အလှရှာတော်ပုံ

တကယ်တော့ ကိုယ်မရောက်ဖူးတဲ့ဒေသဖြစ်တာမို့ သူများပြောစကားအပေါ်မူတည်ပြီးမှ သဘာဝအလှအခင်းအကျင်းတွေ ဘယ်နေရာမှာရှိတယ် ဘယ်အချိန်သွားကြည့်ရမယ်ဆိုတဲ့အသိက ကျနော့်အတွက် အခက်အခဲတော်တော်ရှိပါတယ်။

နောက်ပြီးတော့လည်း ဒေသခံမိတ်ဆွေတွေက လိုလေသေးမရှိအောင် ကူညီကြတာမှန်တယ်။ ဘယ်နေရာသွားသင့်တယ်လို့ ၀ိုင်းဝန်းစဉ်းစားပေးကြတာလည်း အမှန်ပါပဲ။ ဒါပေမယ့် ကျနော်က ဘယ်လိုလူစားလည်း၊ ကျနော်က ဘယ်အရာကို ဦးစားပေးနှစ်သက်တတ်သလဲဆိုတာကြတော့ အခုမှပဲ ကျနော်နဲ့ မြင်ဖူးသိဖူးကြတာဖြစ်လို့ သူ့တို့ခဗျာ ထိထိရောက်ရောက်ဘယ်လိုလုပ် ခန့်မှန်းနိုင်မှာလည်းလေ။ ဒီတော့ အစားအသောက်တွေ ဖွယ်ဖွယ်ရာရာ  စီမံပေးတာ၊ အိပ်တာပြုတာကအစ သူတို့ခဗျာတော််တော်လေး ဦးစားပေးစီစဉ်ကြတာဖြစ်လို့ ကျနော့်မှာ တဖက်ကလည်းအားနာ တဖက်ကလည်း ကိုသိချင်သွားချင်ကြည့်ချင်တဲ့နေရာတွေ ကိုယ်မျှော်မှန်းထားသလို ထိထိရောက်ရောက်မှ ထိတွေ့ခွင့်ရပါ့မလားဆိုတဲ့စိတ်နဲ့ အချိန်တိုင်း စိတ်ပူနေခဲ့ရပါတယ်။

တစ်ခုတော့ရှိပါတယ်။ ခရီးအတူတူသွားတဲ့ ပန်းချီဆရာမ ရှားရိုဖေါ ကတော့ နောင်ချိုသူလည်းဖြစ်ပြန် အနုပညာရှင်လည်းဖြစ်တာမို့ အားလုံးအဆင်ပြေကောင်းရဲ့လို့ မျှော်မှန်းရတာပါပဲ။ အနုပညာစျာန် ခံစားမှုချင်းတူကြတာမို့ သူ့ကိုပဲ ပုံပြီးအားကိုးထားလိုက်မိပါတယ်။

ကျနော်တို့အဖွဲ့ ဆရာမရှားရိုဖေါ၊ တူမလေး ရှင်ဂွမ်းဂွိ၊ ကားဆရာ၊ ကျနော်နဲ့ ဆရာမရှားရိုဖေါရဲ့အမျိုးသား စုစုပေါင်း ငါးယောက်ဟာ နောင်ချိုရဲ့ ပထမနေ့ မနက်ပိုင်းမှာ ဂုတ်ထိတ်ချောင်းနဲ့တွင် အချိန်ကုန်သလိုဖြစ်ခဲ့ပါတယ်။ နေ့လည် ၁၂ နာရီလောက်မှာ ကျနော်တို့ကားကလေးဟာ နောင်ချိုမြို့ကို ပြန်ရောက်လာခဲ့ပြီး မြို့ရဲ့တောင်ဘက်အထွက် ခရီးဆက်ကြပါတယ်။ မနေ့တုန်းက ကျနော်လှမ်းမြင်ခဲ့တဲ့ တောင်ထိပ်နဲ့ တောင်အောက်တခွင်လုံး ပန်းတွေဖုံးနေတဲ့တောင်ဆီ ခရီးဆက်ကြမှာပါ။ အဲဒီတောင်ကုန်းဟာ ကံကြီးရွာနဲ့နီးတယ်လို့ဆိုပါတယ်။ တောင်ကုန်းနာမည်ကိုမသိပေမယ့် ရှမ်းပြည်တောင်ပိုင်း ရပ်စောက်ဘက်ကိုသွားတဲ့လမ်းဘေးမှာ ရှိတာပါ။ နောင်ချိုကနေ တစ်နာရီနီးပါးသွားရင်ရောက်ပါတယ်။ မနေ့တုန်းက ကျနော်မြင်ခဲ့တာကို ပြန်ပြောပြပြီး အားလုံးက အဲဒီတောင်ကုန်းဘဲဖြစ်မယ်ဆိုပြီးတွက်ချက်ခန့်မှန်းပြီး ထွက်လာခဲ့ကြတာပါ။

မကြာခဏဆိုသလို ကားကို လမ်းဘေးမှာ မကြခဏရပ်ပြီး မလှမ်းမကမ်း လှပတဲ့တောင်ကုန်းတွေ ပန်းခင်းတွေကို ဓါတ်ပုံရိုက်ကြပါတယ်။ ကံကောင်းချင်တော့ ကြိုတင်မေးမြန်းထားတဲ့အတိုင်း တွက်ချက်ခန့်မှန်းထားတဲ့အတိုင်း နောင်ချိုမြို့အထွက်ကစပြီး လမ်းတလျောက်လုံး တောရိုင်းနေကြာခင်းတွေဟာ ပတ်ဝန်းကျင်တခွင်လုံး အဝါရောင်လွှမ်းနေသလိုဖြစ်နေတာမို့ ကျနော့်စိတ်တွေ ပျော်ရွှင်မြူးထူးနေခဲ့ပါတယ်။ တချို့နေရာတွေမှာ အစိမ်းရောင်စိုက်ခင်းတွေနဲ့ အဖြူရောင် စိုက်ခင်းတွေကိုလည်းတွေ့ခဲ့ရပါတယ်။ နေကြာပန်းတွေကတော့ နေရာအနှံ့ပါပဲ။ ကားလမ်းဘေးနှစ်ဘက် ကျနော်တို့ဆီကခြုံနွယ်ပိတ်ပေါင်းတွေလိုဖြစ်ပြီး ကားလမ်းနဲ့ဘေးချင်းယှဉ် တမျှော်တခေါ်ကြီး လမ်းကို အနားကွပ်သလို ပွင့်နေရှိနေတာကလည်း အင်မတန်လှပါတယ်။ လူတွေက တမင် လမ်းတွေလှပအောင် စနစ်တကျစိုက်ထားတာလို့ ထင်ရလောက်အောင် သေသပ်သလိုဖြစ်နေပါတယ်။ ဘယ်တောရိုင်းနေကြပင်မဆို လူတစ်ရပ်ဝန်းကျင်ပဲမြင့်ကြတာဖြစ်လို့ တောရိုင်းနေကြာပင်တွေဟာ အမြင့်ညီညီ အစုအဖွဲ့လိုက် ပေါက်နေကြတာမို့ ၀ါ၀ါထိန်နေတဲ့တောရိုင်းနေကြာပန်းခင်း စိုက်ခင်းတွေအဖြစ် သဘာဝကြီးက ချယ်သပေးထားလိုက်တဲ့သဘောပါပဲ။

တနေရာရောက်တော့ ကျနော်ရိုက်ချင်တဲ့ ပုံစံအနေအထားနဲ့ကိုက်ညီမယ်ထင်ရတဲ့သစ်ပင်ကြီးတစ်ပင်ကိုတွေ့ရလို့ ကားကိုရပ်ခိုင်းရပြန်ပါတယ်။

ကားလမ်းဘေး စိုက်ခင်းတစ်ခုရဲ့အစပ် ခတ်ပြေပြေအနိမ့်ပိုင်းတနေရာကို ခတ်သွက်သွက်ဆင်းလာလိုက်ပါတယ်။ ကိုက် ၂၀၀ လောက်အကွာ ထယ်ထိုးထားတဲ့ အနီရောင်စိုက်ခင်းရဲ့ဟိုဘက်မှာ တည်ပင်လိုလို ညောင်ပင်လိုလို သစ်ပင်ကြီးတစ်ပင်ဆီ ချဉ်းကပ်လာခဲ့တာပါ။ နောက်ကိုလှည့်ကြည့်တော့ ဆရာမရှားရိုဖေါကရှေ့က သူ့နောက်မှာက သုံးယောက်။ သူတို့လည်း ခြံရှင်ဖြစ်သူကို ဓါတ်ပုံရိုက်ဖို့ ဆင်းလာကြတာဖြစ်ကြောင်း အော်ဟစ်ရှင်းပြရင်း ကျနော့်နောက်က လိုက်လာကြတာပါ။

သစ်ပင်ကြီးက ပင်စည်အထက်သာသာလောက်မှာ တစ်ပင်လုံး ချိုင်ချထား ခုတ်ချထားတာပါ။ ဒါပေမယ့် တစ်ခုတည်းသော သစ်ကိုင်းကြီးတစ်ခုက ဘေးကို တည့်တည့်ကြီးလက်ထိုးပြီးဆန့်တန်းထားသလို ရှိ်နေပါသေးတယ်။ အဲဒီသစ်ပင်ကြီးရဲ့ ထူးဆန်းလှပတဲ့ အနေအထားကို တချက်လောက် မင်သက်မိရပ်ကြည့်ပြီးမှ နေရာအမျိုးမျိုးပြောင်းပြီး ဓါတ်ပုံရိုက်ပါတယ်။ တုတ်ခိုင်ပြီး အမြှောင်းအမြှောင်းတွေထနေတဲ့ ပင်စည်ကြီးကလည်း လှပါတယ်။ ဖြောင့်ဖြောင့်ကြီး ဆန့်ထွက်နေတဲ့သစ်ကိုင်းကြီးကလည်း ဆန်းကြယ်လှပါတယ်။

သစ်ပင်ကြီးကို ဓါတ်ပုံရိုက်နေစဉ် လွန်ခဲ့တဲ့ နှစ်နှစ်က ဓနုဖြူဘက် ရေဘောက်ကြီးရွာမှာ တွေ့ခဲ့ဖူးတဲ့ သစ်ပင်ကြီးတစ်ပင်ကို မျက်စေ့ထဲပြန်မြင်မိပါတယ်။  အင်မတန်ကြီးလှတဲ့ ကုက္ကိုပင်ကြီးပါ။ သူလည်းပဲ ပင်စည်အထက်လောက်ကစပြီး တပင်လုံးသစ်ကိုင်းတွေချိုင်ချထားတာပါပဲ။ ဒါပေမယ့် ကျန်နေသေးတဲ့ သစ်ကိုင်းငုတ်တိုကြီးက အင်မတန်ပန်းချိီဆန်လှပါတယ်။ ကဗျာဆရာကြီး မင်းသုဝဏ် ရဲ့ “ပျဉ်းမငုတ်တို” ကဗျာကိုတောင်မှ သတိရလာရပါတယ်။ အခု ကျနော်ကြုံတွေ့နေရတဲ့ သစ်ပင်ကြီးနဲ့ ခန့်ထည်တာချင်း အတူတူဆိုပေမယ့် အလှချင်းကြတော့ တမျိုးစီပါပဲ။ ကဗျာဆရာကြီးတင်မိုးရဲ့ “အလှကိုယ်စီ”ဆိုတဲ့ကဗျာတစ်ပုဒ်လိုပေါ့။

ဒီကြားထဲ ပန်းချီဆရာတစ်ယောက်ပြောဖူးတဲ့စကားကိုလည်း သတိရလာပြန်ပါတယ်။ “ဘယ်သစ်ပင်မဆို ကိုယ်ပိုင်ဒီဇိုင်းကိုယ်စီ ရှိကြတာချည်းပါပဲ” ဆိုတဲ့စကားပါ။ ကျနော်တွေ့ဖူးခဲ့တဲ့ ရေဘောက်ကြီးရွာက သစ်ပင်ကြီးကတော့ လူသားရဲ့အားမာန်ကို ဖေါ်ညွှန်းနေသလိုရှိပြီး အခု ကျနော် ဓါတ်ပုံဆင်းရိုက်တဲ့သစ်ပင်ကြီးကတော့ လောကဓံကို အညံ့မခံ အံကြိတ်ပြီး တွန်းလှန်တင်းခံထားတဲ့သဘော သက်ဝင်နေပါတယ်။

ကိုယ့်အတွေးနဲ့ကိုယ် နစ်မျောနေတုန်း သတိရလို့ နောက်ကိုလှည့်ကြည့်တော့ လက်ကိုင်ဖုန်းကိုယ်စီနဲ့ သစ်ပင်ကြီးကို ဓါတ်ပုံဝိုင်းရိုက်နေကြတဲ့ ခရီးဖေါ်အားလုံးကို တွေ့ရပါတော့တယ်။ ဆရာမ ရှားရိုဖေါ ရဲ့ မှတ်ချက်ပြုသံကိုကြားရတော့ ကျနော့်မှာ ပီတိဖြစ်လိုက်ရပါသေးတယ်။

“ဦးငြိမ်းဝေက တော်တော်မြင်တတ်တယ်။ ဘာစိုက်ခင်းမှလည်းမတွေ့ရဘဲ ကားရပ်ခိုင်းပြီးဆင်းသွားတော့ ကျမက ဘာဆင်းလုပ်တာလဲဆိုပြိီး လှမ်းကြည့်နေသေးတာ။ သစ်ပင်ကြီးဆီဆင်းသွားမှ  သဘောပေါက်လာရတာ။ တော်တော့်ကိုလှတဲ့ သစ်ပင်ကြီးပဲဆရာရယ်။ ဆရာကတော့ မြင်တတ်လိုက်တာ”
(အခု ဒီဆောင်းပါးနဲ့အတူ ရေဘောက်ကြီးရွာမှာ ကျနော်ရိုက်ယူခဲ့တဲ့ ကုက္ကိုပင်ကြီးပုံ ၂ ပုံကို တင်ပေးလိုက်ပါတယ်။ ကံကြီးရွာအနီး လမ်းဘေးမှာဆင်းရိုက်ခဲ့တဲ့ သစ်ပင်ကြီးကတော့ နောက်တနေ့မှာ ကင်မရာ memory ကတ် မမျှော်လင့်ဘဲပျက်စီးသွားတဲ့အထဲ ပါသွားခဲ့တာမို့ တင်မပေးလိုက်နိုင်ပါဘူးခင်ဗျား။)

Mizzima Weekly