရေစီပါတီ

 ၁။  ပါတီအမည်  -  ကချင်ပြည်နယ်ဒီမိုကရေစီပါတီ
 ၂။  ပါတီအမည်(English)  -  Kachin State Democracy Party
 ၃။  ပါတီတည်ထောင် ခွင့်လျှောက်ထားသည့်နေ့  -  ၂၈.၈.၂၀၁၃
 ၄။  လာရောက်လျှောက်ထားစဉ်ပါတီအင်အား  -  ၁၇ ဦး
 ၅။

လာရောက်လျှောက်ထားစဉ်ခေါင်းဆောင်နှင့်

ဒုတိယခေါင်းဆောင်

 -  ဦးမနာမ်တူးဂျာ၊ ဦးဇော်မိုးနော်
 ၆။  ပါတီတည်ထောင်ခွင့်ပြု့သည့်နေ့  -  ၃၀.၁၀.၂၀၁၃
 ၇။  ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားသည့်နေ့  -  ၁၁.၁၁.၂၀၁၃
 ၈။  ပါတီမှတ်ပုံတင်ခွင့်ပြုသသည့်နေ့  -  ၁၀.၁၂.၂၀၁၃
 ၉။  ခွင့်ပြုသည့်ပါတီအမှတ်စဉ်  -  အမှတ်စဉ်(၆၇)
 ၁၀။  ခွင့်ပြု့သည့်ပါတိအလံ  -  
 ၁၁။  ခွင့်ပြု့သည့် ပါတီတံဆိပ်  -  
 ၁၂။  ပါတီ ဥက္ကဋ္ဌ နှင့်ဗဟိုအလုပ်အမှုဆောင်စာရင်း  -  
 ၁၃။  ပါတီနယ်မြေ  -  ကချင်ပြည်နယ်အတွင်း
 ၁၄။  ပါတီ ရုံးချုပ်တည်နေရာ  -  အမှတ်(၃၈၆)၊ ယုဇနရပ်ကွက်၊မြစ်ကြီးနားမြို့နယ်၊ ကချင်ပြည်နယ်
 ၁၅။  ဆက်သွယ်ရန် ဖုန်း နှင့် ဖက်စ်  -  ၀၉-၂၄၀၀၃၈၆၊ ၀၉-၄၀၀၀၂၁၅၃၀
 ၁၆။  ပါတီ၏ မူဝါဒလမ်းစဉ်များ  -  PDFDownload

 

 

မဇ္ဈိမရဲ့ SMS သတင်းတွေကို အခုပဲ ရယူလိုက်ကြရအောင်

Posted by Mizzima - News in Burmese on Sunday, September 6, 2015

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly