ကယားလူမျိုးစုဒီမိုကရေစီပါတီ၏ မူဝါဒ သဘောထား

ကယားလူမျိုးစုဒီမိုကရေစီပါတီ၏ မူဝါဒ သဘောထား

နေပြည်တော် စက်တင်ဘာ ၂၆ ။         ။ ကယားလူမျိုးဒီမိုကရေစီပါတီဥက္ကဋ္ဌ ဦးစော်ဒယ်နီက  ၎င်းတို့ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်စဉ်စသည်တို့ကို စက်တင်ဘာ ၂၆ ရက်နေ့ ညပိုင်းက ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီစဉ်များမှ ဟောပြော တင်ပြခဲ့ပါသည်။အဆိုပါဟောပြောတင်ပြချက် အပြည့်စုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

လေးစားအပ်ပါသော မဲဆန္ဒရှင်တိုင်းရင်းသူ/သားပြည်သူများခင်ဗျား -

ကျက်သရေအပေါင်းနှင့်ပြည့်စုံပြီး ကျန်းမာချမ်းသာ၊ လိုအင်ဆန္ဒပြည့်ဝကြပါစေကြောင်း ဆုတောင်းပေးရင်း နှုတ်ခွန်းဆက်သအပ်ပါသည်။ ကယားလူမျိုးစုဒီမိုကရေစီပါတီဆိုသည်မှာ ကယားပြည်နယ်အတွင်း ရှိလူမျိုးစုအားလုံးပါဝင်ပါတယ်။ကယားလူမျိုတစ်ခုတည်မဟုတ်ပါ။လာမည့်နိုဝင်ဘာလ ၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲပြုလုပ်ကျင်းပတော့မည် ဖြစ်ပါတယ်။

ဒီရွေးကောက်ပွဲတွင် ကယားလူမျိုးစုဒီမိုကရေစီပါတီက ပြည်နယ်ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ကယားလူမျိုးစုဒီမိုကရေစီပါတီသည် ကယားပြည်နယ်သားများအားလုံးအတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍအသီးသီးအတွက် ရှေ့လုပ်ငန်းစဉ်များထားရှိကာ အကောင်ထည်ဖော်သွားမည်ဖြစ်ပါတယ်။ ကယားပြည်နယ်ငြိမ်းချမ်းရေးသာမက ပြည်ထောင်စုတစ်ခုလုံး ငြိမ်းချမ်းရေးရရှိဖို့ရန် တစိုက်မတ်မတ် ထုတ်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါတယ်။

လေးစားအပ်ပါသော ကယားပြည်နယ်အတွင်းရှိ မဲဆန္ဒရှင်များခင်ဗျား -

ကယားလူမျိုးစုဒီမိုကရေစီပါတီရဲ့ နိုင်ငံရေးမူဝါဒများမှာ

(၁) တိုင်းရင်းသားများအားလုံးစည်းလုံးညီညွတ်ပြီး တန်းတူညီမျှရေးကို အာမခံပေးနိုင်သော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသည့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုကို ထူထောင်သွားမှာဖြစ်ပါတယ်။

(၂) ကယားပြည်နယ်သူ/ ပြည်နယ်သားများအားလုံးအတွက် အမှန်တကယ် ကိုယ်စားပြုနိုင်သော ကယားပြည်နယ်အစိုးရတစ်ရပ်ဖြစ်စေရပါမယ်။

(၃) ကယားပြည်နယ်အတွင်းမှာ မှီတင်နေထိုင်ကြကုန်သော ပြည်နယ်သူ/ ပြည်နယ်သားများ တစ်ရပ်လုံးအတွက် ဘဝလုံခြုံစေမှုကို လည်းကောင်း၊ အာမခံချက်ပေးနိုင်သော မူဝါဒများပေါ်ပေါက်လာစေရေး အတွက် အစဉ်တစ်စိုက် အားထုတ်ဖော်ဆောင်သွားမှာ ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ နိုင်ငံရေးရဲ့မူဝါဒများပေါ်ပေါက်လာစေရေးအတွက် တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ လူတန်းစားအသီးသီးမှ ပြည်သူလူထုများအားလုံး အတူတကွ လက်တွဲဖော်ဆောင်သွား မှာဖြစ်ပါတယ်။ လူမှုဘဝမျှော်လင့်ချက်များကို အာမခံပေးနိုင်တဲ့ နိုင်ငံရေးစနစ်တစ်ရပ် ပေါ်ပေါက်လာစေရေးအတွက် ဒေသတွင်း နိုင်ငံရေးအရင်းအမြစ်များ ဖွံ့ဖြိုးစေဖို့ ဆက်လက်ဖော်ဆောင်သွားမှာဖြစ် ပါတယ်။ ဆင်းရဲနိမ့်ကျနေတဲ့ လယ်သမားများရဲ့ဘ၀ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် စိုက်ပျိုးရေးနည်းပညာများ၊ နည်းစနစ်သစ်များကို လယ်သမားများလက်ဝယ်သို့လည်းကောင်း၊ မျိုးကောင်းမျိုးသန့်နှင့် သဘာဝမြေသြဇာပြုလုပ်သော နည်းပညာနှင့်တကွ လယ်သမားများလက်ဝယ်သို့အရောက် ပို့ဆောင်အကောင်အထည်ဖော်ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ လယ်သမားများတွေ့ကြုံနေရသော လယ်ယာ ပိုင်ဆိုင်မှုနှင့် လယ်သမားများကို အကာအကွယ်ပြုနိုင်သော လယ်ယာမြေဥပဒေကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

လေးစားအပ်ပါသော ပြည်နယ်သူ/ပြည်နယ်သားမဲဆန္ဒရှင်များခင်ဗျား -

စီးပွားရေးမူဝါဒများအနေနှင့် ကယားပြည်နယ်အတွင်းရှိ သဘာဝအရင်းအမြစ်များကို ပြည်နယ်အစိုးရက စီမံခန့်ခွဲပိုင်ခွင့်နှင့် ကယားပြည်နယ်သားများ လက်ဝယ်လုပ်ပိုင်ခွင့်ရရှိလာစေရန် လိုအပ်ပါတယ်။ ကယားပြည်နယ်သူ/ပြည်နယ်သားများ အလုပ်အကိုင်အခွင့်အလမ်းနှင့် အကျိုးစီးပွားကို ရှေးရှုသော စီးပွားရေးမူဝါဒများ၊ စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရန်လိုအပ်ပါတယ်။

ကယားပြည်နယ်အတွင်းရှိ လယ်သမား၊ အလုပ်သမား၊ ဆင်းရဲသားများ ဝင်ငွေနှစ်ဆတိုးတက်လာစေရေးအတွက် အသေးစားအလတ်စားစက်မှုလုပ်ငန်းများ၊ စိုက်ပျိုးရေးနည်းပညာများ၊ အဆင့်မြင့်သောခေတ်မီစက်ပစ္စည်းများ၊ မျိုးကောင်းမျိုးသန့်နှင့် မျိုးစေ့များရရှိလာအောင် အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ဒေသခံ ကယားပြည်နယ်သူ/ ပြည်နယ်သားများ အကျိုးဖြစ်ထွန်းစေနိုင်မယ့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးပွားလာစေရန်အတွက် အကောင်အထည်ဖော်ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ ကယားပြည်နယ်ဒေသအတွင်း ဖွံ့ဖြိုးတိုးတက်မှုနည်းရခြင်းသည် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများစွာရှိနေခြင်း၊ ဆက်သွယ်ရေးလုပ်ငန်းများအလွန်အားနည်းနေခြင်း၊ လျှပ်စစ်မီးနှင့် ရေသန့် သုံးစွဲနိုင်ရေးအတွက် များစွာလိုအပ်နေခြင်း၊ ပညာရေး၊ ကျန်းမာရေး၊လူမှုဖူလုံရေးလုပ်ငန်းများ အလေးထားဆောင်ရွက်မှု အားနည်းနေခြင်းတို့ကြောင့် ကဏ္ဍပေါင်းစုံဖွံ့ဖြိုးတိုးတက်လာစေရန် အလေး ထားဆောင်ရွက်သွားဖို့လိုအပ်ပါတယ်။ နိုင်ငံသားတိုင်း စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမားရေး၊လုံခြုံရေး ပြည့်ဝစွာခံစားနိုင်ဖို့ရန် ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။

လေးစားအပ်ပါသော ကယားပြည်နယ်သူ/ပြည်နယ်သား မဲဆန္ဒရှင်များခင်ဗျား-

ဆက်လက်ပြီးတော့ လူမှုရေးကဏ္ဍများကို ဖော်ပြပေးမှာဖြစ်ပါတယ်။

တိုင်းရင်းသားလူမျိုးနွယ်စုများအသီးသီးတို့ရဲ့ ဘာသာစကား၊ ယဉ်ကျေးမှု၊ဓလေ့ထုံးစံ/ထုံးတမ်းအစဉ်အလာများကိုလည်း ထိန်းသိမ်းသွားသည်သာမက ကိုးကွယ်ယုံကြည်မှုများကိုလည်း ထိန်သိမ်းကာကွယ် ရမည်ဖြစ်သလို မြှင့်တင်ပေးရန်လည်းလိုအပ်လှပါတယ်။ ကယားပြည်နယ်အတွင်းမှာရှိတဲ့ လူငယ်များဘ၀ တိုးတက်မြင့်မားရေးအတွက် အလုပ်အကိုင် အလွယ်တကူဖန်တီးပေးပြီး အလုပ်အကိုင်ရရှိစေ ရန်ကျောင်းပြင်ပ အသက်မွေးဝမ်းကျောင်းဆိုင်ရာသင်တန်းများ၊ ခေတ်မီ၍ ဝင်ငွေကောင်းသောလုပ်ငန်းသစ်များစွာ စီမံပေးပြီးသင်ကြားမှုဆိုင်ရာ သင်တန်းအစီအမံများ၊ လက်တွေ့နည်းပညာ စနစ်သစ် များကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။ အမျိုးသမီးများနှင့် ကလေးသူငယ်များရဲ့ အခွင့်အရေးနှင့် အခန်းကဏ္ဍကိုလည်းတင်ပြမည်ဖြစ်ပါတယ်။

အမျိုးသမီးများဘဝလုံခြုံမှုအတွက် ကာကွယ်စောင့်ရှောက်ရေး၊ အမျိုးသမီးများဖွံ့ဖြိုးမှုဆိုင်ရာ စီမံကိန်းများ၊ အမျိုးသမီးများ အမျိုးသားများနှင့် တန်းတူအခွင့်အရေးရရှိရန် ဖော်ဆောင်သွားဖို့ လိုအပ်ပါတယ်။ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးဆိုင်ရာသဘောတူညီချက်စာချုပ် (CEDAW) အကောင်အထည်ဖော်ရန်၊ အမျိုးသမီးများအပေါ်ခွဲခြားဆက်ဆံမှုမရှိစေရေးအတွက် အလေးထားဆောင် ရွက်ရပါမယ်။

အနာဂတ်ကလေးအရွယ်များအတွက် လိုအပ်သော ခောတ်မီဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ နည်းစနစ်များ၊ နည်းပညာများ၊ မူဝါဒများ၊ အာဟာရအစားအစာများ၊ ကျန်းမာရေးဆိုင်ရာ ကျန်းမာရေး ကာကွယ်စောင့်ရှောက်မှုများကို အလေးထားအကောင်အထည်ဖော်ဆောင်ရွက်သွားရန် လိုအပ်ပါတယ်။ ကလေးသူငယ်များအတွက် လိုအပ်သောစိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ လူမှုဘဝဆိုင်ရာ လိုအပ်ချက်များကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်သွားရပါမယ်။ ထိုကဲ့သို့လုပ်ဆောင်ရာတွင် အရည်အသွေးမြင့်မားပြီး ထိရောက်သောဝန်ဆောင်မှုများပေးရန် မူဝါဒဆိုင်ရာစီမံကိန်းများ ချမှတ်အကောင်အထည် ဖော်ဆောင်ရွက်သွားရပါမယ်။

လူငယ်လူရွယ်များအတွက် နိုင်ငံတကာအဆင့်မီ ပညာရေးစနစ်သစ်များ၊ နည်းပညာသစ်များ၊ အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာနည်းပညာများ၊စာရိတ္တပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နည်းစနစ်များကိုမြန်မာ့ ယဉ်ကျေးမှု နှင့်အညီ ဆောင်ရွက်သွားရပါမယ်။ လူငယ်လူရွယ်တို့၏ စိတ်ခံစားချက်များအပေါ် အလေးထားပြီး လူငယ်လူရွယ် လူ့အရင်းအမြစ်ကောင်များပေါ်ပေါက်လာစေရန် ဆောင်ရွက်သွားရပါမည်။

လက်ရှိလူငယ်များ၏ ဘဝစံနှုန်းထက်မြင့်မားသော စံနှုန်းကို အရှိန်အဟုန်နှင့် မြန်ဆန်စွာတိုးတက် မြင့်မားလာစေရန် ထိရောက်သောပြောင်းလဲမှုစနစ်ဖြင့် ကိုင်တွယ် ဆောင်ရွက်သွားနိုင်ရန် လုပ်ဆောင် သွားရမှာ ဖြစ်ပါတယ်။ မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် လမ်းမှားရောက်နေသောလူငယ်များကိုလည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်သွားရပါမယ်။

လေးစားအပ်ပါသော ကယားပြည်နယ်သူ/ပြည်နယ်သား မဲဆန္ဒရှင်များခင်ဗျား -

အကြောင်း အမျိုးမျိုးကြောင့်နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူများကို ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်နေရာချထားရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ ၎င်းတို့ရဲ့ ဘဝအာမခံချက်ပေးနိုင်သော စီးပွားရေးအခြေပြုလုပ်ငန်းများ ပံ့ပိုးကူညီမှု အပြည့်အဝရရှိစေရန် ဆောင်ရွက်သွားရပါမယ်။ ကယားပြည်နယ်အတွင်း နေထိုင်သူများ၏အခြေခံ ကျန်းမာရေးစောင့်ရှောက်မှု ဆိုင်ရာ အဆင့်မြှင့်တင်ပေးဖို့ လိုအပ်ပါသည်။

ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီတို့၏ ဆောင်ရွက်ချက်များကို တတ်အားသရွေ့ပါဝင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ တိုင်းပြည်တည် ငြိမ်အေးချမ်းရေးအတွက် တရားဥပဒေစိုးမိုးရန်လိုအပ်ပါသည်။ လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် တိုင်းရင်းသားများအားလုံး အတူတကွပါဝင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ နှစ်ဦးနှစ်ဖက်ယုံကြည်မှုပိုမိုတည်ဆောက်လာနိုင်စေရန်နှင့် သဘောတူညီမှုများကို အကောင်အထည်ဖော်ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။

လေးစားအပ်ပါသော ပြည်သူ/ပြည်သား မဲဆန္ဒရှင်များခင်ဗျား -

သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ ပျက်စီးနေသော တောတောင်သဘာဝများအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်သွားရမှာဖြစ်ပါတယ်။ ရွေ့ပြောင်းတောင်ယာ စနစ်များကိုလျှော့ ချပြီး ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဝင်ငွေကောင်းပြီး စီးပွားဖြစ်စေသော တောတောင်သဘာဝနှင့်ကိုက်ညီသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို တစိုက်မတ်မတ်အကောင်အထည်ဖော် ဆောင်ရွက်သွား ရမှာဖြစ်ပါသည်။ တောတောင်သဘာဝသစ်ပင်များ ခုတ်ပစ်မှုနည်းနိုင်သမျှနည်းစေပြီး တောတောင်သဘာဝကိုအခြေပြု၍ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်လာစေရန် လုပ်ဆောင်သွားရမည်ဖြစ်ပါသည်။ သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းခြင်းဆိုင်ရာ ပညာပေးခြင်း၊ ပြန်လည်ထူထောင်ခြင်းလုပ်ငန်းများကို အကျယ်တဝင့်လုပ်ဆောင် သွားရမှာဖြစ်ပါတယ်။

လေးစားအပ်ပါသော မဲဆန္ဒရှင်များခင်ဗျား-

ကယားပြည်နယ်အတွင်း လိုအပ်လျက်ရှိသော လမ်းပန်းဆက်သွယ်ရေး၊လမ်း/တံတားများ အရည်အသွေးမြှင့်တင်ရန်နှင့် ရွာချင်းဆက်လမ်းများဆက်သွယ်ရေးစနစ်လုပ်ငန်းများကိုလည်း ကျေးရွာဒေသများ အသုံးပြုလာနိုင်စေရန်နှင့် ဝေးလံခေါင်ဖျားသောနေရာဒေသများတွင် နေထိုင်သူများအတွက် ပိုမိုအကျိုးဖြစ်ထွန်းလာစေရန် တိုးချဲ့၍ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။

လေးစားအပ်ပါသော မဲဆန္ဒရှင်များခင်ဗျား-

ကယားလူမျိုးစုဒီမိုကရေစီပါတီသည် ပြည်နယ်အခြေစိုက်၊ ပြည်နယ် ကိုယ်စားပြုသည့်ပါတီဖြစ်သည့် အားလျော်စွာ ကယားပြည်နယ်အတွင်းရှိ မြို့ပေါ်ကျေးလက်ဖွံ့ဖြိုးမှုကွာဟမှုနည်းပါးစေရန်နှင့် ကယားပြည်နယ်ဒေသတစ်ခုလုံးရဲ့ အကျိုးကို ထိရောက်စွာအမှန်တကယ်သယ်ပိုးဆောင်ရွက်သွားနိုင်မှာဖြစ်သောကြောင့် ကယားလူမျိုးစုဒီမိုကရေစီပါတီကိုယ်စားလှယ်များကို ဆန္ဒပြုရွေးချယ်ပေးနိုင် ပါရန်နှင့် ဆန္ဒမဲထည့်ဝင်ဆန္ဒပြုနိုင်ကြပါရန် တင်ပြအပ်ပါတယ်။ မဲဆန္ဒရှင် ကယားပြည်နယ်သူ / ပြည်နယ်သားများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ။

ကယားလူမျိုးစုဒီမိုကရေစီပါတီ

 ၁။  ပါတီအမည်  -  ကယားလူမျိုးစုဒီမိုကရေစီပါတီ
 ၂။  ပါတီအမည်(English)  -  Kayah Unity Democracy Party (KUDP)
 ၃။  ပါတီတည်ထောင် ခွင့်လျှောက်ထားသည့်နေ့  -  ၁၀.၄.၂၀၁၃
 ၄။  လာရောက်လျှောက်ထားစဉ်ပါတီအင်အား  -  ၁၆ ဦး
 ၅။

လာရောက်လျှောက်ထားစဉ်ခေါင်းဆောင်နှင့်

ဒုတိယခေါင်းဆောင်

 -  ဦးစောဒယ်နီယယ်၊ ဦးနိုင်နိုင်ထွေး
 ၆။  ပါတီတည်ထောင်ခွင့်ပြု့သည့်နေ့  -  ၁၁.၆.၂၀၁၃
 ၇။  ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားသည့်နေ့  -  ၂၈.၆.၂၀၁၃
 ၈။  ပါတီမှတ်ပုံတင်ခွင့်ပြုသသည့်နေ့  -  ၉.၈.၂၀၁၃
 ၉။  ခွင့်ပြုသည့်ပါတီအမှတ်စဉ်  -  အမှတ်စဉ်(၆၅)
 ၁၀။  ခွင့်ပြု့သည့်ပါတိအလံ  -  
 ၁၁။  ခွင့်ပြု့သည့် ပါတီတံဆိပ်  -  
 ၁၂။  ပါတီ ဥက္ကဋ္ဌ နှင့်ဗဟိုအလုပ်အမှုဆောင်စာရင်း  -  ဦးစောဒယ်နီယယ်၊ ဦးစိုင်းနိုင်နိုင်ထွေး
 ၁၃။  ပါတီနယ်မြေ  -  ကယားပြည်နယ်အတွင်း
 ၁၄။  ပါတီ ရုံးချုပ်တည်နေရာ  -  အမှတ်(၄၇)၊ ဟော်ကြီးလမ်း၊ မင်္ဂလာရပ်ကွက်၊ လွိုင်ကော်မြို့နယ်၊ကယားပြည်နယ်။
 ၁၅။  ဆက်သွယ်ရန် ဖုန်း နှင့် ဖက်စ်  -  ၀၉-၄၉၃၅၄၃၅၁(ဦးစောဒယ်နီယယ်) ၊၀၉-၄၉၄၀၃၀၅၄ (ဦးထွန်းကြိုင်)
 ၁၆။  ပါတီ၏ မူဝါဒလမ်းစဉ်များ  -  PDFDownload

 

 

မဇ္ဈိမရဲ့ SMS သတင်းတွေကို အခုပဲ ရယူလိုက်ကြရအောင်

Posted by Mizzima - News in Burmese on Sunday, September 6, 2015

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly