ဝါဒမှိုင်းများကို တိုက်ထုတ်သူ ဒေါက်တာစိုးသူရဇော်နှင့် အင်တာဗျူး

By Myanmar Now
24 December 2018
ဝါဒမှိုင်းများကို တိုက်ထုတ်သူ ဒေါက်တာစိုးသူရဇော်နှင့် အင်တာဗျူး
မိုးကုတ်ပြည်သူ့ဆေးရုံကြီးတွင် တွေ့ရသော ဒေါက်တာစိုးသူရဇော် (ကေဇွန်နွေး/Myanmar Now)

အသက် ၂၅ နှစ်အရွယ် မိုးကုတ်မြို့ ပြည်သူ့ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်နေသော သွားနှင့်ခံတွင်းဆရာဝန်ဒေါက်တာစိုးသူရဇော်သည် ၂၀၁၇ ခုနှစ်က ၎င်းတက်ရောက်ခဲ့သော အထက်မြန်မာပြည် ဗဟိုဝန်ထမ်းတက္ကသိုလ်အတွေ့အကြုံများကို လူမှုကွန်ရက်ဖေ့စ်ဘွတ်ပေါ်တွင် ရေးသားခဲ့သူဖြစ်သည်။ သူတက်ခဲ့ရသော သင်တန်းပို့ချချက်တချို့သည် မဘသတရားပွဲလိုပဲဟုလည်းကောင်း၊ နိုင်ငံရေးသိပ္ပံပါမောက္ခတစ်ဦးက အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဦးဆောင်သည့် အစိုးရက စေတနာမရှိ၍ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ မအောင်မြင်ရဟု ပြောသည့်အကြောင်းများကိုလည်းကောင်း သူက ရေးသားခဲ့သည်။ ထိုကဲ့သို့ ရေးသားခြင်းကြောင့် သူ့အား ဌာနတွင်း စုံစမ်းမေးမြန်းမှုများ ဖြစ်ပေါ်လာပြီးနောက် ၎င်းကဲ့သို့ ဇီးပင်ကြီးတွင် သင်တန်းတက်ရောက်ခဲ့သည့် ဆရာဝန်များစွာတို့က ၎င်း၏ ပြောဆိုချက်များ မှန်ကန်ကြောင်း ထောက်ခံပြောဆိုလာကြသည်။

ဒေါက်တာစိုးသူရဇော်အားထောက်ခံသည့် ဆရာဝန်ပေါင်းများစွာက လက်မှတ်ထိုးထောက်ခံမှုများ မြင့်တက်လာချိန်တွင် ဒေါက်တာစိုးသူရဇော်သည် အလုပ်ကိုကြိုးစားပြီး ထူးချွန်ထက်မြက်သူဖြစ်ကြောင်း၊ ၎င်းအား ဌာနတွင်းစုံစမ်းမှုများ ပြုလုပ်ခဲ့သော်လည်း အရေးယူရန် အစီအစဉ်မရှိကြောင်း ဒီဇင်ဘာ ၂၄ ရက်နေ့တွင် သတင်းထောက်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက ပြောဆိုလိုက်သည်။ ဖြစ်စဉ်အသေးစိတ်သိရှိရန် Myanmar Now သတင်းဌာနက ၎င်းတာဝန်ထမ်းဆောင်နေသည့် မိုးကုတ်ပြည်သူ့ဆေးရုံကြီးတွင် အသေးစိတ်မေးမြန်းခန်း ပြုလုပ်ခဲ့ပါသည်။

Myanmar Now။  ။  ၂၀၁၇ ဒီဇင်ဘာလလောက်မှာ ဗဟိုဝန်ထမ်း လေ့ကျင့်ရေး တက္ကသိုလ် (ဗဝတ) မှာ သင်တန်းသား ၆၀၀ လောက်နဲ့ အတူတက်ခဲ့တဲ့အခါမှာ သင်တန်းဆရာ တချို့က နိုင်ငံရေးနဲ့ ပတ်သက်ပြီး မလျော်ကန်တဲ့ဟာတွေ ပြောတယ်၊ NLD အစိုးရကို အပုပ်ချတယ်လို့ သိရတယ်။ ဘယ်လိုဖြစ်ပျက်တာလဲ တိတိကျကျ ပြောပြပါလား။

ဖြေ ။  ။ ဗဝတကို စတက်တဲ့အခါကျတော့ သူတို့ကကျွန်တော်တို့ကို ဘာသာရပ်တွေ အများကြီး သင်တယ်၊ ဥပမာ နိုင်ငံရေးသိပ္ပံ၊ စီးပွားရေး၊ ဘောဂဗေဒ၊ Management (စီမံခန့်ခွဲမှု)၊ ဌာနဆိုင်ရာ ငွေစာရင်းထားသိုနည်း၊ လူမှုသိပ္ပံ၊ ပြည်သူ့နီတိ။ သင်တဲ့အခါကျတော့ ရှေ့လက်ချာတွေမှာ သိပ်ထူးထူးခြားခြားမရှိခဲ့ဘူး၊ ဒါပေမယ့် နိုင်ငံရေးသိပ္ပံဘာသာရပ်မှာ တော်တော်ကြီးပြဿနာတွေ များခဲ့တာပေါ့၊ ဒီနိုင်ငံရေးသိပ္ပံရဲ့ ပါမောက္ခဆရာတစ်ဦးက လက်ချာလာပေးတဲ့ အခါမှာ နိုင်ငံရေးသိပ္ပံဘာသာရပ်ကို သင်ရင်း သင်ရင်းကနေ ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စကို ရောက်သွား တယ်။ လက်ရှိပြည်တွင်းငြိမ်းချမ်းရေး မအောင်မြင်ရခြင်းဟာ မြန်မာနိုင်ငံထဲမှာ ဒီခေါင်းဆောင်ပိုင်းတွေ မစည်းလုံး မညီညွတ်လို့ ငြိမ်းချမ်းရေး မရဘူး၊ နောက်ပြီးတော့ လက်ရှိအစိုးရ NLD အနိုင်ရပါတီက ဦးဆောင်ဖွဲ့စည်းထားတဲ့ အစိုးရက စေတနာ မရှိလို့ လက်ရှိငြိမ်းချမ်းရေး ဖြစ်စဉ် မအောင်မြင်တာပါလို့ သူ့ဘက်က သုံးသပ်တယ်။ ကျွန်တော်က ထပြီးတော့မှ ကန့်ကွက်ဆွေးနွေးတယ်။

Myanmar Now။  ။  ဘယ်လိုကန့်ကွက်ဆွေးနွေးခဲ့လဲခင်ဗျ။

ဖြေ။ ။ ဒီကိစ္စဟာ ချက်ချင်းဆွေးနွေးဖို့လိုအပ်တယ်၊ အချိန်ကြာသွားလို့ရှိရင် ပျောက်ပျက်သွားနိုင်တယ်လို့ ယူဆတဲ့ အတွက်ကြောင့် မို့လို့ ကျွန်တော်ကချက်ချင်း လက်ထောင်ပြီးတော့မှ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးလိုပါတယ်လို့ တောင်းဆိုတယ်။ သင်တန်းသားအားလုံးရဲ့ရှေ့မှာပဲ ကျွန်တော့် ဘက်က မေးခွန်းထုတ်ခဲ့တယ်။ ပြည်တွင်းငြိမ်းချမ်းရေးမှာ လက်ရှိအစိုးရက စေတနာမရှိလို့ မအောင်မြင်ဘူး ဆိုတဲ့ အချက်က ဘယ်အချက်ကို အခြေခံပြီးတော့မှ ပြောတာလဲ၊ ဒါကိုရှင်းလင်းပေးရမယ်။ NLD အစိုးရက ပြည်တွင်း ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး၊ တရားဥပဒေစိုးမိုးရေးလို့ ကြွေးကြော်ပြီး တက်လာခဲ့တယ်။ ပြည်တွင်း ငြိမ်းချမ်းရေးကို နံပါတ် (၁)နေရာမှာ ထားခဲ့ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ဥက္ကဋ္ဌအဖြစ် တစ်စိုက်မတ်မတ် လုပ်ဆောင်နေတဲ့ အချိန်မှာ NLD အစိုးရက စေတနာမရှိဘူး ဆိုတဲ့စကားဟာ လက်ရှိအစိုးရသွားနေတဲ့ ပေါ်လစီနဲ့ရော ကိုက်ညီတယ်လို့ ထင်ပါသလား။ ဘယ်အချက်ကို အခြေခံပြီး ပြောတာလဲ။ နောက်တစ်ခု ကျွန်တော်ရဲ့ opinion (အမြင်)ကို ပြောတာ ၊ လက်နက်ကိုင်တွေ တိုက်ကြတဲ့ စစ်ပွဲတစ်ခုမှာ နှစ်ဖက်စလုံးသော လက်နက်ကိုင်တွေက ဖြေလျှော့မှ တစ်ဖက်က လက်သီးဆုပ် ထားပြီး တစ်ဖက်က လက်ကမ်းနေလို့မရဘူး၊ လက်နက်ကိုင်ထားတဲ့လူတွေ ကိုယ်တိုင်က တကယ်ကို စိတ်စေတနာပါပါနဲ့ တကယ်ကိုငြိမ်းချမ်းရေးဆိုတာကို လိုလားမှ ငြိမ်းချမ်းရေးဆိုတာ ရမှာပါ။ အစိုးရက ဘယ်လောက်ပဲ လော်ဆော်နေစေကာမူ ကာယကံရှင်တွေ ကိုယ်တိုင် လက်မကမ်းဘူး လက်ဆွဲ မနှုတ်ဆက်ဘူးဆိုလို့ရှိရင် ငြိမ်းချမ်းရေးက ဝေးနေဦးမှာပဲလို့ အဲ့ဒီတုန်းက ဆွေးနွေးခဲ့ပါတယ်။

Myanmar Now။  ။  အဲဒီတော့ အဲဒီဆရာက ဘယ်လိုတုံ့ပြန်လဲ။

ဖြေ။ ။ ကျွန်တော်မေးတဲ့မေးခွန်းနှစ်ခုစလုံးကို မဖြေဘူး၊ သူက ဘာပြောသလဲဆိုတော့ ငြိမ်းချမ်းရေးဆိုတာ လူတိုင်းက လိုချင်တာပါပေါ့၊  (သူတို့) ကိုယ်တိုင်လည်း လိုချင်ပါတယ်ပေါ့၊ တပ်မတော် ကိုယ်တိုင်လည်း လိုချင်တယ်၊ တိုင်းရင်းသား လက်နက်ကိုင်တွေ ကိုယ်တိုင်လည်း လိုချင်ကြမှာပဲပေါ့။ အဲ့ဒီလိုဆိုတော့ တခြားလူတွေလိုချင်တာ မလိုချင်တာထက် (သူတို့) တပ်မတော်ကတော့ ငြိမ်းချမ်းရေးကို လိုလားတယ်ဆိုတာ (သူ့ရဲ့) လက်မောင်းသွေးကိုဖောက်ပြီးတော့မှ သစ္စာဆိုရဲပါတယ် ဆိုပြီး ပြောပြီးတော့မှ သင်တန်းကို တန်းဖြုတ်လိုက်တယ်၊ ကျွန်တော်မေးသွားတဲ့ မေးခွန်းနှစ်ခုလုံးကို ဖြေဆိုသွားခြင်း မရှိပါဘူး။


ဇီးပင်ကြီးဝန်ထမ်းလေ့ကျင့်ရေးတက္ကသိုလ်မြင်ကွင်းတစ်ခု (Myanmar Now)

Myanmar Now ။  ။  အဲဒီနေ့က လက်ချာရိုက်တဲ့ ပါမောက္ခနဲ့ ကျွန်တော် မနေ့က တွေ့ခဲ့အခါမှာ NLD က ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး စေတနာမရှိပါဘူးလို့ သူမပြောခဲ့ပါဘူးတဲ့၊ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အာဏာ မရခင်တုန်းက NCA ကို သတိထားပြီး ထိုးကြဖို့ ပြောတယ်ဆိုတဲ့ အချက်ကိုသာ ပြောခဲ့တယ်ဆိုပြီးတော့ သူက ပြန်လည်ချေပ ပါတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီးတော့ရော ဘာပြောချင်လဲ။

ဖြေ။ ။ ကျွန်တော်က ကျွန်တော်ကြားခဲ့တဲ့စကားကို ကျွန်တော်ပြောတာဖြစ်တယ်။ သူကလည်း သူ့ဘက်ကနေ ခုခံချေပတာ ဖြစ်တယ်၊ Record မရှိတဲ့ အတွက်ကြောင့်မို့လို့ ဒီနေရာမှာ ကျွန်တော်တို့က အတိအကျပြောဖို့တော့ ခဲယဉ်းသွား မှာပေါ့။ NCA ကိစ္စနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်း စုကြည်က လက်မှတ်ထိုးတာ အလျင်မလိုဖို့ ပြောခဲ့တယ်လို့ သူပြောတယ်ဆိုတာလည်း ဖြစ်ကောင်း ဖြစ်နိုင် တယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က လက်ချာချိန်က တစ်နေကုန် ဖြစ်တယ်၊ တောက်လျှောက် ဖြစ်တဲ့ အတွက်ကြောင့် တချို့အချိန်တွေမှာ တောက်လျှောက် ကျွန်တော်တို့ အာရုံစူးစိုက်နိုင်ခဲ့ခြင်း မရှိဘူး၊ ဒါကို အတိအလင်းဝန်ခံတယ်၊ အဲ့ဒါကြောင့် ဒါကိုသူကနေ ပြောခဲ့တာဖြစ်နိုင်တယ်၊ ကျွန်တော့်ဘက်က အခိုင်အမာ ပြောနိုင်တာ တစ်ခုကတော့ ခုနက ကျွန်တော်ပြောခဲ့တဲ့ (အစိုးရကစေတနာမရှိဘူးဆိုတဲ့) စကားတွေကို သူ့ပါးစပ်က ပြောခဲ့တယ် ဆိုတာကိုတော့ ကျွန်တော်တို့ဘက်က အာမခံနိုင်တယ်ပေါ့။

Myanmar Now ။ ။ နိုင်ငံရေးသိပ္ပံပို့ချချက်ဟာ မဘသ တရားပွဲကို သွားတက်ရသလိုပဲလို့ ဒေါက်တာစိုးသူရဇော် ပြောတယ်၊ အဲ့ဒီအခြေအနေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ကို နည်းနည်းပြောပြပါဦး။

ဖြေ။ ။ အဲဒါက သူတို့ဌာနမှာရှိတဲ့ တွဲဖက် ပါမောက္ခ တစ်ယောက်ရဲ့ လက်ချာမှာ ပြောပါတယ်၊ မြန်မာနိုင်ငံဟာ အင်အားကြီးနိုင်ငံနှစ်ခု အိန္ဒိယနဲ့ တရုတ် တို့ရဲ့ ကြားထဲမှာတည်ရှိတဲ့ အတွက်ကြောင့် ပိုပြီးတော့မှ အနေအထိုင်တတ်ရမယ် လူမျိုးမပျောက်အောင် ထိန်းသိမ်း ရမယ်ပေါ့။ နိုင်ငံကြီးနှစ်ခုရဲ့ ဝါးမျိုမှုတွေကို မခံရအောင် လွှမ်းမိုးမှုတွေကို မခံရအောင် မြန်မာနိုင်ငံမှာ ကြိုးစား သင့်တယ်၊ ဘာသာခြားတွေကို မယူကြဖို့၊ ကိုယ့်ရဲ့ အမျိုးဘာသာ အချင်းချင်းကိုပဲ လက်ထပ်ကြဖို့၊ ဘာသာခြား ဆိုင်တွေကို အားမပေးဖို့ ပြောတယ်။ ပြောပြီးတဲ့အခါ သူလက်ချာ ဆက်သင်တယ်။ နောက်ပြီးတော့ ၇၈၆ ကိစ္စ၊ ၇၈၆ ဆိုတဲ့ အဓိပ္ပာယ်ကို သိကြသလားလို့ မေးတယ်။ နောက်ပြီးတော့ အမျိုးဘာသာ သာသနာ အတွက် ကိုယ့် မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်တွေကမှ မစောင့်ရှောက်ရင် ဘယ်သူတွေက စောင့်ရှောက်မှာလဲတို့ ပြောတယ် ။ ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံရှိနေတဲ့ တက္ကသိုလ်ရဲ့ လက်ချာတစ်ခုမှာ မကြာခင်မှာ နိုင်ငံ့ဝန်ထမ်းအဖြစ် ထမ်းဆောင်တော့မယ့် ဝန်ထမ်းတွေကို ဒီလိုစကားမျိုးဟာ ပြောသင့်ရဲ့လား၊ ဘယ်လိုရည်ရွယ်ချက်နဲ့ ပြောသလဲ ဒါတွေကို ကျွန်တော်တို့ဘက်က မေးစရာဖြစ်လာပါတယ်။

Myanmar Now ။ ။ ဘာသာရေးလူမျိုးရေးနဲ့ ပတ်သက်ပြီးတော့မှအကဲဆတ်တဲ့ဟာတွေ ပြောဆိုခဲ့တာတွေရှိတယ် ဆို။ ဒါတွေက ဝန်ထမ်းတွေအတွက် ဘယ်လောက်ထိကို အန္တရာယ်ရှိလဲ။

ဖြေ။ ။ ကျွန်တော်တို့က တစ်ခုကံကောင်းတာက ဒီတက္ကသိုလ်တွေကို တက်တဲ့အချိန်မှာ အဲ့ဒီသစ်လွင်ဝန်ထမ်းလောင်းတွေရဲ့ အသက်တွေဟာ အနည်းဆုံး ၂၀ လောက်ရှိနေပြီ။ စဉ်းစားတွေးခေါ်  နိုင်ပြီမို့ ယေဘုယျ ပြောရရင် သင်ကြားချက်တွေထဲမှာ မှားတဲ့ဟာကိုတော့ သိကြတယ်။ မှန်တာကိုလည်း ယူတတ်ကြတယ်၊ ဒါပေမယ့်မှားတာကို အမုန်းခံပြီး ထောက်ပြမယ့်သူ မရှိတာလေးတစ်ခုပဲ ၊ တစ်ခုတော့ ရှိတယ်။  ကိုယ်ကိုယ်တိုင်က ဘာသာရေးကိစ္စနဲ့ ပတ်သက်ပြီး အကဲဆတ်နေတာဖြစ်ဖြစ်၊ နိုင်ငံရေးနဲ့ ပတ်သက်ပြီး သူ့ရဲ့ ခံယူချက်ကတစ်မျိုး အစကတည်းက ခံယူထားတယ်ဆိုလို့ရှိရင်တော့ ဒီတက္ကသိုလ်တွေ တက်သွားတဲ့အခါမှာ သူတို့အတွက် အထွဋ်တင်သလို ဖြစ်သွားမှာပေါ့ ။


ဇီးပင်ကြီးဝန်ထမ်းလေ့ကျင့်ရေးတက္ကသိုလ်မြင်ကွင်းတစ်ခု (Myanmar Now)

Myanmar Now ။   ။ ဒီကိစ္စတွေက လွန်ခဲ့တဲ့ တစ်နှစ်လောက်က ဖြစ်ခဲ့တာ ဆိုပေမယ့် အခုချိန်ကျမှ ထပြောတယ်ဆိုတာ ကြားဖြတ်ရွေးကောက်ပွဲတွေ ဘာတွေနဲ့ အချိန်ကိုက်ပြီးတော့မှ ဒါနိုင်ငံရေးသွေးထိုးမှုတွေ ပါနိုင်တယ်ဆိုပြီး ဇီးပင်ကြီးက တာဝန်ရှိသူတွေကဆိုတယ်။ လူပေါင်း ၆၀၀ တက်ခဲ့တဲ့ သင်တန်းမှာ အခုလိုမျိုး လူသိထင်ရှားထုတ်ပြောတာလည်း ဘယ်သူမှမရှိဘူး။ ဒီတစ်ယောက် တည်း ရှိတယ် ဆိုပြီးတော့မှ ဒါနိုင်ငံရေးသွေးထိုးမှုကြောင့် လုပ်တယ်ဆိုပြီးတော့မှ စွပ်စွဲပြောဆိုတာတွေ ကိုရော ဘာပြန်ပြောမလဲဗျ။

ဖြေ။ ။ အဲ့ဒီအချိန်တုန်းက ကျွန်တော်တို့သည် ဗဝတ ထဲမှာ နေ့ရောညပါ နေရတယ်။ ပိတ်ရက်ကလွဲရင် အားလုံးက ပရဝုဏ်ထဲမှာ နေရတဲ့အတွက်ကြောင့် မို့လို့ ကျွန်တော်တို့ ဒီကိစ္စတွေကို မီဒီယာကိုပြောခဲ့ရင်၊ ဆိုရှယ်မီဒီယာမှာ တင်ခဲ့ရင် အခုလိုပဲ အကျိုး သက်ရောက်မှု အင်မတန်ကြီးသွားမယ်။ သူတို့ရဲ့ အရိပ်အာဝါသ အောက်မှာ နေနေရတဲ့ ကျွန်တော်တို့ အတွက်ကလည်း အကျိုးတစ်စုံတစ်ရာ ရှိလာနိုင်တယ်လို့ ကျွန်တော်တို့က ယူဆတယ်။ ဒါကြောင့်မို့လို့ အဲ့ဒီတုန်းက ကျွန်တော်မပြောခဲ့ဘူး။ အလုပ်ဝင်သွားတဲ့ အခါမှာလည်း ကျွန်တော်တို့ ဒီကိစ္စကို ပြောမယ်လို့ စဉ်းစားခဲ့တယ်။ ဒါပေမယ့် နောက်ပိုင်း ကျတော့ သွေးအေး သွားတာပေါ့။ ပြောဖို့ရန်အတွက် စိတ်ကူးမရှိဘူး ဒါပေမယ့်မကြာသေးခင်ကမှ ကျွန်တော်တို့လိုပဲ ခံစားခဲ့ရတဲ့ လူတစ်ယောက်က တွေ့ကြုံခဲ့ရတဲ့ လူတစ်ယောက်က သူတို့သင်တန်းမှာ ဒီလိုဒီလိုတွေ ပြောနေပါတယ်ဆိုပြီး Facebook ပေါ်မှာ တင်ခဲ့တဲ့ အတွက်ကြောင့် မို့လို့ ဒါကို ပြန်ရေးဖို့ သင့်တယ်လို့ ထင်လို့ ပြန်ရေးခဲ့တယ်။ ဇီးပင်ကြီး စစ်တမ်းအပိုင်း(၁)ဆိုပြီး ကျွန်တော်ရေးခဲ့တာက ကြားဖြတ် ရွေးကောက်ပွဲ မတိုင်ခင် ရေးခဲ့တာပါ။ လက်ချာတွေမှာ ဘာတွေသင်တယ်၊ နေ့စဉ်နေထိုင်မှု ဇယားတွေမှာ ဘယ်လို နေထိုင်ရတယ် ဆိုတာ အပိုင်း (၂) မှာဆက်လက် ဖော်ပြပါဦးမယ်ဆိုတာ အပိုင်း (၁)မှာ ကျွန်တော် အတိအလင်း ပြောခဲ့ပြီးသားပါ။ ဒါကြောင့် ကျွန်တော့်ရဲ့ ဇီးပင်ကြီးစစ်တမ်းဟာ နိုင်ငံရေး အသွေးအရောင် ပါမပါဆိုတာ စဉ်းစားကြည့်လို့ရပါတယ်။

Myanmar Now ။   ။ ဒီသင်တန်းတွေဟာ အကျိုးမရှိဘဲ ဝါဒဖြန့်ရုံ မှိုင်းတိုက်ရုံ သက်သက်ပဲလား။

ဖြေ။ ။ ဒီတက္ကသိုလ်တွေ မလိုအပ်ဘူးလားလို့ မေးရင် လိုအပ်တယ်။ ဒါပေမယ့် ပုံစံပြောင်း ရမယ်။ အခုလိုမျိုး လူပေါင်း၆၀၀ ကျော်ကို စုပြုံသွင်းထားပြီး တော့မှ one-way တစ်ဖက်သက် လက်ချာပေး နေတာတွေဟာ ဘယ်လိုနည်းနဲ့မှ မအောင်မြင်နိုင်ဘူး။ သူတို့ guideline (လမ်းညွှန်စည်းမျဉ်း) တွေက ခိုင်မာတယ်။ မူဝါဒတွေက ခိုင်ခိုင်မာမာရှိတယ်။ ဒါပေမယ့် ပြောကြားတဲ့သူတွေက လက်ချာ ထဲမှာ  သူတို့ရဲ့ စိတ်ခံစားချက်တွေကို ထည့်ပြော တာ ကြောင့်မို့လို့ အနာနဲ့ဆေးနဲ့ တစ်ခြားစီ ဖြစ်ကုန်တာ။ ဒီလိုဆိုတော့ မြေဧက ရာပေါင်းများစွာ ပိုင်ထားတဲ့တက္ကသိုလ်၊ ဝန်ထမ်းတွေ ခိုင်ခိုင်မာမာရှိတဲ့တက္ကသိုလ်၊ အင်စတီကျူးရှင်း ခိုင်မာနေတဲ့ တက္ကသိုလ်တစ်ခုကို တကယ်တမ်းလက်တွေ့မှာ အသုံးကျအောင် အသုံးချရမယ်။ မလိုအပ်ဘူး မဟုတ်ဘူး လိုအပ်တယ်။ မူဝါဒတွေနဲ့ လွဲချော်ပြီးတော့မှ emotion(ခံစားချက်)တွေ ထည့်သွင်း ပြောကြားတဲ့ ဆရာတွေကို သေသေချာချာ စိစစ်ပြီးတော့မှ အရေးယူသင့်တယ်။ ပြောင်းသင့်တဲ့ သင်ရိုးမာတိကာ တွေ၊ အချိန်ဇယားတွေ၊ သင်ရိုး ညွှန်းတမ်းတွေ၊ တခြားပြောင်းလဲသင့်တဲ့ အရာတွေ အများကြီးရှိတယ်။ ဝန်ထမ်းတွေအတွက် တကယ်ကို အသုံးဝင်တဲ့ တက္ကသိုလ် တစ်ခုဖြစ်အောင်လုပ်ဖို့ ဖြစ်စေချင်တဲ့စေတနာနဲ့ ဝေဖန်ထောက်ပြခြင်း ဖြစ်ပါတယ်။

Myanmar Now ။ ။ စစ်ဆေးခံနေရတဲ့အခြေအနေကိုပြောပြပါ။    

ဖြေ။  ။ သူတို့က ဒါကို စီရင်ချက်ချမှာတော့ မဟုတ်ဘူးပေါ့။ ဆိုတော့ ဒီဖြစ်ရပ်ကို ဟုတ်မဟုတ်ကို ကျွန်တော့်ကို confirm (အတည်ပြု)လှမ်းလုပ်တာ။ ကျန်းမာရေးဝန်ကြီးဌာနက  ထုချေလွှာ တင်ခိုင်းတယ်။ ကျွန်တော်တို့က ထုချေလွှာလို့ မသုံးတော့ဘူး။ ချေပလွှာလို့ သုံးတယ်။ ကျွန်တော်တို့က စွပ်စွဲချက်က သုံးခုကိုဗျ။ သုံးခုစလုံးမှာက သူတို့က ကျွန်တော့်ကို နိုင်ငံ့ဝန်ထမ်း နည်းဥပဒေအရ စွဲလို့မရဘူး။ ဘယ်ပုဒ်မမှ တပ်စရာ မရှိဘူး။ ဘာပုဒ်မမှ တပ်စရာမရှိတော့ အခန်း ၁၈ နဲ့ တပ်လာတယ် သူတို့က ကျွန်တော့်ကို DE (ဌာနတွင်း စုံစမ်းစစ်ဆေးရေး) ဝင်တယ်ပေါ့။

ကျွန်တော့်ရဲ့ ဖေ့စ်ဘုတ်မှာတင်တဲ့ဟာတွေသည် ကျွန်တော်ရေးခဲ့တာ မှန်တယ်၊ သင်တန်းနဲ့ပတ်သက်ပြီး ကျွန်တော်ပြောချင်တဲ့ဟာတွေကိုလည်း ကျွန်တော့်ရဲ့ ထွက်ချက်စစ်ချက်ထဲမှာ ပြောတယ်။ ကျွန်တော့်ကို စွဲထားတဲ့ စွဲချက်တွေကို အကုန်လုံးကို ကျွန်တော် ပြန်ချေပတယ်။ ကျွန်တော်သည် လီဆယ်ပြီး ရေးတာ မဟုတ်ဘူး။ တကယ့်အဖြစ်အပျက်အပေါ်မှာ မူတည်ပြီး ရေးခဲ့တာဖြစ်တဲ့အတွက် ပြုပြင်ပြောင်းလဲစေလိုတဲ့၊ on-the-ground မှာ ဖြစ်နေတဲ့ အခြေအနေတွေကို သိစေလိုတဲ့ စေတနာနဲ့ ကျွန်တော်က ရေးခဲ့တာ။ လူကို တိုက်ခိုက်တာမဟုတ်ဘူး၊ မူကို တိုက်ခိုက်တာ။ နောက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၈) အရ နိုင်ငံသား လွတ်လပ်ခွင့်အရ  ကျွန်တော့်မှာ မည်သူတစ်ဦးတစ်ယောက်မျှ မထိခိုက်ဘဲ လွတ်လပ်စွာ ဝေဖန်ပိုင်ခွင့် ပြောဆိုပိုင်ခွင့် ရှိတယ်။ ဒါကြောင့် DE/PE ဖွဲ့ပြီးတော့ အစစ်ခံရမယ့် အနေအထားမဟုတ်ဘူး။ ကျွန်တော့်ရဲ့ အခွင့်အရေးအရ ကျွန်တော်လုပ်တာ။ နောက်တစ်ခုက ဝေဖန်လို့ စွဲချက်တင်တာဆိုရင် ဝန်ထမ်းဖြစ်သွားတာနဲ့ မဝေဖန်ရတော့ဘူးလား။ လွတ်လပ်စွာ ဝေဖန်ပိုင်ခွင့်က ကျွန်တော်တို့ အကျုံးမဝင်တော့ဘူးလား။ အစိုးရအလုပ်ကို ဝင်လုပ်တယ်ဆိုတာက ကျွန်တော်တို့တတ်တဲ့ပညာနဲ့ အလုပ်လုပ်ဖို့ရန် ဝင်လာတာ။ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်အတွေးအခေါ် ကိုယ်ပိုင်(အယူအဆ)တွေကို ရောင်းစားတာမဟုတ်ဘူး။ ထုချေလွှာထဲမှာ အတိအလင်းရေးခဲ့တယ်။ စစ်ချက်ထဲမှာလည်း နောက်တစ်ကြိမ် ပြန်ပြီးတော့မှ အစစ်ခံခဲ့တယ်။ ခုက DE ရော PE ရောဝင်တာ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly