ထွေ/အုပ်ဦးစီးဌာနကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနလက်အောက်သို့ အမြန်ဆုံး ပြောင်းရွှေ့မည်

ထွေ/အုပ်ဦးစီးဌာနကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနလက်အောက်သို့ အမြန်ဆုံး ပြောင်းရွှေ့မည်
ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတစ်ရုံးအား တွေ့မြင်ရစဉ်။ ဓာတ်ပုံ-မဇ္ဈိမ

နေပြည်တော်၊ ဒီဇင်ဘာ၂၁ ။         ။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်မှ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနလက်အောက်သို့ ပြောင်းရွှေ့ရန်အတွက်  လမ်းညွှန်ချက်နှင့် မူများကို ချပြီးသွားပြီဖြစ်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

“အချိန်ကာလကတော့ မကြာတော့ဘူးပေါ့နော် ။မကြာတော့ဘူး ။ အမြန်ဆုံး မူက ကျပြီးပြီ ။ ကျွန်တေ်ာ လုပ်ထုံးလုပ်နည်းတွေအရ ဆက်လုပ်ဖို့ တရားဝင်ဆုံးဖြတ်ချက် အဲဒါ ကျဖို့ပဲလိုတယ်။ အခုဟာ မူလည်းကျပြီးပြီ။ လုပ်ပြီးပြီ ။ အဲဒါကို လုပ်ထုံးလုပ်နည်းတွေနဲ့အညီ စနစ်တကျဆောင်ရွက်ဖို့ ဆက်လုပ်ဖို့ လုပ်နေတယ်။ အဲ့တော့ အမြန်ဆုံးလုပ်ပါလိမ့်မယ်။အမြန်ဆုံးလုပ်မယ်”ဟု ဦးဇော်ဌေးက ပြောသည်။

ထိုကဲ့သို့ပြောင်းရွှေ့ရခြင်းသည် သမ္မတ၏ နှစ်ဦးမိန့်ခွန်းတွင် ပါသည့် ပြည်ထောင်စုအစိုးရ ရှေ့ဆက်လျှောက်လှမ်းမည့် ပြုပြင်ပြောင်းလဲရေးများတွင် အချုပ်ခြာအာဏာ၏ မူလပိုင်ရှင်ဖြစ်သော ပြည်သူလူထုနှင့် နီးစပ်သည့် အောက်ခြေက စတင်ရန်နှင့် နောင်လာမည့်အနာဂတ်တွင် ပေါ်ထွန်းလာမည့် ဖက်ဒရယ်ပြည်ထောင်စုအုပ်ချုပ်ရေးစနစ်အတွက် ကြိုတင်စီမံဆောင်ရွက်သည့်အနေဖြင့် ဗဟိုချုပ်ကိုင်မှု လျော့ချရေးနှင့် တိုင်းဒေသကြီးပြည်နယ်များ၏ တင်ပြချက်များကို အခြေခံကာ ပြောင်းရန်အတွက် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း ၄င်းကပြောသည်။

ယနေ့ ဒီဇင်ဘာလ ၂၁ရက်နေ့ကနေပြည်တော်ရှိ သမ္မတအိမ်တေ်ာ သတင်းစာရှင်းလင်းပွဲခန်းမဆောင်တွင် ကျင်းပသည့် မီဒီယာများနှင့် နှစ်ပတ်တစ်ကြိမ်ပုံမှန်တွေ့ဆုံချိန်တွင် ပြောခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ပြောင်းလဲရာတွင်  ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၂၂၇) (က)နှင့် (ခ) တွင်ပါရှိသည့် ပြည်ထောင်စု အစိုးရသည် ဥပဒေနှင့်အညီ ပြည်ထောင်စုဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်းများကို လိုအပ်သလို ဖွဲ့စည်းနိုင်သည်၊ ခန့်ထားနိုင်သည့်အတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်းလည်း ဦးဇော်ဌေးက ဆက်လက်ပြောသည်။

ပြည်ထောင်စု အစိုးရတွင် ကက်ဘိနက်ကို ဦးဆောင်သည်မှာ သမ္မတ၊ ပြည်ထောင်စု အဆင့်တွင် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး၊ ၄င်းလက်အောက်တွင် တိုင်းဒေသကြီးပြည်နယ်များမှ ဝန်ကြီးချုပ်များနှင့် အစိုးရအဖွဲ့ဝင်များ ၊ ၄င်းတို့အားလုံးထဲမှ ဝန်ကြီးချုပ်များသည် သမ္မတထံသို့ တိုက်ရိုက်တာဝန်ခံနေရကြောင်း ၄င်းကဆက်လက်ပြောသည်။

"အဲဒီတော့ ဒီအုပ်ချုပ်ရေးမဏ္ဍိုင်ကိုကြည့်လိုက်ရင် ကျွန်တေ်ာတို့ က သမ္မတ ရှိတယ်။ ကက်ဘိနက် ရှိတယ်။ အဲ့ဒီကနေ ဒေါင်လိုက်သွားရင် တိုင်းဒေသကြီးပြည်နယ် နေပြည်တော်ကောင်စီပေါ့ ။ ဝန်ကြီးချုပ်တွေ ရှိတယ်။ ပြီးရင် ဝန်ကြီးချုပ်တွေနဲ့ အတူ တိုင်းဒေသကြီး၊ ပြည်နယ် ကက်ဘိနက်တွေ  ရှိတယ်။ ြပြီးရင် ခရိုင်မြို့နယ် စသဖြင့် အုပ်ချုပ်ရေး တည်ဆောက်ပုံရှိပါတယ်" ဟု ၄င်းကပြောသည်။ 

ဆက်လက်ပြီး“အဲဒီတည်ဆောက်ပုံက  ဖွဲ့စည်းပုံ အခြေခံဥပဒေအရ  ဆိုရင် သမ္မတ၊ ဝန်ကြီးချုပ် ပြီးရင် အုပ်ချုပ်ရေးမှူးစသည်ြ့ဖင့် အဆင့်ဆင့် သွားတဲ့ ပုံစံဖြစ်ပါတယ်။ ဒီမူအတိုင်းလည်း သမ္မတ အောက်မှာ ရှိဖို့ဆိုပြီးတော့ ကျွန်တော်တို့က ဒါကိုပြန်သုးံသပ်ပြီးတော့မှ အထွေအထွေအုပ်ချုပ်ရေး ဦးစီးဌာနကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနအောက်ကို ရွှေ့လိုက်တာဖြစ်ပါတယ်” ဟု ဦးဇော်ဌေးက ပြောသည်။

ထို့ပြင် မည်သူတစ်ဦးတစ်ယောက်၏ အကြံပေးချက်များကြောင့် ထိုသို့ ပြောင်းလဲခဲ့ခြင်းမဟုတ်ဘဲ အခြေခံမူများ၊ ပြုပြင်ပြောင်းလဲရေး မဟာဗျုဟာများနှင့် အုပ်ချုပ်ရေး ယန္တရားပိုမိုတောင့်တင်းအောင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၄င်းကပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required