အီတလီမြေမှာ လာရောက်ကစားဖို့ စီရော်နယ်လ်ဒိုရဲ့ စိန်ခေါ်မှုကို မက်ဆီ တုန့်ပြန်လိုက်ပြီ

အီတလီမြေမှာ လာရောက်ကစားဖို့ စီရော်နယ်လ်ဒိုရဲ့ စိန်ခေါ်မှုကို မက်ဆီ တုန့်ပြန်လိုက်ပြီ
Photo: EPA

လီယွန်နယ် မက်ဆီဟာ နောက်ဆုံးတော့ ဘာစီလိုနာကနေ ထွက်ခွာပြီး အီတလီကလပ်အသင်း တစ်သင်းနဲ့ စာချုပ်ချုပ်ဆိုဖို့ စိန်ခေါ်ခဲ့တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို တုန့်ပြန်လိုက်ပါတယ်။

စီရော်နယ်လ်ဒို ရီးယဲလ်မက်ဒရစ်အသင်းမှာ ၉ နှစ်ကြာ ကစားခဲ့ပြီးနောက် နွေရာသီက စီးရီးအေ ချန်ပီယံ ဂျူဗင်တပ်စ်အသင်းဆီ ပြောင်းရွှေ့ခဲ့ပါတယ်။ ဒါ့ကြောင့် သူနဲ့ မက်ဆီကြား ကာလရှည် ပြိုင်ဆိုင်မှု ပြီးဆုံးသွားခဲ့တယ်လို့ ဆိုရမှာပါ။

လာလီဂါပြိုင်ပွဲကနေ ထွက်ခွားခဲ့ပြီးနောက်ပိုင်း ရော်နယ်လ်ဒိုဟာ ဒီရာသီအစောပိုင်းက ဘာစီလိုနာကြယ်ပွင့်ကစားသမားကို စိန်ခေါ်မှုတစ်ရပ်ပြုလုပ်ခဲ့ပြီး အပြန်အလှန်ဆွေးနွေးဖို့ တောက်လျှောက် တောင်းဆိုခဲ့ပါတယ်။

ပေါ်တူဂီကစားသမားက “ကျနော်ဟာ အင်္ဂလန်၊ စပိန်၊ အီတလီ၊ ပေါ်တူဂီနဲ့ လက်ရွေးစင်အသင်းတို့မှာ ကစားခဲ့ပါတယ်။ သူကတော့ စပိန်မှာပဲ ရှိနေပါသေးတယ်။ သူ့အနေနဲ့ ကျနော်ကို ဒီထက်ပိုမို အလိုရှိကောင်း ရှိနိုင်ပါတယ်။

“ကျနော့်အတွက်တော့ ဘဝဆိုတာ စိန်ခေါ်မှုတစ်ရပ်ပါပဲ။ ကျနော် ဒါကို နှစ်သက်တယ်။ လူတွေကို ပျော်ရွှင်အောင် လုပ်ပေးချင်ပါတယ်။ ကျနော် သူ့ကို တစ်နေ့မှာ အီတလီကို လာရောက် ကစားစေချင်တယ်။ ကျနော် လိုပဲပေါ့။ စိန်ခေါ်မှုကို လက်ခံပေးပါ။”လို့ ပြောပါတယ်။

မက်ဆီဟာ ရော်နယ်လ်ဒိုရဲ့ စိန်ခေါ်မှုကို ပြန်လည်ဖြေကြားဖို့ ငြင်းဆန်ခဲ့ပေမယ့် မကြာသေးခင်က အီတလီကို ပြောင်းရွှေ့ဖို့ အစီအစဉ်ရှိ မရှိဆိုတာကို တုံ့ပြန်လိုက်ပါတယ်။

“အီတလီမြေကို လာရောက် ကစားဖို့ ရော်နယ်လ်ဒိုရဲ့ စိန်ခေါ်မှုကို လက်ခံသွားရမှာလား? ကျနော်အနေနဲ့ ဘာပြောင်းလဲမှုမှ မလိုအပ်ပါဘူး။”လို့ ဘာစီလိုနာ တိုက်စစ်မှူးက စပိန် အားကစားသတင်းစာ မာကာကို ပြောဆိုခဲ့ပါတယ်။

“ကျနော်ဟာ ကမ္ဘာ့ပေါ်က အကောင်းဆုံးအသင်းမှာ ရှိနေတာပါ။ ကျနော့်ရဲ့ စိန်ခေါ်မှုတွေကတော့ တစ်နှစ်ပြီး တစ်နှစ် အသစ်၊ အသစ်ပြန်ဖြစ်လာဖို့ဖြစ်တယ်။ ကျနော်အနေနဲ့ ပန်းတိုင်သစ်တွေအတွက် အသင်းတွေ ဒါမှမဟုတ် လိဂ်တွေ ပြောင်းသွားဖို့ မလိုအပ်ပါဘူး။ ကျနော်ဟာ ကိုယ့်အိမ်မှာ ရှိနေပြီး အပြောင်းအလဲလုပ်ဖို့ မလိုအပ်ပါဘူး။”လို့ ဆိုပါတယ်။

Ref; The Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly