ဗျတ္တတောင်ကုန်းနဲ့ ရောင်စုံပန်းခင်းများရှိရာသို့

ဗျတ္တတောင်ကုန်းနဲ့ ရောင်စုံပန်းခင်းများရှိရာသို့

 

ကျနော် မိခင်တိုင်းပြည်ပြန်ရောက်လာပြီးနောက်ပိုင်း ခရီးတော်တော်ထွက်ပါတယ်။ အသက်အရွယ်ကိုငဲ့ပြီး ဝေးလံသီခေါင်တဲ့ဒေသတွေ နယ်စပ်ဒေသတွေဆီ မသွားနိုင်ပေမယ့် ဖါးအံအနီးက ဇွဲကပင်တောင်လို မြင့်မားတဲ့တောင်လောက်တော့ တက်ဖြစ်အောင် တက်လိုက်ပါသေးတယ်။ ခရီးထွက်ပါများတော့ ခရီးထွက်ခြင်းကို ပိုပြီးခုံမင်လာရတယ်။

ကျနော်တို့ငယ်စဉ်က ကျိုက်ထီးရိုးတောင်ပေါ်ဘုရား ခြေလျင်တက်ရသလိုပါပဲ။ တခါတက်ပြီးပြန်လာရင် ပင်ပမ်းလွန်းလို့ နောက်ထပ်မသွားတော့ဘူးလို့ စဉ်းစားမိပေမယ့် နောက်နှစ် သူများတွေ ကျိုက်ထီးရိုးဘုရားသွားကြတယ်လည်းကြားရော ကျနော့်မှာ မနေနိုင်မထိုင်နိုင် ထပ်သွားဖို့ ပြင်ဆင်ရပြန်တဲ့သဘောပါပဲ။

ခရီးတစ်ခုသွားတော့မယ်ဆိုရင် ပိုက်ဆံလေးကလည်း လောက်လောက်ငှငှပါမှ။ အချိန်ကလည်း အားမှ။ ကိုယ်သွားတဲ့ခရီးကလည်း ကိုယ့်အကြိုက်နဲ့ကိုက်ညီမှ။ အဲဒါမှ သွားရကျိုးနပ်တာကလား။
ဒီကနေ့တော့ ဘန့်ဘွေးကျင်းရေတံခွန်နဲ့ ဂုတ်ထိပ်တံတား သွားကြမယ်လို့ ဆရာမရှားရိုဖေါကပြောထားလို့ မနက်အိပ်ရာထကတည်းက ကျနော့်မှာ တက်ကြွနေခဲ့ပါတယ်။ ညတုန်းကတော့ တနေကုန် ကားစီး ခရီးပမ်းလို့ အိပ်ရာစောစောဝင်ခဲ့ပေမယ့် မနက်အိပ်ရာနိုးတော့ လန်းဆန်းနေခဲ့ပါတယ်။

အော်ပြောရအုန်းမယ်ဗျ။

ညတုန်းက အိပ်ရာက တရေးနိုးတဲ့အခါ ကျနော့်မှာ ဆက်မအိပ်နိုင်သေးဘဲ ထထိုင်နေခဲ့မိပါသေးတယ်။ ဘယ်နှစ်နာရီရှိပြီလည်းဆိုတာတော့ မခန့်မှန်းတတ်ပါဘူး။ အိပ်ရာကနိုးလာပြီး မျက်လုံးဖွင့်တော့ ကျနော့်ကုတင်ဘေးက မှန်ကာပြတင်းပေါက်ကြီးကတဆင့် ကျနော်ကုတင်ပေါ် လရောင်တွေ ဒလဟောသွန်ကျလာနေတာတွေ့လိုက်ရပါတယ်။ လုံးဝ မထင်မှတ်ထားလို့ အံ့သြတဲ့စိတ်နဲ့ အိပ်ရာက ထလိုက်ပါတယ်။ ပြန်လှဲမအိပ်ဘဲ ဆယ်မိနစ်လောက် ကုတင်ပေါ်မှာပဲ ထိုင်ပါတယ်။ ကဗျာတစ်ပုဒ်လည်း ရေးချင်လာပါတယ်။ ဒါပေမယ့်  ဧည့်သည်တစ်ယောက်အနေနဲ့ အချိန်မတော်ကြီး ကိုယ့်ကြောင့် အိမ်သားတွေကို အသံပြုနှောက်ယှက်ရာကျမှာစိုးလို့ ဒီအတိုင်း စိတ်နဲ့ပဲ ကဗျာရေးရပါတယ်။ ကဗျာခေါင်းစဉ်က “နောင်ချိုအကျဉ်းသား” တဲ့။ စိတ်နဲ့ရေး စိတ်နဲ့အသေအချာမှတ်။ ကျနော် ပြန်အိပ်လို့မရအောင် ပျော်ခဲ့တယ်။ မှန်ကာကြီးဘေး အရုပ်ကလေးတစ်ရုပ်ချပြီး အခန်းကလေးထဲ လရောင်တွေကျနေတာကို ဓါတ်ပုံရိုက်ယူထားလိုက်ပါသေးတယ်။

လရောင်ဆိုတဲ့အရာဟာ ကျနော့်အတွက်တော့ အရမ်းကာရော ထူးဆန်းလှတဲ့အရာတစ်ခုပါပဲ။

နေရာဒေသအမျိုးမျိုးမှာ လရောင်ကို တခုတ်တရ ခံစားမော့ကြည့်နေခဲ့ဖူးတာ အကြိမ်ကြိမ်။ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်လောက်က ကရင်ပြည်နယ် မိဆိုင်းကျောက်တောင်ကြီးပေါ်က ကရင်လက်နက်ကိုင်စခန်းတစ်ခုမှာ ခဏတည်းခိုနေစဉ်တုန်းကလည်း လရောင်ကို ကျနော် ခံစားမော့ကြည့်ဖူးတယ်။

အဲဒီစခန်းရဲ့ တာဝန်ခံက နောင်အခါ DKBA စဖွဲ့စဉ်က ဥက္ကဌဖြစ်လာတဲ့ ပဒိုသာထူးကျော်ပါ။ အဲဒီတုန်းက ပဒိုသာထူးကျော်က ဖါးအံမြို့နယ် ကရင်အမျိုးသားအစည်းအရုံး( KNU )ဥက္ကဌ။ ပဒိုသာထူးကျော်နဲ့ နေ့လည်က အင်တာဗျူးလုပ်တဲ့အခါ အဲဒီ မိဆိုင်းကျောက်တောင် တောင်ထိပ်စခန်းဟာ စစ်အစိုးရအဆက်ဆက် ဖြတ်လေးဖြတ်စစ်ဆင်ရေးအလုပ်ခံနေရတဲ့အချိန်တိုင်း ဒီကျောက်တောင်ကြီးပေါ်မှာပဲ ကရင်ရဲဘော် ၃၀ လောက်နဲ့ လအတော်များများ နှစ်စဉ်တက်လာပြီး ခိုအောင်းနေခဲ့တာလို့ဆိုပါတယ်။ တောင်အောက်ကို ဘယ်သူမှပြန်မဆင်းဘဲ တောင်ပေါ်က တောင်ကြားတွေထဲ စပါးစိုက် ပျောင်းစိုက် နှမ်းစိုက် ငှက်ပျောစိုက်ပြီး ရိက္ခာကို ကိုယ်တိုင်ထုတ်ပြီးနေလာနိုင်ခဲ့တဲ့နေရာလို့ဆိုပါတယ်။

ညကျတော့ အိပ်ဖို့နေရာရွေးတဲ့အခါ ကျနော်အိပ်ချင်တဲ့နေရာသာရွေးပြီးအိပ်ပါဆိုလို့ ရဲဘော်တစ်ယောက်အိပ်တဲ့ သစ်ကိုင်းနှစ်ခုကြားနေရာမှာပဲ ပခက်ဆွဲပြီးအိပ်ခဲ့ပါတယ်။

မူလအိပ်ရာရှင်ရဲဘော်လေးက ကျနော် လွတ်လွတ်လပ်လပ်အိပ်နိုင်ဖို့ဆိုပြီး နေရာပြောင်းအိပ်ပါတယ်။ ညဉ့် တစ်နာရီလောက်မှာ အိပ်ပျော်ရာက နိုးတော့ လရောင်တွေဟာ ကျနော့်ပခက်ပေါ် ကျနော့်အောက်က ကျောက်တုံးတွေပေါ် သစ်ကိုင်းတွေပေါ် ယက်သဲ့အပေါက်တွေကြား ရေတွေထိုးဆင်းလာသလို စခန်းတစ်ခုလုံး ထိန်ထိန်သာနေတာ တွေ့လိုက်ရပါတယ်။

တောင်အောက်တနေရာဆီက ဇီးကွက်မြည်သံ၊ နေရာအတိအကျ ခန့်မှန်းလို့မရနိုင်တဲ့နေရာက ချေဟောက်သံ ကြားရပါတယ်။ လေတိုးလို့ သစ်ပင် သစ်ရွက်လှုပ်ခတ်သံလည်း တချက်ချက်ကြားရပါတယ်။ လရောင်တွေဟာ ထိမကြည့်ရက်စရာ နုဖတ်ဝါဝင်းနေပုံက ကျနော့်တသက်တခါမှ မမြင်ဘူးလောက်အောင် လှပငြိမ်းချမ်းနေတာများ။

အခုလည်း ကျနော်အိပ်စက်ခွင့်ရတဲ့ အခန်းကလေးထဲ လရောင်တွေဟာ လမ်းလျှောက်တတ်ကာစ ကလေးငယ်တစ်ယောက်လို စိတ်ရှိလက်ရှိ ဝင်အိပ််နေတာများ ကျနော့်မှာ ထိုင်နေရာက မလှုပ်ရှားရဲလောက်အောင် ဖြစ်ခဲ့ရပါတယ်။ လရောင်တွေဟာ အခန်းထဲမှာ ကျနော်ရှိနေတာကို လုံးဝမသိသလို လုံးဝမကြည့်သလို အင်မတန် သိမ်မွေ့နူးညံ့စွာ နေရာယူထားကြတာပါ။

အကယ်၍များ ကျနော်က လှုပ်ရှားလိုက်ရင် လရောင်တွေ အခန်းထဲက ပြန်ရုပ်သွားကြမလားဆိုတဲ့စိတ်နဲ့ ကျနော့်မှာ အချိန်အနည်းငယ်အထိ မလှုပ်ရှားပဲ ငြိမ်နေခဲ့ရပါသေးတယ်။ နောက်တော့မှ မနက်ကြရင် ဘန့်ဘွေးကျင်းရေတံခွန်နဲ့ တခြားနေရာတွေ အစောကြီးအိပ်ရာထ သွားဖို့လာဖို့ ပြင်ဆင်ရအုန်းမှာပါလားဆိုတာတွေးမိပြီး အိပ်ရာထဲ ပြန်လှဲရပါတယ်။

မနက်ခတ်စောစော အိပ်ရာကထတဲ့အခါ အခန်းထဲမှာ လရောင်တွေများ ရှိအုန်းမလားဆိုပြီး ကမန်းကတန်း လိုက်ကြည့်လိုက်ပါသေးတယ်။ လရောင်တွေကို မတွေ့ရတော့ပါဘူး။ မှန်ကာပြတင်းပေါက်ကြီးရဲ့အပြင်ဘက်မှာတော့ မြူတွေဆိုင်းနေတာကို တွေ့ရပါတယ်။
( ဆက်လက်ဖတ်ရှုပါရန် )

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required