အိမ်တွင်းလက်မှု ကွမ်းခြင်းရက်သူများ ယခုနှစ် အကြပ်အတည်းနှင့် ကြုံတွေ့နေရ

အိမ်တွင်းလက်မှု ကွမ်းခြင်းရက်သူများ ယခုနှစ် အကြပ်အတည်းနှင့် ကြုံတွေ့နေရ

သထုံ၊ ဒီဇင်ဘာ၊ ၂၅ ။            ။ မွန်ပြည်နယ် သထုံမြို့နယ်ရှိ ဒေသထွက်ကွမ်းများကို စျေးကွက်တင်ပို့ရာတွင် အသုံးပြုသောကွမ်းခြင်းများ ရက်လုပ်သည့်လုပ်ငန်းဖြင့် အသက်မွေးသော အိမ်တွင်းလက်မှု ကွမ်းခြင်းရက်လုပ်သူများသည် ယခုနှစ်တွင် ခြင်းရက်အလုံးရေ ကျဆင်းနေသဖြင့် အလွန်အမင်းကြပ်တည်းနေကြကြောင်း ကာယကံရှင်များထံမှ သိရသည်။

"ဒီ ကွမ်းခြင်းရက်တဲ့အလုပ်နဲ့ပဲ လုပ်စားလာခဲ့တာ။ မိသားစုတွေ စားလောက်ခဲ့တယ်။ အခုဒီနှစ် ခြင်း သိပ်မရက်ရတော့ စားဝတ်နေရေးက မပြေလည်တော့ဘူး။ တော်တော်လေး ကြပ်တည်းသွားတယ်"ဟု ကွမ်းခြင်းရက်လုပ်ငန်းဖြင့် အသက်မွေးလာခဲ့သူ နောင်ဘိုကျေးရွာ ခရမ်း(၂)ပိုင်းနေ ဒေါ်နီနီဝင်းက ပြောသည်။

ကွမ်းခြင်းများကို ကွမ်းဒိုင်များ၏မှာယူမှု အလုံးအရေအတွက်အားလျော်စွာ ရက်လုပ် ကြရသည်ဖြစ်ရာ ကွမ်းဒိုင်များ ဘက်မှ ခြင်းအလုံးရေ မှာယူအား နည်းသွားသည့်အတွက် ခြင်းရက်လုပ်အား ကျသွားရခြင်း ဖြစ်သည်ဟု ဆိုကြသည်။

"ဟိုတုန်းကဆို ကွမ်းဒိုင်တွေက တစ်ရက်ကို အလုံးအစိတ်၊ ၃ဝလောက်ကို လာမှာထားကြတာ။ အခုကြတော့ ၂ ရက်၊ ၃ ရက်မှ ၁၄၊ ၅လုံး။ ပျမ်းမျှပြောရရင် တစ်ရက်မှာ ၅လုံး၊ ၆ လုံးလောက်ပဲမှာတော့ ။ ၅လုံး ၊ ၆ လုံးပဲ ရက်ရတော့တယ်ပေါ့။ တချို့ရက်တွေဆို လုံးလုံးကို မရက်ရတာတွေ ရှိတယ်"ဟု ကွမ်းခြင်းရက်လုပ်သူ မသဲစုသင်းလှိုင်က ပြောသည်။

ယင်းကွမ်းခြင်းများရက်လုပ်သည့် ရွှေမှုံဝါးကို ဘီးလင်း၊ နတ်ကြီးစသည်တို့မှ မှာယူကြရပြီး ဝါးတစ်လုံးကို ၁၇၀၀ ကျပ် ပေးဝယ်ရသည်ဆို၏။ ဝါးတစ်လုံးလျှင် ခြင်း ၄လုံးရ၍ ခြင်းတစ်လုံလျှင် ၁၂ဝဝကျပ်ရသဖြင့် တစ်ရက် ခြင်းအလုံး ၂၅၊ ၃၀ ရက်ခဲ့ရစဉ်မှာ ကိုယ်ပိုင်လုပ်ငန်းလေးဖြင့် အဆင်ပြေနေသေးသော်လည်း ယခုနှစ်တွင် ရက်လုပ်ရသည့် ခြင်းအလုံးရေ အလွန်အမင်းကျဆင်းသွားသဖြင် မိသားစု လူမှုဘဝ ကြပ်တည်းသွားရသည်ဟု ဆိုကြသည်။

အဆိုပါခြင်းများဖြင့် ဒေသထွက်ကွမ်းများကို တောင်ကြီး၊ လွိုင်ကော်။ မုံရွာ၊ မြဝတီတို့ဘက်သို့ အဓိက တင်ပို့လျက်ရှိရာ ယခုနှစ်တွင် မုံရွာဘက်၌ ကွမ်းအသေအပျက်မရှိခြင်း၊ လွိုင်ကော်ဘက်ကလည်း မုံရွာကွမ်းကို သာ ဝယ်ယူနေခြင်းတို့ကြောင့် သထုံကွမ်းများရောင်းအား ကျဆင်းသွားသည့်အတွက် ခြင်းအလုံးရေကို လျှော့မှာရခြင်းဖြစ်ကြောင်း ဒေသခံကွမ်းဒိုင်များထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly