ထင်းရှုးတောတစ်ခုဘေး လမ်းပြောင်းပြန် ငေး

ထင်းရှုးတောတစ်ခုဘေး လမ်းပြောင်းပြန် ငေး

ရှမ်းပြည်ကို ခရီးမဆက်ခင် မန္တလေးမှာရှိတဲ့ ပန်းချီဆရာမ ရှားရိုဖေါ ဆီမှာ တစ်ညအိပ်ရပါတယ်။

ဆရာမ ရှားရိုဖေါ ရဲ့ ခင်ပွန်းဖြစ်သူက အရပ်အမောင်းကောင်းကောင်း အသားဖြူဖြူ ခတ်အေးအေး နေတတ်သူပါ။ သားဖြစ်သူက အပြင်သွားနေပြီး ပြန်လာတော့လည်း ကျနော်အိပ်ပျော်မှ ပြန်ရောက်လာဟန်တူပါတယ်။ မနက်အစောကြီး ခြောက်နာရီကျော်ကျော်အချိန် ကျနော်တို့ကားထွက်တော့လည်း နိုးဟန်မတူလို့ မတွေ့ခဲ့ရပါဘူး။ သမီးအငယ်က ကျနော်ရောက်တဲ့နေ့မနက်ခင်း ကျနော်နဲ့အတူ ရှေ့ဆင့်နောက်ဆင့် ရန်ကုန်ကနေပြန်ရောက်လာပါတယ်။ သူက ရန်ကုန်အလုပ်လုပ်နေသူပါ။

နောက်တနေ့မနက်မှာ ကျနော်နဲ့အတူ ဆရာမရှားရိုဖေါရဲ့သားကလွဲပြီး သူ့ခင်ပွန်းနဲ့သမီးလေးလည်း ကားတစ်စီးထဲ အတူတူပါလာခဲ့ကြပါတယ်။ နောင်ချိုကို အတူတူသွားကြမှာပါ။ ကျနော်က မေမြို့ကို ငယ်စဉ် အသက် ၂၀ ဝန်းကျင်က ကားနဲ့ရောက်ဖူးပေမယ့် နှစ်များစွာခြားပြီးမှ ထပ်သွားရတာမို့ တစ်ခေါက်မှမရောက်ဖူးသူလို လမ်းတွေအသစ်၊ အိမ်တွေအသစ်၊ မြင်ကွင်းတွေအသစ် ဖြစ်နေပါတယ်။ ကျနော်ငယ်စဉ်တုန်းက ဗမာပြည်ရဲ့ စက်ဘီးမြို့တော်လို့ တင်စားခံရတဲ့ မန္တလေးမြို့ဟာ အခုတော့ မော်တော်ဆိုင်ကယ်မြို့တော်အဖြစ် ပြောင်းလဲသွားခဲ့ပါပြီ။ လမ်းဆုံလမ်းခွ မီးပွိုင်တွေမှာ ကားရပ်တဲ့အခါ ဝတ်စားဆင်ယဉ်မှုကအစ တခြားမြို့ကနဲ့မတူချင်တဲ့ မန္တလေးသူတွေကို သတိပြုမိခဲ့ပါတယ်။

အိမ်ကနေ ကားထွက်လာတယ်ဆိုပေမယ့် မြို့ပြင်ဘက် ချက်ချင်းမထွက်နိုင်သေးပါဘူး။ ကျနော့်ကင်မရာက ဓါတ်ခဲထည့်ရိုက်ရတဲ့ကင်မရာဆိုတော့ ကားရပ်ပြီး ဓါတ်ခဲရှာရ ရှိမယ်ထင်တဲ့ဆိုင် တဆိုင်ပြီးတဆိုင် လိုက်မေးလိုက်ဝယ်နေရပါသေးတယ်။ ဒီလိုနဲ့ မန္တလေးမြို့ထွက်တော့ ရှစ်နာရီထိုးကားနီးနေပါပြီ။

ကျနော်တို့ဟာ မန္တလေးနဲ့နောင်ချိုကို သုံးနာရီကျော်ကားစီးရင် ရောက်မယ်လို့ ဆရာမရှားရိုဖေါကပြောပါတယ်။ ဆရာမကော ကျနော်ကော လေးငါးရက်စာ အဝတ်အစားတွေအပြင် ပန်းချီပစ္စည်းတွေလည်း သယ်လာခဲ့ကြပါတယ်။ ကျနော်က ကိုယ်နေတဲ့မြို့က မထွက်ခင်ကတည်းက နောင်ချိုမှာ အောက်ဒိုးပန်းချီဆွဲကြမယ်လို့ ဆရာမ ရှားရိုဖေါ ကြိုပြောထားလို့ ဆေးဗူးနဲ့စုတ်တံကအစ ပန်းချီဆွဲတဲ့စက္ကူအဆုံး အပြည့်အစုံ ယူလာခဲ့တာပါ။ မန္တလေးရောက်တော့ ဆရာမကလည်း ပန်းချီပစ္စည်းတွေ ယူလာပါတယ်။ ဒီကြားထဲ ကားပေါ်တက်တော့ ပန်းချီကားတင်ဆွဲတဲ့ဘုတ်ပြားတစ်ချုပ် ကားပေါ်မှာ နေရာချတော့ ကျနော်က ဆရာမရှားရိုဖေါ သူ့အတွက်ယူလာတာဖြစ်မယ်လို့တွေးနေတုန်းက အဲဒါက ဆရာ့အတွက် လိုလိုမယ်မယ်ယူလာပေးတာဆရာ လို့ပြောတော့ ကျနော့်မှာ တော်တော်အားနာသွားရပါတယ်။ သူကတော့ ဒီအတိုင်း တခုခုအပေါ်တင်ရေးလို့တတ်ပါတယ်လို့လည်း ပြောရှာပါတယ်။

လမ်းမှာ မေမြို့ မြို့ရှောင်လမ်းက ဖြတ်ရပါတယ်။ အဲဒီမှာ နာမည်ကျော် ထင်းရှုးတောကို ဓါတ်ပုံဆင်းရိုက်ကြပါတယ်။

နာမည်ကျော်မယ်ဆိုရင်လည်း ကျော်ထိုက်ပါတယ်။ ထင်ရှုးပင်တွေ စနစ်တကျ စိုက်ထားတာအပြင် ကားလမ်းဘေးမှာတင် ဘယ်သူမဆို အလွယ်တကူဆင်းကြည့်လို့ရာမို့ ကျနော်တို့ရောက်သွားတဲ့အချိန်က ကားတချို့နဲ့ မော်တော်ဆိုင်ကယ်တွေ လမ်းဘေး ရပ်ထားတာတွေ့ရပါတယ်။ ကျနော်တို့အားလုံး ကားပေါ်ကဆင်းပြီး ဓါတ်ပုံရိုက်ကြပါတယ်။ ဒီနေရာကို လူအတော်များများများ တကူးတက လာပြီး ဓါတ်ပုံရိုက်ကြ ကြည့်ရှုကြ အပမ်းဖြေကြတယ်လို့ဆိုပါတယ်။ ဒါပေမယ့် မကြာခဏဆိုသလို အကြမ်းဖက်လုယက်မှုလည်း ဖြစ်တတ်သေးတယ်လို့ သိရပါတယ်။

ကျနော်ကတော့ ထင်ရှုးပင်တွေကို ဓါတ်ပုံလှည့်ရိုက်နေရင်းက ခေတ်ဟောင်းရုပ်ရှင်မင်းသားကြီး ကျော်ဆွေကိုပဲ သတိရနေမိတယ်။ မင်းသားကြီးကျော်ဆွေဟာ မြန်မာရုပ်ရှင်လောကမှာ တကယ့်အဆင့်အတန်းမြင့်မြင့် ဇာတ်ကားတွေကို သူကိုယ်တိုင် ဒါရိုက်တာလုပ် သူကိုယ်တိုင်သရုပ်ဆောင်ရိုက်ကူးခဲ့သူပါ။ အင်မတန်လည်း ကျော်ကြားအောင်မြင်ခဲ့ပါတယ်။ သူဟာ အအက်ရှင်ခန်းတွေနဲ့ သဘာဝပတ်ဝန်းကျင်အလှကို ဘယ်သူနဲ့မှမတူ နိုင်ငံတကာအဆင့်မီအောင် ရိုက်ကူးနိုင်သူပါ။ အထူးသဖြင့် မြင်းစီးတဲ့အခန်း၊ ထိုးကြိတ်သတ်ပုတ်တဲ့အခန်းနဲ့ လွမ်းခန်းကို တကယ့်ကို နိုင်ငံတကာအဆင့်မီ ရိုက်ကူးခဲ့သူပါ။

အခုလိုလှပတဲ့ထင်းရှုးတောတွေကိုတွေ့တော့ မင်းသားကြီးကျော်ဆွေရိုက်ကူးခဲ့ဖူးတဲ့ ချစ်မေတ္တာဇာတ်ကားထဲက ထင်းရှုးတောကြီးထဲ လူဆိုးတွေနဲ့ အပြန်အလှန်သတ်ပုတ်တဲ့အခါ ပစ်ကြခတ်ကြ မြင်းစီးပြီးပြေးကြလွှားကြတဲ့အခန်းတွေကို မျက်စေ့ထဲပြန်မြင်လာမိပါတယ်။ အထူးသဖြင့် အခုခေတ် မြန်မာရုပ်ရှင်တွေထဲက မြင်းပုလေးတွေလိုမဟုတ်ဘဲ နိုင်ငံခြားဟောလီးဝု ရုပ်ရှင်ဇာတ်ကားတွေထဲက မြင်းတွေလို သူကိုယ်တိုင်ငွေကုန်ကြေးကျခံ မွေးထား လေ့ကျင့်ထားတဲ့မြင်းတွေကိုစီးရင်း မြင်းကောလူကော တဘိုင်းဘိုင်းပစ်လဲကျတဲ့အခန်းတွေကို ဒီလို ထင်ရှုးတောတွေထဲ လာရိုက်ခဲ့သွားခဲ့တာပါ။

ကျနော်က ဓါတ်ပုံရိုက်တာလည်း ၀ါသနာကြီးသူဖြစ်တော့ လမ်းဘေးမှာရပ်ထားပေးတဲ့ ကျနော်တို့စီးလာတဲ့ကားနဲ့ ခတ်လှမ်းလှမ်းရောက်တဲ့အထိ ဓါင််ပုံရိုက်ရတာ အားရတင်းတိမ်ခြင်း မရှိနိုင်လို့ ကိုယ့်ကိုယ်ကို မနည်းကို ထိန်းချုပ်ခဲ့ရပါတယ်။ ထင်းရှုးတောတွေထဲအထိ ဝင်သွားလိုက်၊ လမ်းဘေးဝဲယာ လှည့်သွားလိုက်နဲ့ အချိန်တော်တော်ကြာသွားပါတယ်။ ဒါနဲ့ပဲ ကားဆီကိုလှမ်းကြည့်တော့ ကိုယ်နဲ့အတူစီးလာသူတိုင်းလိုလိုက ကျနော့်ကို လှမ်းကြည့်နေကြတာမြင်ရပါတယ်။ ဒါနဲ့ပဲကျနော်က ရောက်တဲ့လမ်းဘေး တောင်စောင်းကွေ့လေးမှာ ရပ်ပြီးစောင့်နေလိုက်ပါတယ်။ ကျနော်စီးလာတဲ့ကား ကိုယ့်ဆီရောက်မှပဲ ကားပေါ်တက်စီးလိုက်မယ်ဆိုပြီးစောင့်နေလိုက်တာပါ။

ကျနော်က လမ်းဘေးမှာရပ်ပြီး လှမ်းကြည့်နေချိန် ကျနော့်အဖေါ်တွေကလည်း ကျနော့်ကို လှမ်းကြည့်နေကြပါတယ်။ နောက်တော့ ကျနော်လည်းအားနာပြီး ကျနော်ရောက်မှကားထွက်မယ်နဲ့ထင်တယ်ဆိုပြီး ကားဆီကို ခတ်သွက်သွက်လျှောက်သွားရပါတယ်။

ကားနဲ့မလှမ်းမကမ်းရောက်တော့ ကျနော့့်မှာ စိတ်ထဲတမျိုးဖြစ်သွားပါတယ်။ ဘယ့်နှယ် ကျနော်တို့စီးလာတဲ့ကားက ဘာပြုလို့ လာတဲ့ဘက် ခေါင်းပြန်လှည့်ထားသလဲပေါ့။ ကားနားရောက်တော့ အဖေါ်တွေကို ကျနော့်ကိုစောင့်နေကြတာဖြစ်ကြောင်းပြောပါတယ်။ ဒီတော့မှ ကျနော်က ဘယ်လိုကဘယ်လို မျက်စေ့လည်သွားရတယ်မသိပါဘူး။ လာရာလမ်းကို မှားပြီးပြောင်းပြန်မှတ်သားမိပြီး ကျနော်က ရှေ့ဆက်သွားရမယ့်ဘက်ရောက်နေတယ်ထင်ပြီး ကားအလာကိုစောင့်နေမိတာဖြစ်ကြောင်း ရှင်းပြလိုက်ပါတယ်။

အတူလာကြတဲ့အဖေါ်တွေကလည်း လူတိုင်းတအံ့တသြနဲ့ ရယ်ကြမောကြဖြစ်ကုန်ပါတယ်။ သူတို့ကလည်း ဒီလူ ကားစောင့်ပေးနေတာကို ကားဆီမလာဘဲ ဘာပြုလို့ ရပ်ကြည့်နေတာလည်းလို့တွေးနေကြတာဖြစ်ကြောင်း ၀ိုင်းပြောကြပါတယ်။
ကျနော့်ရဲ့ နောင်ချိုခရီးလေးကတော့ အဲသလို မှတ်သားစရာ ရယ်စရာလေးတွေ အစပြုလိုက်ပြီပဲ ဆိုပါတော့။      ။

Mizzima Weekly