‘ဒါမှ သူသိခဲ့တဲ့ ပေါ့ဘာ’လို့ ချီးကျူးသွားတဲ့ ဆိုးလ်ရှား

‘ဒါမှ သူသိခဲ့တဲ့ ပေါ့ဘာ’လို့ ချီးကျူးသွားတဲ့ ဆိုးလ်ရှား
Photo: AFP

ဟတ်ဒါဖီးလ်ကို ၃-၁ ဂိုးနဲ့ အနိုင်ရတဲ့ ဘောက်ဆင်ဒေး (Boxing Day) ပွဲစဉ်မှာ ပေါ့ဘာဟာ ၂ ဂိုး သွင်းပေးခဲ့ပြီးနောက် ဆိုးလ်ရှားက အရန်အသင်းကို ကိုင်တွယ်ခဲ့စဉ်က သူသိခဲ့တဲ့ ပေါလ်ပေါ့ဘာကို မန်ယူအသင်းဟာ အခု ပြန်မြင်နေရပြီဖြစ်တယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။

ဆိုးလ်ရှားဟာ ယာယီနည်းပြအဖြစ် တာဝန်ယူပြီးနောက် ပြီးခဲ့တဲ့ စနေနေ့မှာ ကာဒစ်ဖ်ကို ၅-၁ ဂိုးနဲ့ ဂိုးပြတ်နိုင်ပွဲနဲ့ စတင်ခဲ့ပြီး အိုးထရက်ဖို့ဒ်မှာ ဟတ်ဒါဖီးလ်ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာတော့ ပရိသတ်တွေက သူ့ကို လှိုက်လှဲစွာနဲ့ ဂုဏ်ပြုကြိုဆိုခဲ့ပါတယ်။

အဲဒီပွဲစဉ်မှာ မန်ယူအတွက် အဖွင့်ဂိုးကို မာတစ်က စတင်သွင်းယူခဲ့ပြီး ဒုတိယပိုင်းမှာတော့ ကွင်းလယ်လူ ပေါ့ဘာက အနိုင်ဂိုး ၂ ဂိုးဆက် သွင်းခဲ့တာပါ။ ပေါ့ဘာဟာ နည်းပြ မော်ရင်ဟိုရဲ့ လက်အောက်မှာ တောက်လျှောက်ရုန်းကန်ခဲ့ရပြီး ပွဲစဉ်အချို့မှာ အရန်အနေနဲ့သာ ပါဝင်ခဲ့ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ အပတ်က နည်းပြရာထူးကနေ ထုတ်ပယ်ခံရတဲ့ မော်ရင်ဟိုနေရာမှာ ရာသီကုန်အထိ ယာယီနည်းပြအဖြစ် ဆိုးလ်ရှား ဝင်ရောက်လာတဲ့ နောက်ပိုင်း နော်ဝေလူမျိုးနည်းပြ လက်ထက်မှာတော့ နည်းစနစ်ပိုင်း အပြောင်းအလဲနဲ့အတူ ပေါ့ဘာဟာ ၂ ပွဲမှာ ၂ ဂိုးဖန်တီး၊ ကိုယ်တိုင် ၂ ဂိုး သွင်းယူပြပြီး သူ့အပေါ် မျှော်လင့်ထားတဲ့ ခြေစွမ်းမျိုးကို ပြသနိုင်ခဲ့ပါတယ်။

ဂျူဗင်တပ်စ်အသင်းဆီ ပေါ့ဘာ မပြောင်းရွေ့ခင်က လူငယ်ကစားသမားအရွယ်မှာ ဆိုးလ်ရှားက နည်းပြခဲ့ဖူးပြီး ၂၀၁၆ ခုနှစ်မှာတော့ သူ့ကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၈၉ သန်းနဲ့ မန်ယူအသင်းက ပြန်လည်ခေါ်ယူခဲ့ပါတယ်။

“ဒါမှသာ ကျနော်သိတဲ့ ပေါလ်ပါပဲ။”လို့ ဆိုးလ်ရှားက ပြောပါတယ်။ “အရန်အသင်းနဲ့ လူငယ်အသင်းမှာ ကျနော်နဲ့အတူ ရှိခဲ့တဲ့ကတည်းက ကျနော်သိခဲ့တဲ့ ပေါလ်ပဲ။”

“သူက အမြဲတမ်း ပျော်ရွင်နေတဲ့ ကောင်လေးတစ်ယောက်ပါ။ အမြဲတမ်း သူ့မျက်နှာပေါ်မှာ ကြီးမားတဲ့ အပြုံးတစ်ခု ရှိခဲ့ပါတယ်။”

ပေါ့ဘာဟာ ဒီရာသီ မော်ရင်ဟိုနဲ့ ထိပ်တိုက် တွေ့ဆုံတိုက်ခိုက်မှုတွေနဲ့အတူ ပျော်ရွှင်မှုပုံရိပ် လျော့နည်းခဲ့ပြီး ပေါ်တူဂီနည်းပြရဲ့ နောက်ဆုံး လိဂ်ပွဲစဉ် ၃ ပွဲမှာ အရန်ခုံမှာသာ ထိုင်ခဲ့ရပါတယ်။

“ခင်ဗျားဟာ ဂိုးတစ်ဂိုး သွင်းယူတဲ့အချိန်မှာ အမှန်ပဲ ပျော်ရွှင်နေမှာပါ။ 

ဒါပေမယ့် ခင်ဗျား မန်ယူအသင်းအတွက် ကစားပေးရတဲ့အခါ ပျော်ရွှင်သင့်ပါတယ်။ ဒါပေါ့ ဒါဟာ တာဝန်ယူမှုတစ်ခု။ ဒါပေမယ့် ဒါဟာ ဂုဏ်ယူစရာအပြင် အခွင့်အရေးတစ်ခုလည်းဖြစ်ပါတယ်။

ပေါလ်ဟာ မန်ယူအတွက် ကစားရတာကို ချစ်မြတ်နိုးတဲ့သူပါ။ သူက အရင်ကတည်းက မန်ချက်စတာယူနိုက်တက် အသင်းသား တစ်ယောက်ဖြစ်ပြီး ဒီကလပ်အတွက် ကစားရတဲ့ အဓိပ္ပာယ်ကိုလည်း နားလည်ထားတဲ့သူဖြစ်ပါတယ်။”လို့ ဆိုးလ်ရှားက ပြောဆိုခဲ့ပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required