ခရီးသည်တင်စပိဘုတ် တိမ်းမှောက်ရာတွင် အမျိုးသမီး၂ ဦး သေဆုံးဟု ဟိုတယ်ခရီးမှ အတည်ပြု

ခရီးသည်တင်စပိဘုတ် တိမ်းမှောက်ရာတွင် အမျိုးသမီး၂ ဦး သေဆုံးဟု ဟိုတယ်ခရီးမှ အတည်ပြု

မြိတ်၊ ဒီဇင်ဘာ ၂၄ ။                 ။ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ရေမြစ်ကြီးကျေးရွာအုပ်စု နေကြာအော် ကျေးရွာ အရှေ့ရေပြင်၌ ဒီဇင်ဘာ ၂၃ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်တွင် ၁၇ ဦး စီးနင်း လိုက်ပါလာသည့် အပျော်စီးခရီးသည်တင် Speed Boat တစ်စီး တိမ်းမှောက်မှု ဖြစ်စဉ်မှာ အမျိုးသမီး ၂ ဦး သေဆုံးခဲ့သည်ကို အတည်ပြုကြောင်း မြိတ်ခရိုင်၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဦးစီးဌာနရုံးထံမှ သိရသည်။

တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည့် အပျော်စီးခရီးသည်တင် Speed Boat စက်လှေသည်၊ မြိတ်အခြေစိုက် ထူးထက်ရှိန် ခရီးသွားကုမ္ပဏီမှ ဖြစ်ပြီး၊၄င်း လှေပေါ်တွင် ခရီးသည် ၁၇ ဦးနှင့် လှေသား ၂ ဦး စီးနင်းလိုက်ပါခဲ့သည်ဟု ခရီးသွားလုပ်ငန်း အသိုင်းအဝိုင်းမှ သိရသည်။

မြိတ်ခရိုင်၊ ဟိုတယ်နှင့် ခရီးသွား ညွန်ကြားရေး ဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဦးနိုင်လင်းဇော်က“အခု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး၊ မတော်တဆ ဖြစ်တယ််လို့ ကျွန်တော်တို့ သိရပါတယ်။Speed Boat ဖြတ်မောင်းတဲ့အချိန်မှာ ပင်လယ်ထဲမှာ ရှိတဲ့ ရေမြှုပ်သစ်တုံးကို တိုက်မိပြီး တိမ်းမှောက်သွားတယ် ဆိုတာ ကနဦး သိရပါတယ်၊ အမှန်တကယ် ဘယ်လိုမျိုး တိမ်းမှောက်မှု ဖြစ်တယ်ဆိုတာ ကုမ္ပဏီကို စစ်ဆေးမေးမြန်းရဦးမယ်”ဟု ပြောသည်။

အဆိုပါ စက်လှေ နစ်မြှုပ်မှု ဖြစ်စဉ်တွင် ဒေါ်ကြင်စု (ခ) ခင်ချို အသက် ၆၆ နှစ်၊ (ဘ) ဦးဝင်းကြင် မန္တလေးမြို့နေသူနှင့် ဒေါ်ခင်သောင်းတင် အသက် ၆၈ နှစ်၊ (ဘ) ဦးအေးအောင် ရန်ကုန်မြို့မှ ခရီးသည်များ ဖြစ်ကြောင်း ကျွန်းစုမြို့နယ် ရဲစခန်းရုံးထံမှ သိရသည်။

၄င်း ဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာ ထူးထက်ရှိန်ခရီးသွားကုမ္ပဏီမှ တာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းရန် ကုမ္ပဏီရုံးခန်းသို့ အကြိမ်ကြိမ် သွားခဲ့သော်လည်း ရုံးခန်း ပိတ်ထားပြီး၊ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း စက်ပိတ်ထား၍ ဆက်သွယ်မရခဲ့ပေ။

ယခုရက်ပိုင်းအတွင်း ကျွန်းခရီးစဉ်များကို ခရီးသွား ဧည့်သည်များ လာရောက်မှု မြင့်တက်နေချိန် ဖြစ်ပြီး ဒီဇင်ဘာ ၂၃ ရက်တွင် Speed Boat အားနီးပါး ခရီးစဉ် ထွက်ခွာခဲ့ကြောင်း ခရီးသွားကုမ္ပဏီများထံမှ သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly