Zebaztian "THE BANDIT" Kadestam ချန်ပီယံခါးပတ်ကို ရယူခဲ့ပုံ

Zebaztian "THE BANDIT" Kadestam ချန်ပီယံခါးပတ်ကို ရယူခဲ့ပုံ

Zebaztian "THE BANDIT" Kadestam သည် ပြိုင်ဘက်ဖြစ်သူ Tyler McGuire ကို ပြိုင်ပွဲ အဆုံးသတ်ရန် စက္ကန့်ပိုင်းအလို ၂၄မိနစ် ၃၂စက္ကန့်တွင် အလဲထိုးအနိုင်ယူခဲ့သည်။

အဆိုပါ ပွဲစဉ်သည် အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့တွင် ကျင်းပသည့် ONE: WARRIOR’S DREAM ပြိုင်ပွဲ၏ အဓိကပွဲစဉ်ဖြစ်သော ဝယ်လ်တာဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ခါးပတ်လုပွဲဖြစ်ပြီး ဆွီဒင်သား Kadestam က ပြိုင်ဘက် Tyler McGuire ကို အလဲထိုးကာ အနိုင်ယူ သွားခဲ့ခြင်း ဖြစ်သည်။

ယင်းပွဲတွင် ဒိုင်ဆုံးဖြတ်ချက်ဖြင့်သာ အနိုင်အရှုံး သတ်မှတ်ရလိမ့်မည်ဟု ပရိသတ်က ယူဆနေကြသော်လည်း ပွဲပြီးရန် စက္ကန့်ပိုင်းအလိုတွင် Kadestam က ရုတ်တရက် ထိုးလိုက်သော ညာဝိုက်လက်သီးတစ်ချက်သည် ရှုံးပွဲမရှိသေးသော အမေရိကန်သား McGuire ၏ မေးရိုးကို ထိထိမိမိ ထိုးနှက်မိကာ လဲကျသွားစေခဲ့သည်။

ထို့နောက်တွင် Kadestamသည် လဲကျသွားသော ပြိုင်ဘက်၏ မျက်နှာကို ဒူးဖြင့်တိုက်ကာ ပွဲသိမ်းလိုက်သဖြင့် ဒိုင်လူကြီးက ၎င်းကို အနိုင်ပေးခဲ့သောကြောင့် ONE ဝယ်လ်တာဝိတ်တန်း၏ ချန်ပီယံသစ် ဖြစ်လာခဲ့သည်။

“ချန်ပီယံခါးပတ်ကို ရယူနိုင်ခဲ့တာဟာ အိမ်မက်မက်နေသလိုပါပဲ။ အလွန် ဂုဏ်ယူဝမ်းသာပါတယ်။ ဆယ်နှစ်လောက် ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ခြင်းရဲ့ ဆုလာဘ်ကောင်းတစ်ခု ဖြစ်ပါတယ်။”ဟု Kadestam ပြောခဲ့သည်။

Zebaztian "THE BANDIT" Kadestam သည် ပြိုင်ပွဲများကို ကောင်းမွန််မြိုင်ဆိုင်အောင် ယှဉ်ပြိုင်ချင်သူဖြစ်သည်။ ထို့အတွက်ကြောင့်ပင် အစောပိုင်းအချီများတွင် ကစားကွက်များကိုု အစွမ်းပြကစားချင်ခဲ့သဖြင့် အနည်းငယ်အခက်တွေ့ခဲ့ရသည်ဟု ဝန်ခံခဲ့သည်။

McGuire မှာမူ မြေပြင်ကစားကွက်ကိုသာ ဦးစားပေးကစားသဖြင့် Kadestam အနေနှင့် ၎င်းအားသာသော ထိုးနှက်ကစားကွက်များနှင့် ထိုးစစ်ဆင်ရန် အခွင့်မသာသောကြောင့် အကျပ်ရိုက်ခဲ့သည်။

ထို့ကြောင့် ပြိုင်ဘက်ကို အတင်းကပ်ကာ ပြင်းပြင်းထန်ထန် ဖိအားပေးရန် ကြိုးစားခဲ့ရာ ယခုကဲ့သို့ ပွဲသိမ်း လက်သီးချက် ထိုးနိုင်ခဲ့ခြင်း ဖြစ်သည်။

တတိယအချီအပြီးတွင် ကစားကွက်နည်းဗျူဟာ အလှည့်အပြောင်း ပြုလုပ်ခဲ့ခြင်းကလည်း ပွဲအပေါ်သက်ရောက်မှု ရှိခဲ့ပြီး မိမိအတွက် အခြေအနေ တစ်စတစ်စ ပိုကောင်းလာစေခဲ့သည်ဟု Kadestam ရှင်းပြခဲ့သည်။

“ကျွန်တော်က ဒီပွဲကို အလဲထိုးနိုင်မယ်လို့ ပွဲစကတည်းက ထင်တဲ့အတွက် အလဲထိုးဖို့ပဲ အဓိကထား ကစားခဲ့တာ။ ဒါပေမယ့် တတိယအချီပြီးတဲ့အချိန်မှာ ကျွန်တော့်နည်းပြနဲ့ တိုင်ပင်ပြီး အမှတ်ရအောင် ယူဖို့နဲ့ ဒိုင်ဆုံးဖြတ်ချက်နဲ့ အနိုင်ယူဖို့  ဗျူဟာပြောင်းခဲ့တယ်”ဟု Kadestam ဖွင့်ဟပြောဆိုခဲ့သည်။

“ကျွန်တော် သူ့ရဲ့ ဟာကွက်ကို ရှာဖို့ခက်ခဲခဲ့တယ်။ ကျွန်တော်က အလွန်အကျွံကြီး မစွန့်စားချင်သလို ဆင်ကန်းတောတိုးလည်း မလုပ်ချင်ခဲ့ဘူး။ ဒါပေမယ့် ကျွန်တော် အမှတ်ပဲရအောင် ကစားဖို့ ဆုံးဖြတ်လိုက်တော့ သူ့ဟာကွက်တွေ တွေ့လာရတယ်။ သူလည်း ကျွန်တော့်ဟာကွက်ကို ရှာနေသလို ကျွန်တော် ရှာနေမှန်းလည်း သူသိတယ်။ ဒါကို ကျွန်တော့်နည်းပြကလည်း သိတယ်။ ကျွန်တော် သူ့ကို ဘယ်လက်သီးနဲ့ ထိုးဖို့ကြိုးစားလိုက်တိုင်း လွဲချော်နေခဲ့တယ်”ဟု Kadestam ပွဲတွင်းအခြေအနေကို ပြန်ပြောပြခဲ့သည်။

ဆက်လက်ပြီး Kadestam က “ခင်ဗျားတို့ မြင်ပါလိမ့်မယ်။ စတုတ္တအချီမှာ ကျွန်တော် စထွက် ကတည်းက ပေါ့ပေါ့ပါးပါး ကစားနေခဲ့တယ်။သူ့ကို လုံးဝကွဲပြားခြားနားတဲ့ နည်းလမ်းနဲ့ ရင်ဆိုင်ခဲ့တယ်။ သူ့ကို အာရုံပြောင်းပြီး ဟာကွက်ရှာခဲ့တယ်။ နောက်ဆုံးမှာတော့ ကျွန်တော် အခွင့်အရေး ရခဲ့ပါတယ်”ဟု ပွဲသိမ်း လက်သီးချက်အကြောင်း ရှင်းပြခဲ့သည်။

ယခုကဲ့သို့ ပြိုင်ဘက်၏ အမှားကိုစောင့်ကာ အမိအရ ထိုးစစ်ဆင်သော ကစားဟန်သည် Kadestam အတွက် အတွေ့အကြုံသစ်တစ်ခု ဖြစ်သည်။

ပုံမှန်အားဖြင့် Kadestam သည် အညှာအတာကင်းစွာ ပြင်းပြင်းထန်ထန်် တိုက်ခိုက်တတ်သော ပုံစံဖြင့်သာ ကစားလေ့ရှိသူဖြစ်ပြီး နောက်ဆုံး အနိုင်ရခဲ့သည့် Agilan “Alligator” Thani နှင့် ပွဲတွင်လည်း ယင်းပုံစံဖြင့် ကစားခဲ့ခြင်း ဖြစ်သည်။

ယခုကဲ့သို့ ဗျူဟာကို ရှေးရိုးဆန်သည့်ပုံစံ ကစားခဲ့ရသည်မှာ ၎င်းအတွက် ထူးဆန်းသလို ဖြစ်နေခဲ့သည်ဟု ဝန်ခံခဲ့ပြီး ပုံမှန်ဟန်အတိုင်း ကစားရန်ပင် ကြိုးစားခဲ့သေးကာ နောက်ဆုံးတွင်မှ အကောင်းဆုံး ချဉ်းကပ်ပုံကို ရရှိခဲ့ခြင်းဖြစ်သည်။

“ကျွန်တော့် ကစားသမားဘဝတစ်လျှောက်မှာ အမှတ်နဲ့နိုင်တာ တစ်ကြိမ်ပဲ  ရှိဖူးတယ်။ ဒီပွဲကတော့ ကျွန်တော် ကိုယ်တိုင်ရော ကျွန်တော့် နည်းပြကပါ အမှတ်နဲ့အနိုင်ယူဖို့ ဆုံဖြတ်ခဲ့တဲ့ ပထမဆုံးပွဲပါ။ ဒါပေမယ့် နဂိုစီစဉ်ထားတဲ့ ဗျူဟာ မဟုတ်ပါဘူး။ ကျွန်တော်က မြန်မြန် အဆုံးသတ်ဖို့ကိုပဲ ဆန္ဒရှိတဲ့သူပါ။ ပြောရတာ နည်းနည်းတော့ ရှုပ်တယ်။ ဒါပေမယ့် အခုပြောခဲ့သလို  ဖြစ်သွားတာပါ”ဟု Kadestam ဆိုသည်။

သူ၏ နည်းပြနှင့် ပတ်သတ်၍လည်း “ကျွန်တော့်နည်းပြက ကျွန်တော့်လက်ကို မကာဘဲ အောက်ချလိုက်တဲ့ အခါတို့၊ ပေါက်ကရလျှာက်လုပ်နေတဲ့အခါတို့၊ အလွန်အကျွံစွန့်စားနေတဲ့ အခါတို့ ဆိုရင် လှမ်းလှမ်း အော်တယ်။ ‘အာရုံစိုက်၊ အစီအစဉ် အတိုင်းလုပ်၊ စည်းကမ်းရှိပါ။’ ဆိုပြီး လှမ်းအော်နေတယ်။ ဒါကို တစ်ချိန်လုံး ကြားနေရတာ နားတော့ညည်းတယ်။ ဒါပေမယ့် အဲဒါကပဲ ကျွန်တော့်ကို ပုံစံမပျက်အောင် ထိန်းပေးထားပြီး ပွဲကို အနိုင်ရစေခဲ့တာပါ”ဟု Kadestam ချီးကျူး ပြောဆိုခဲ့သည်။

Kadestam သည် ချန်ပီယံခါးပတ်ကို လက်ခံရရှိပြီးသည်နှင့် သူ၏ နည်းပြချုပ် Ole Laursen၏ ပုခုံးပေါ်သို့ လွှဲပြောင်းတင်ပေးခဲ့ပြီး ၎င်းယနေ့  ရရှိခဲ့သည့် အောင်မြင်မှုသည် နည်းပြ  Ole Laursen ကြောင့်သာ ဖြစ်သည်ဟု ထုတ်ဖော်ဂုဏ်ပြုခဲ့သည်။

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required