ရော်ဘာစေးခံကော်ခွက်များ အစားထိုးသုံးသော်လည်း စဉ့်ခွက်များ ရောင်းအားမကျ

ရော်ဘာစေးခံကော်ခွက်များ အစားထိုးသုံးသော်လည်း စဉ့်ခွက်များ ရောင်းအားမကျ

သထုံ၊ ဒီဇင်ဘာ၊ ၂၄ ။              ။ ရော်ဘာစေးခြစ်လုပ်ငန်းတွင် စေးခံခွက်အဖြစ် ကော်ခွက်များကို အစားထိုးအသုံးပြုလာကြသော်လည်း မူလ အသုံးပြုခဲ့ကြသည့် စဉ့်ခွက်များမှာ ရောင်းအားကျသွားခြင်း မရှိဘဲ စဉ့်သုတ်မြေခွက်လုပ်ငန်းများ ပုံမှန်ရပ်တည် လည်ပတ်နေလျက်ရှိကြောင်း မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ စဉ့်ခွက်လုပ်ငန်းရှင်များထံမှ သိရသည်။

"ပုံမှန်ရောင်းနေရတာပါပဲ။ ဘာမှ မထူးပါဘူး။ ကျွန်တော်တို့ ဖြစ်လေ့ဖြစ်ထရှိတာကတော့ ၄ နှစ်မှာ တစ်ကြိမ် လောက် သိသိသာသာကြီးကို ရောင်းအားကောင်းတယ်။ ကျန်တဲ့နှစ်တွေမှာ အရောင်းအဝယ်ကတော့ ဒီလို ပုံမှန်ပါပဲ။ မထူးပါဘူး"ဟု ရော်ဘာစေးခံစဉ့်ခွက် ထုတ်လုပ်သူ သုဝဏ္ဏဝတီမြို့၊ တံတားဦးတောင်ပိုင်းနေ ဦးကိုငယ်က ပြောသည်။

စဉ့်သုတ်ခွက်များသည် ကော်ခွက်များထက် အလွန်အမင်း စျေးမြင့်မားသော်လည်း သုံးစွဲသူ ရော်ဘာတောင်သူ အများစုကမူ စဉ့်ခွက်ကိုပို၍ နှစ်သက်ကြသည်။

"ကျွန်မ ရော်ဘာခြံစလုပ်ကတည်းကပဲပေါ့။ အခုဆို ဒီစဉ့်ခွက်တွေဟာ ၇ နှစ်၊ ၈ နှစ်ရှိပြီ။ ဒီ စဉ့်ခွက်ပဲလေ။ အကောင်းကြီး ရှိသေးတယ်။ သူက တာရှည်ခံတယ်။ သန့်လည်း သန့်တယ်။ ခွက် မညစ်ပတ်ဘူး။ ကော်ခွက်က ရော်ဘာစေးတွေနဲ့ ကပ်ပြီး ညစ်ပတ်တယ်။ အကြမ်းလည်း သိပ်မခံဘူး။ နေပူပြင်းရင် သူ့ ဘာသာသူလည်း ကွဲတတ်တယ်"ဟု ဇရစ်ချောင်ကျေးရွာ မဲဇာ၌ ရော်ဘာခြံလုပ်ကိုင်သူ ဒေါ်ဥမ္မာက ပြောသည်။

ယခုနှစ်တွင် ကော်ခွက်မှာ တစ်ခွက်လျှင် ကျပ် ရဝနှင့် ၈၀ ခန့်ရှိပြီး စဉ့်ခွက်မှာ ကျပ် ၂၀၀၊ ၂၅ဝခန့် ရှိသည်။ ကော်ခွက်ကို ငွေကြေးခြွေတာမှုအရ အသုံးပြုကြပြီး သန့်သန့်ရှင်းရှင်းနှင့် တာရှည်အသုံးခံရန် အတွက်ကိုမူ စဉ့်ခွက် ကိုသာ အသုံးပြုကြကြောင်း ရော်ဘာတောင်သူများထံမှ သိရသည်။

စဉ့်ခွက်ပြုလုပ်ရာတွင် လယ်ရွှံ့စေးမြေနှင့် ဂဝံမြေကို ဆတူရောပြီး မပျော့မမာ အနေတော် စေးလာအောင် ရေဖြင့် လုံးနယ်ပေးရသည်။ အနေတော် စေးလာသောမြေကို လက်လှည့်စက်ခုံပေါ်တွင် ၅ လက်မခွဲခွက်၊ ၆ လက်မခွက်စသဖြင့် လိုရာခွက်ပုံကို စက်လှည့်ပုံသွင်းရသည်။ ထို ပုံသွင်းထားသောမြေခွက်များကို တစ်နေ အခြောက်လှန်းရသည်။

ခြောက်သွားသော တနေလှန်းမြေခွက်များကို ဖိုထဲထည့်စီပြီး နောက်နေ့တွင် ထင်းမီးဖြင့် မီးဖုတ်ကြရသည်။ တစ်ဖိုလျှင် ခွက်အလုံးရေ ၂၅၀၀ ရပြီး မီးဖုတ်သည့် ၃ ရက်မြောက်နေ့တွင် ဖိုဝဖွင့်ပြီး တစ်ရက် အအေးခံ ရသည်။ ၅ ရက်ကြာပြီးနောက် အအေးခံပြီးသောမြေခွက်များကို စဉ့်ရည် သုတ်ရသည်။ ချော်မှုန့် ၁၀ ဗူးနှင့် ခဲမှုန့် ၃ ဗူးကို ထမင်းရည်ဖြင့်ရောစပ်ဖျော်မွှေလျှင် စဉ့်ရည်ဖြစ်သည်။

အဆိုပါ သုံးစွဲရန်အသင့်ဖြစ်သော ရော်ဘာစေးခံစဉ့်ခွက် (စဉ့်သုပ် မြေခွက်)များကို ဒေသတွင်းရှိ ရော်ဘာ တောင်သူများ၊ ပြန်လည်ရောင်းချမည့် ဆိုင်များနှင့် သထုံ၊ ပေါင်၊ မုတ္တမ၊ ဘားအံ၊ အိန္ဒု ၊ နောင်လုံ၊ ရွှေရောင်ပြ ၊ ရွှေကျင်၊ ငွေဆောင်စသည်တို့သို့ ယခင်နှစ်များနည်းတူ လက်လီလက်ကား ပုံမှန်ဖြန့်ချိနေကြောင်း တံတားဦး ကျေးရွာ မြတ်မေမေစဉ့်ခွက်လုပ်ငန်းထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly