စပါးကြီးမြွေတစ်ကောင်ကို အပေါ်စီးမှဓါတ်ပုံရိုက်ခြင်း

စပါးကြီးမြွေတစ်ကောင်ကို အပေါ်စီးမှဓါတ်ပုံရိုက်ခြင်း

ဟိုင်းလတ်ကားတစ်စင်းရဲ့ရှေ့ခန်းမှာ ကားမောင်းသူနဲ့ ဘေးချင်းယှဉ် လိုက်ပါလာသည့်တိုင် ကျနော့်မှာ ဘယ်ကိုသွားကြမယ်ဆိုတာ အတိအကျသေသေချာချာ မသိပါဘူး။

ပြီးခဲ့ညက ဆရာမရှားရိုဖေါနဲ့ ဆရာမရဲ့ယောင်းမလေး ရှင်းဂွမ်းဂွိ( ဖေ့စ်ဘုတ်နာမည်ဖြစ်ပါတယ်။ နာမည်ရင်းက ပါ။ ဖေ့စ်ဘုတ်ပေါ်ကတဆင့် စကားပြောကြရင်းက သူ့နာမည်ကိုမခေါ်ဘဲ ဖေ့စ်ဘုတ်နာမည်ကိုပဲ ခင်မင်မှုနဲ့ ခေါ်ဝေါ်ခဲ့ကြပါတယ်။)တို့ ကျနော်တို့သွားကြလာကြမယ့် ခရီးစဉ်ကို တိုင်ပင်ကြတာ ထိုင်နားထောင်ပေမယ့် ကိုယ်မကြားဘူးတဲ့ဒေသနာမည်တွေနဲ့ ကိုယ်မသိတဲ့လူနာမည်တွေနဲ့ ရှုပ်ထွေးပြီး ပြောနေကြတဲ့စကားထဲက နာမည်တချို့ကိုပဲ ကျနော်မှတ်ထားလိုက်နိုင်ပါတယ်။ အဲဒီအထဲမှာ ဘန့်ဘွေးကျင်းရေတံခွန်နဲ့ ဂုတ်ထိပ်တံတားကိုတော့ မှတ်မှတ်သားသား ရှိလိုက်ပါတယ်။ တကယ်တန်းပြောရရင် ကိုယ်ကြားဖူးထား ရင်းနီးထားတဲ့နေရာတစ်ခုဖြစ်တဲ့ ဂုတ်ထိပ်တံတားတစ်ခုကိုပဲ ကွဲကွဲပြားပြား မှတ်မိလိုက်ပါတယ်။ အကြမ်းပျဉ်းပြောရရင် မနက်ဖြန်ကြရင် သွားဖို့စီစဉ်ထားတဲ့နေရာတွေကို တနေကုန်ကားနဲ့သွားကြမယ်။ နောက်တစ်နေ့လည်း တနေကုန် လျှောက်သွားမယ်။ တတိယနေ့ကြတော့ အိမ်မှာတစ်ရက်နားမယ်။ ပန်းချီဆွဲကြမယ်။ ဒါလောက်ပါပဲ။ ဒေသခံတွေဖြစ်တဲ့ ဆရာမရှားရိုဖေါနဲ့ ရှင်ဂွမ်းဂွိတို့ကပဲ ကားငှားကြ၊ ခရီးစဉ်ဆွဲကြပါတယ်။ ဒီတော့ ကျနော့်စိတ်ထဲ ခရီးစဉ်ကိစ္စ ဘာမှဝင်ပြီးမပြောဘဲ သူတို့အစီစဉ်အတိုင်း လိုက်ပါဖို့ကိုပဲ ဆုံးဖြတ်ထားခဲ့ပါတယ်။

နောင်ချိုမြို့ထဲကအထွက်ကြတော့ ကားဆရာလေး ကိုနွေးကို မေးကြည့်ရပါတယ်။ ဂုတ်တွင်းဘက်သွားမယ်ဘဘ လို့ သူပြန်ပြောပေမယ့် ဂုတ်တွင်းဆိုတာ ရေကန်လား၊ တောင်ကုန်းလား မသိပေမယ့် ထပ်ပြီးတော့မမေးပဲ ဒီအတိုင်းဘဲ လိုက်လာလိုက်ပါတယ်။ နာရီဝက်ကျော်ကျော်လောက်ရောက်တော့ ကားလမ်းဟာ အဆင်းလမ်းချည်းပဲ ပြေပြေဆင်းလိုက် ကွေ့ဆင်းလိုက်ဖြစ်လာနေတာတွေ့ရပါတယ်။ ကတ္တရာလမ်း ယာဉ်နှစ်စီး လွတ်လွတ်ကျွတ်ကျွတ် ရှောင်မောင်းလို့ရနိုင်ပေမယ့် တံတောင်ဆစ်ချိုးကွေ့ပြီးဆင်းရတဲ့နေရာမှာတော့ တက်လာတဲ့ကားနဲ့ ဆင်းတဲ့ကား တခါတလေ သေသေချာချာ ဂရုတစိုက်မောင်းပြီး ဆင်းကြတက်ကြရပါတယ်။ တနေရာရောက်တော့ လမ်းဘေးမှာခဏရပ်ပြီး ပတ်ဝန်းကျင်မြင်ကွင်းကို ဓါတ်ပုံဆင်းရိုက်ကြပါတယ်။

ကျမတို့သွားမှာ အဲဒီနေရာပေါ့အဘ လို့ ရှင်ဂွမ်းဂွိက လက်ညှိုးထိုးပြတဲ့နေရာကို မော့ကြည့်တော့ ဝေးလံမြင့်မားလှတဲ့ တောင်ကမ်းပါးတနေရာကိုပဲ တွေ့ရပါတယ်။ သေသေချာချာကြည့်တော့မှ ကားသေးသေးလေးတချို့ အဲဒီကမ်းပါးပေါ်မောင်းသွားနေတာတွေ့ရပါတယ်။ အင်မတန်လှတဲ့ ရှုခင်းတွေကို အဲဒီနေရာကတဆင့် လှမ်းမြင်ရပြီး နောင်ချိုကို အလည်လာသူတွေအားလုံး အဲဒီနေရာသွားကြလေ့ရှိတယ်လို့လည်း သိလိုက်ရပါတယ်။

မိနစ်နှစ််ဆယ်လောက် ဆက်ဆင်းသွားတော့ ဂုတ်တွင်းချောင်းဆီရောက်ကြပါတယ်။ ချောင်းက သိတ်တော့ မကျယ်ပေမယ့် တောင်ပေါ်ချောင်းပီပီ ကျောက်ဆောင်ကျောက်တုံးတွေနဲ့ တော်တော်လှပါတယ်။ ဒီဂုတ်တွင်းချောင်းဟာ ဘယ်မြစ် ဘယ်ချောင်းထဲစီးဝင်တာလည်းလို့မေးကြည့်တော့ ဒုတ္ထာဝတီမြစ်ထဲ စီးဝင်တာလို့ သိရပါတယ်။ တော်တော်ဝေးတဲ့အထိ ဂုတ်တွင်းချောင်းဟာ ကွယ်သွားလိုက် ပြန်ပေါ်လာလိုက် မြင်နေရပါတယ်။

ဂုတ်တွင်းချောင်းကိုကျော်တာနဲ့တပြိုင်နက် ကားလမ်းဟာ တံတောင်ဆစ်ချိုး ခတ်မတ်မတ် တောင်တက်လမ်းအတိုင်း တဖြေးဖြေးတအိအိ တက်လာရပါတယ်။ အကွေ့အကောက်များလှတဲ့အပြင် မတ်ဆောက်တဲ့တောင်တက်ကားလမ်းဖြစ်တာမို့ တလမ်းလုံးအသဲတယားယားနဲ့ လိုက်လာခဲ့ရပါတယ်။ ကျန်နေခဲ့တဲ့ကားလမ်းနဲ့ အောက်မှာလှမ်းမြင်နေရတဲ့ ဂုတ်တွင်းချောင်းကို ဓါတ်ပုံရိုက်ချင်ပေမယ့် ကားရပ်ဖို့ခက်ခဲတဲ့နေရာတွေချည်းပဲဖြစ်တဲ့အပြင် ကားပေါ်ကတိုက်ရိုက်ဓါတ်ပုံရိုက်ဖို့ကလည်း မလွယ်ကူလို့ တလမ်းလုံး ဓါတ်ပုံမရိုက်ခဲ့ရလို့ စိတ်ထဲမှာ တချိန်လုံးမချင့်မရဲဖြစ်လာခဲ့ရပါတယ်။ အင်မတန်လှတဲ့ ဂုတ်တွင်းချောင်း တောင်ကြားမြင်ကွင်းတွေဟာ တသက်မမေ့နိုင်အောင် လှပလွန်းလှပါတယ်။

တောင်ကမ်းပါးလမ်း ခတ်ပြေပြေနေရာရောက်တော့ ရှုခင်းသာဆိုတဲ့နေရာမှာ ခဏရပ်ကြပါတယ်။ တောင်တန်းတွေ မြင်ကွင်းတွေကို ဓါတ်ပုံဆင်းရိုက်ကြပါတယ်။ ကျနော်တို့လိုပဲ ရှုခင်းသာတောင်ကုန်းပေါ်ကတဆင့် ရိုက်ပုံရိုက်ကြ ကြည့်ရှုနေကြတဲ့ခရီးသည်တချို့ကိုလည်းတွေ့ရပါတယ်။ ကျနော်ကတော့ ဒီလိုမြင်ကွင်းတွေကို မြင်ဖူးခဲ့ပေါင်းများပြီမို့ ဓါတ်ပုံတောင်မှ ကောင်းကောင်းမရိုက်ပါဘူး။ စိတ်ထဲမှာတွေးနေမိတဲ့အချက်က လမ်းမှာတွေ့ခဲ့ရတဲ့ လမ်းဘေးနေကြာတောတွေနဲ့ ဂုတ်တွင်းချောင်းမြင်ကွင်းတွေပါပဲ။

ဒီက အပြန်ကြရင်တော့ ကားလမ်းနှစ်ဖက် တော်တော်ဝေးတဲ့အထိ ၀ါထိန်နေတဲ့ တောရိုင်းနေကြာပန်းတွေကို သေသေချာချာ ဓါတ်ပုံရိုက်မယ်၊ တောင်ကမ်းပါးမှာကပ်ပြီး တတောင်ဆစ်ချိုးဆင်းတဲ့ နေရာကြရင် ကားပေါ်ကဆင်း ခြေလျင်လျှောက်မယ် ဓါတ်ပုံရိုက်မယ်လို့ပဲ စိတ်ကူးထားခဲ့ပါတယ်။ ကားစီးရင်း ဆင်းချသွားမယ်ဆိုရင်တော့ ဂုတ်တွင်းချောင်း အပေါ်စီးပုံတွေ ဘယ်နည်းနဲ့မှ ဓါတ်ပုံရိုက်လို့မရနိုင်ဘူးဆိုတာ အလာကတည်းက သိခဲ့ရလို့ပါပဲ။

နောက်ထပ် ဆယ်မိနစ်လောက်ရောက်တော့ ကားက လမ်းဘေးတနေရာကို ထိုးရပ်ပါတယ်။ လူတွေကားပေါ်ကဆင်းကြပါတယ်။ ကျနော်က အပေါ့အပါးသွားဖို့ဆင်းကြတာဖြစ်မယ်ထင်ပြီး ကားပေါ်ကမဆင်းပါဘူး။ ပန်းချီဆရာမ ရှားရိုဖေါက ကားရှေ့ခန်းနားလာရပ်ပြီး ဆရာဆင်းတော့လေ ဟိုမှာ ဆရာအင်မတန်ကြိုက်မယ့် ရှုခင်းတွေရောက်နေပြီလို့ပြောမှပဲ ကာပေါ်က ကျနော်ဆင်းပါတယ်။ အင်္ဂတေလှေကားထစ် သုံးဆယ်လောက်ဆင်းပြီး ကိုက် ၂၀ လောက်လျှောက်တော့ အင်မတန်နက်ရှိုင်းလှတဲ့ ခြောက်ကမ်းကြီးထိပ်နား ကပ်လာကြပါတယ်။ ကိုင်း ဆရာရေ စိတ်ကြိုက်သာ ရိုက်ပေတော့ လို့ ဆရာမရှားရိုဖေါက ပြောပြောဆိုဆို သူတို့လည်း အပြန်အလှန် ဓါတ်ပုံရိုက်ပါတယ်။

ပထမတော့ ကျနော့်မှာ ဓါတ်ပုံမရိုက်နိုင်သေးဘဲ အင်မတန် ကျယ်ပြောနက်ရှိုင်းလွင့်မျောလှတဲ့ မြင်ကွင်းတွေ၊ တောင်တန်းတွေကို မင်သက်မိပြီး ငေးကြည့်နေရပါသေးတယ်။ အဲဒီအချိန်မှာပဲ ကားဆရာလေးက အဘ ဒီနေရာလာ ဒီကနေကြည့် ဆိိုလို့ သူရပ်နေရာဆီသွားပြီး အောက်ဘက်ကိုငုံ့ကြည့်တော့ ကျနော်တို့လူသိုက်ရပ်နေရာ ကမ်းပါးကြီးအောက်တည့်တည်းနီးပါးလောက်မှာ ဗိုက်ပူပူ စပါးကြီးမြွေကြီးတစ်ကောင် တွန့်ခွေနေတဲ့မြင်ကွင်းလို ကားလမ်းတစ်ခုကို ဘွားကနဲတွွေ့လိုက်ရပါတော့တယ်။ ချက်ချင်းဆိုသလိုပဲ ကင်မရာအိတ်ကိုဖွင့် ကင်မရာယူပြီး ဓါတ်ပုံရိုက်ပါတော့တယ်။ အင်မတန်အသဲယားဖို့ကောင်းလောက်အောင် မြင့်မတ်လှတဲ့ ကျနော်တို့ရပ်နေရာ ခြောက်ကမ်းပါးကြီးအောက်တည့်တည့်မှာ စပါးကြီးမြွေကြီးတစ်ကောင် ရောက်််နေတဲ့သဘောပါပဲ။

တကယ်တော့ ဒိီလောက် မြင်ကွင်းှဆန်းပြီး လှပလှတဲ့ ကားလမ်းမျိုး ကျနော် တစ်ခါမှမမြင်ဘူးသေးပါ။

ဆန်းကြယ်လှပလွန်းတဲ့ စပါးကြီးမြွေကားလမ်းကြီးကို ငုံ့ကြည့်ရင်း အကြိမ်ကြိမ် ဓါတ်ပုံရိုက်နေတဲ့ ကျနော့်လက်တွေဟာ စိတ်လှုပ်ရှားမှုကြောင့် တဆတ်ဆတ်တုန်နေခဲ့ပါသေးတယ်။ စိတ်ကိုတည်ငြိမ်အောင် ထိန်းပြီးမှ စပါးကြီးမြွေကားလမ်းကြီးကို ဓါတ်ပုံရိုက်ရပါတယ်။    ။

Mizzima Weekly