နိုင်ငံခြားသား ကစားသမား ၃ ဦးကို ရခိုင်ယူနိုက်တက်အသင်း ခေါ်ယူ

နိုင်ငံခြားသား ကစားသမား ၃ ဦးကို ရခိုင်ယူနိုက်တက်အသင်း ခေါ်ယူ
Photos: Rakhine United FC

မြန်မာနေရှင်နယ်လိဂ်ကလပ် ရခိုင်ယူနိုက်အသင်းဟာ ၂၀၁၉ ဘောလုံးရာသီအတွက် နိုင်ငံခြားသား ကစားသမား ၃ ဦးကို ခေါ်ယူလိုက်ကြောင်း သိရပါတယ်။

ယခုခေါ်ယူလိုက်တဲ့ ပြည်ပကစားသမားသုံးဦးမှာ တိုက်စစ်မှူး ဆင်မြူရယ် ၊ကွင်းလယ် ကစားသမား အဘူဘာကာနဲ့ နောက်တန်းကစားသမား ကယ်လ်ဘင်တို့ဖြစ်ပါတယ်။

ကစားသမားသုံးဦးရဲ့ စာချုပ်သက်တမ်းမှာ ၂၀၁၉ ဘောလုံးရာသီ တစ်ရာသီသာဖြစ်ပြီး ယခုနှစ်မှာ ခြေစွမ်း ကောင်းမွန်ပြီး အသင်းနဲ့ အံဝင်မှုရှိပါက လာမယ့်ဘောလုံးရာသီမှာလည်း စာချုပ်သက်တမ်း ထပ်မံ တိုးမြှင့်မှာဖြစ်တယ်လို့ သိရပါတယ်။

စစ်ကိုင်ယူနိုက်တက်အသင်းမှာ တစ်ရာသီကစားခဲ့တဲ့ တိုက်စစ်မှူး ဆင်မြူရယ်ဟာ မြန်မာနေရှင်နယ်လိဂ်နဲ့ ရင်းနှီးပြီးသားဖြစ်ပေမယ့် ကျန်ကစားသမား နှစ်ဦးမှာ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကို ယခုမှ စတင်ဝင်ရောက်ယှဉ်ပြိုင်ရမှာဖြစ်တာကြောင့် အကောင်းဆုံး ခြေစွမ်းပြနိုင်ဖို့ ကြိုးစားသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံခြားသား ကစားသမား သုံးဦးအနက် တိုက်စစ်မှူး ဆင်မြူရယ်နှင့် နောက်တန်း ကစားသမား ကယ်လ်ဗင်တို့ဟာ နိုင်ဂျီရီးယားနိုင်ငံသားများဖြစ်ကြပြီး ကွင်းလယ်ကစားသမား အဘူဘာကာဟာ ဂါနာနိုင်ငံသားဖြစ်ပါတယ်။

ရခိုင်ယူနိုက်တက်အသင်းအနေနဲ့ ဒီနှစ်မှာ နည်းပြချုပ်အဖြစ် ဦးသန်းဝေကို ပြောင်းလဲခန့်အပ်ထားပြီး ရာသီအကြို ခြေစမ်းပွဲ ၄ ပွဲကစားခဲ့ရာမှာတော့ ၂ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲရှုံးရလဒ်ကို ပိုင်ဆိုင်ခဲ့ပါတယ်။

ရခိုင်အသင်းအနေနဲ့ အိမ်ကွင်းအဖြစ် စစ်တွေမြို့က ဝေသလီကွင်းကို အသုံးပြုနေခဲ့ပြီး လာမယ့် ၂၀၁၉ ဘောလုံးရာသီအတွက်လည်း ပထမအကျော့ပွဲစဉ်အားလုံးကို အိမ်ကွင်းမှာပဲ ဦးစွာ လက်ခံကျင်းပသွားဖို့ရှိတယ်လို့ သိရပါတယ်။

Ref; Rakhine United FC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly