ကလေးစျေးကွက်သို့ တီးတိန်ဒေသထွက် ရွှေဖီ-ရွက်သစ်လက်ဖက်ခြောက်များ ပိဿာချိန်ထောင်ချီဝင်ရောက်

By မွှေးနီ
27 December 2018
ကလေးစျေးကွက်သို့ တီးတိန်ဒေသထွက် ရွှေဖီ-ရွက်သစ်လက်ဖက်ခြောက်များ ပိဿာချိန်ထောင်ချီဝင်ရောက်

ကလေး ၊ဒီဇင်ဘာ - ၂၇ ။         ။ ချင်းပြည်နယ်၊ တီးတိန်ဒေသမှထွက်ရှိသော ရွှေဖီ-ရွက်သစ်လက်ဖက်ခြောက်များအား ကလေးမြို့ စျေးကွက်အတွင်း ပိဿချိန်ထောင်ချီဝင်ရောက်ကာ ရောင်းချနေရကြောင်း ကလေးမြို့ သဇင်ရပ်ကွက် နေ့ချင်းတောင်လက်ဖက်ခြောက် ရောင်းဝယ်ရေးလုပ်ငန်းမှ သိရသည်။

တီးတိန်မြို့နယ်အတွင်းရှိ စိုက်ပျိုးသည့် လက်ဖက်ခင်းများမှ သဘာဝအရသာရှိ လက်ဖက်ခြောက်များသည် နိုဝင်ဘာလဆန်းပိုင်းမှစတင်၍ လှိုင်လှိုင် ထွက်ရှိနေပြီး ယင်းကဲ့သို့ရောင်းချနေရခြင်းဖြစ်သည်။

"တီးတိန်မြို့နယ်ထဲမှာ အရင်က လက်ဖက်စိုက်ခင်းဧက သောင်းချီရှိခဲ့ ပါတယ်။ ဒါပေမယ့် အခက်အခဲ အမျိုးမျိုး တွေကြောင့် အခုတော့ ဧကထောင်ချီ လောက်ပဲ ရှိပါတော့တယ်။ ဖလမ်း၊ ဟားခါး၊ မင်းတပ်ဒေသတွေမှာလည်း လက်ဖက်စိုက်ပျိုးထုတ်လုပ်မှု ရှိတော့ရှိတယ်။ လက်ဖက်စိုက်ခင်းတွေ ရှိပေမယ့်လည်း စျေးကွက် တင်ပို့ ရောင်းချ နိုင်တဲ့ အနေအထား မရှိပါဘူး။ တီးတိန်နယ် လောက်တော့ မများဘူး။ နှစ်တိုင်းလည်း လက်ဖက် အကြမ်းခြောက် ထွက်ရှိပါ တယ်။ လက်ဖက်အချိုခြောက် လုပ်ငန်း နဲ့ လက်ဖက်စိုလုပ်ငန်းကတော့ နည်း ပညာလိုအပ်ချက်အရ ထုတ်လုပ်ရောင်းချနိုင်မှု နည်းပါးပါသေးတယ်။ လက်ဖက်ကို မတ် ၁ဝ ရက်နဲ့ ဧပြီ ၁ဝ ရက်အတွင်းခူးရင် အကောင်းဆုံးဖြစ် ပါတယ်'' ဟု ဆွောင်းဒေါ့ကျေးရွာ လက်ဖက်စိုက်ခင်းပိုင်ရှင် ဦးကျင်ဇာပုမ်း က ပြောသည်။

ချင်းတောင်လက်ဖက်ခြောက်ကို တီးတိန်မြိုနယ် မွာလ်ဇန်၊ ထန်စန်၊ တွီး ဗျားလ်၊ ဒေါလ်လွင်၊ ဆွောင်းဒေါ့ ကျေးရွာ များတွင် လက်ဖက်ပင်စိုက်ပျိုးမှုများပြား ပြီး နှစ်စဉ်ကလေးဒေသသို့ လက်ဖက် ခြောက်ပိဿာချိန် ထောင်ချီ တင်ပို့ ရောင်းချမှုရှိရာ ကလေးမြို့နယ် ရှားဖို၊ ကျောက်ပြုတ်၊ တင်သား၊ ကံပုလဲ၊ ကျောင်းတိုက်၊ ဆည်တော်ဦး ကျေးရွာ များ၊ ကလေးစျေးကွက်မှတစ်ဆင့် ပခုက္ကူ၊ မုံရွာနှင့် ဂန့်ဂေါနယ် နှမ်းခါး၊ မွေ့လယ် ကျေးရွာများသို့ တင်ပို့ရောင်းချ ကြကာ ယခုရက်ပိုင်း ချင်းတောင်ထွက် ရွှေဖီ - ရွက်သစ် လက်ဖက်ခြောက် တစ်ပိဿာလျှင် ငွေကျပ် ၅၅ဝဝ၊ လက်ဖက်အဖန် လှော်ခြောက် ငွေကျပ် ၁ဝဝဝဝ၊ လက်ဖက်အချို ငွေကျပ် ၆ဝဝဝ ပေါက်စျေးရှိကြောင်း သိရသည်။

တီးတိန်မြို့နယ်နှင့်ဖလမ်း မြို့နယ်တို့တွင်ရှေးယခင် ဘိုးဘွားစဉ်ဆက် ကတည်းကပင် လက်ဖက်စိုက်ပျိုးရေး လုပ်ငန်းကို ဆောင်ရွက်ခဲ့ကြပြီး ၂ဝဝဝ ပြည့်နှစ်ဝန်းကျင် ကာလတွင် လက်ဖက်စိုက်ဧက သောင်းချီ ဖြစ်လာ စေရန် ချင်းပြည်နယ်ကို လက်ဖက်ပြည်နယ်ဟု စီမံကိန်းတစ်ရပ်အဖြစ် တွန်းအားပေးအကောင်အထည် ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ သို့သော် နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်များ၊ လက်ဖက်ခြံပြုပြင်ရေးနှင့် ထွက်ရှိလာသည့် လက်ဖက်များအတွက် အရင်းအနှီးများ လိုအပ်ချက်များနှင့် စျေးကွက် လိုအပ်ချက်များကြောင့် လက်ဖက် စိုက်တောင်သူများအနေဖြင့် အခက်အခဲမျိုးစုံ ကြုံတွေ့ခဲ့ပြီး တီးတိန်မြို့နယ်၌သာ လက်ဖက်ခြောက် အများဆုံး အောင်မြင်ဖြစ်ထွန်းခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly