ဌာနဆိုင်ရာအချို့ အိပ်ချင်မူးတူးဖြစ်နေပြီး အမူးမပြေသေးဟု မန်းဝန်ကြီးချုပ်ပြော 

ဌာနဆိုင်ရာအချို့ အိပ်ချင်မူးတူးဖြစ်နေပြီး အမူးမပြေသေးဟု မန်းဝန်ကြီးချုပ်ပြော 
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်။ (ဓာတ်ပုံ - ဟိန်းထက်/အီးပီအေ)

နေပြည်တော်(ဒီဇင်ဘာ ၂ရရက်၊ ၂၀၁၈ခုနှစ်)။   ။ NLD အစိုးရလက်ထက် လက်ရှိ ရင်ဆိုင်နေရသည့် အုပ်ချုပ်ရေးဆိုင်ရာ အခက်အခဲများနှင့် ပတ်သက်ပြီး ဌာနဆိုင်ရာအချို့ အိပ်ချင်မူးတူးဖြစ်နေပြီး အမူးမပြေသေးဟု မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားခဲ့သည်။

မဇ္ဈိမသတင်းဌာနနှင့် ဒီဇင်ဘာ ၂၆ရက်၊ ညနေပိုင်းက ပြုလုပ်သည့် တိုက်ရိုက်တွေ့ဆုံမေးမြန်းခန်း “Minister's Questions” အစီအစဉ်တွင် လက်ရှိ ရင်ဆိုင်နေရသည့် အုပ်ချုပ်ရေးဆိုင်ရာ အခက်အခဲများနှင့်ပတ်သက်ပြီး ဝန်ကြီးချုပ်က ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ဌာနဆိုင်ရာ တစ်ချို့က အိပ်ချင်မူးတူးဖြစ်နေသေးတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် အမူးမပြေသေးဘူးဗျ။ သူတို့နေခဲ့တဲ့ အလေ့အကျင့်က အမိန့်နဲ့ ခိုင်းလိုက်တယ်။ လုပ်တယ်၊ ကြောက်တယ်ပေါ့ဗျာ။ ကျွန်တော်တို့က ဒီမိုကရက်တစ်ကာခြာနဲ့ ညှိညှိနှိုင်းနှိုင်းလုပ်တယ်။ တိုင်တိုင်ပင်ပင်လုပ်တဲ့အခါမျိုးကျတော့ သံယောဇဉ်ပဲ ကျန်နေတာလား။ ရွှေထီးဆောင်းတဲ့လူတွေကိုပဲ ပြန်တမ်းတနေသလားတော့ မသိဘူး။ ဒါ တစ်ကယ့် အခက်အခဲပဲ” ဟု အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ ဒုတိယဥက္ကဌလည်းဖြစ်၊ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သည့် ဒေါက်တာဇော်မြင့်မောင််က ပြောသည်။

NLD အစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် ဌာနဆိုင်ရာအချို့ လိုက်ပါပြောင်းလဲခြင်း မရှိသော ကြောင့် အခက်အခဲများရှိနေကြောင်းလည်း မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားလိုက်သည်။

ထို့အပြင် အခြေခံဥပဒေအရ ပေးထားသည့် လုပ်ပိုင်ခွင့်အာဏာအရ ဝန်ကြီးချုပ်က သိပိုင်ခွင့်၊ စီမံခန့်ခွဲပိုင်ခွင့် ရှိသည့် ကိစ္စများကိုမူ ဌာနဆိုင်ရာအချို့က ဝန်ကြီးချုပ်ထံ အစီရင်မခံသည့် အခက်အခဲများ ရှိနေသေးကြောင်း လည်း ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

တိုင်းပြည်အရေးနှင့် ပြည်သူ့အရေးကို ရှေးရှုသည့် NLD အစိုးရ၏ ပြုပြင်ပြောင်းလဲမှုများကို ရေရှည်တွင် အဆိုပါ ဌာနဆိုင်ရာဝန်ထမ်းအချို့ နားလည်လာလိမ့်မည်ဟု မျှော်လင့်ကြောင်းလည်း ဒေါက်တာဇော်မြင့်မောင်က မဇ္ဈိမ၏ “Minister's Questions” အစီအစဉ်တွင် ထည့်သွင်းပြောဆိုခဲ့သည်။

“ရေရှည်ကျရင် ကျွန်တော်တို့ ပြုပြင်ပြောင်းလဲရေး လုပ်လာတဲ့အခါ ဝန်ထမ်းတွေ သိလာမှာပါ။ အခြေနေ၊ အချိန်အခါ အရင်လို မဟုတ်တော့ဘူး။ ဒီမိုကရေစီဘက်ကို ရှေးရှုနေပြီ။ တိုင်းပြည်ရဲ့အရေးကိုပဲ ကြည့်မယ်။ ပြည်သူ့အရေးကိုပဲ ကြည့်မယ်။ အဲ့လို အခြေအနေကို သိလာမယ်။ ဒီမိုကရေစီ ယဉ်ကျေးမှုကို သိလာမယ်ဆိုရင် ဒီလိုဝန်ထမ်းတွေ အမူးပြေသွားလိမ့်မယ်လို့တော့ ထင်ပါတယ်” ဟု ၎င်းက ဆိုသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ တိုက်ရိုက်ခန့်အပ်သည့် ပြည်ထဲရေးဝန်ကြီး လက်အောက်တွင်ရှိနေသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို သမ္မတ၏ အုပ်ချုပ်မှုအောက်သို့ ပြောင်းရွှေ့ ပြီးပါက အစိုးရယန္တယားကြီး လုပ်ငန်းများ ပိုမိုသွက်လက်၊ ချောမွေ့လာမည်ဟုလည်း ဒေါက်တာဇော်မြင့်မောင် က မျှော်လင့်ထားသည်။

“အဲ့ဒါလေးက တော်တော်လေး လုပ်သာကိုင်သာရှိမယ့် ဥစ္စာ” ဟု ၎င်းက ပြောသည်။

ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို သမ္မတ၏ တိုက်ရိုက်အုပ်ချုပ်မှု အောက် တွင်ရှိသည့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနအောက်သို့ အမြန်ဆုံး ပြောင်းရွှေ့သွားမည်ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဒီဇင်ဘာ ၂၁ရက်က သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

ဝန်ကြီးချုပ်များနှင့် လုပ်ငန်းသဘောအရ အဆင်ပြေနေသည့် အရာရှိများအား ဝန်ကြီးချုပ်ကို အသိမပေးဘဲ ပြောင်းလဲလိုက်ခြင်းကြောင့် အခက်အခဲများ ရှိနေကြောင်း၊ NLD အစိုးရသက်တမ်း သုံးနှစ်အတွင်း မန္တလေးတိုင်းအစိုးရအဖွဲ့တွင် အတွင်းရေးမှူး လေးဦး ပြောင်းသွားကြောင်း၊ အဆိုပါ အပြောင်းအလဲများကို ဝန်ကြီးချုပ်ကိုယ်တိုင် မသိရကြောင်းလည်း ဒေါက်တာဇော်မြင့်မောင်က မဇ္ဈိမ၏ “Minister's Questions” အစီအစဉ်တွင် ထည့်သွင်းပြောကြားခဲ့သေးသည်။ 

“ကျွန်တော်တို့နဲ့ လုပ်ငန်းအဆင်ပြေနေတဲ့လူတွေပေါ့ဗျာ။ ဆိုပါစို့ လမ်းဦးစီးဌာနတို့၊ ဆောက်လုပ်ရေးတို့၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးတို့ အဲ့လိုဟာတွေမှာ အပြောင်းအလဲတွေက ကျွန်တော်တို့ ဝန်ကြီးချုပ်ကို အသိမပေးဘဲနဲ့ ပြောင်းပစ်လိုက်တဲ့အခါ လုပ်ငန်းလုပ်ရတဲ့ဟာတွေမှာ ကျွန်တော်တို့အတွက် အခက် အခဲလေးတွေ ရှိတာပေါ့” ဟု ၎င်းက ဆိုသည်။ 

အဆိုပါ အခြေအနေများကို ပြည်ထောင်စုအစိုးရအဆင့် အစည်းအဝေးများတွင် တင်ပြခဲ့ရာ လက်ရှိတွင် အဆိုပါ တိုင်းအဆင့် အုပ်ချုပ်ရေးအရာရှိများကို ပြောင်းလဲမည်ဆိုပါက တိုင်းအစိုးရဝန်ကြီးချုပ်များ၏ သဘောထား မှတ်ချက် တောင်းရန် ညွှန်ကြားချက် ထွက်လာပြီဖြစ်သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly