ဗဟိုဘဏ်၏ ဒေါ်လာ ၃၄သန်း ဝယ်ယူမှု စျေးကွက်အပေါ် ထိခိုက်မှုများရှိနေ

ဗဟိုဘဏ်၏ ဒေါ်လာ ၃၄သန်း ဝယ်ယူမှု စျေးကွက်အပေါ် ထိခိုက်မှုများရှိနေ

ရန်ကုန်၊ ဒီဇင်ဘာ ၂၁ ။            ။ ဗဟိုဘဏ်မှ နှစ်ရက်အတွင်းအမေရိကန်ဒေါ်လာ ၃၄ သန်းကိုတစ်ဒေါ်လာလျှင် ကျပ် ၁၅၇၀ နှုန်းဖြင့် ဝယ်ယူခဲ့မှုကြောင့် စျေးကွက်တွင်ထိခိုက်မှုများ ရှိကြောင်း ပြည်သူ့ငွေစာရင်းကော်မတီအဖွဲ့ဝင် ဦးသန်းစိုး (ဘောဂဗေဒ)ကပြောသည်။

“ကျွန်တော်တို့ ကော်မတီကတစ်ယောက်ကပြောသွားတယ်။၁၅၁ဝလောက်ပဲ ဖြစ်နေတယ်။အဲ့ဒီကွာတဲ့ဟာကို ကျွန်တော်တို့က ပြန်တွက်ရဦးမှာ။အဲ့ဒါက ကျွန်တော်တို့ရဲ့ ဆုံးရှုံးတဲ့ ပမာဏပေါ့လေ။ဒီ၃၄သန်းကိုလည်း ကျွန်တော်တို့က ၁၅၇၀ နဲ့မြှောက်လိုက်ရင် ၅၃ ဘီလီလျှံလောက်တောင်ဖြစ်သွားတယ်၊ market ထဲကို ရောက်သွားတာပေါ့။ဗဟိုဘဏ်ကရှင်းတဲ့ထဲမှာတော့ သူ့ရဲ့ လုပ်ထုံးလုပ်နည်းအရဝယ်တယ် ရောင်းတယ်လို့ပဲ သူ့ရဲ့ ဂိုက်လိုင်းထဲကရှင်းပြတာပေါ့” ဟု ၄င်းက ပြောသည်။

ကျပ်တစ်သောင်းတန်ငွေစက္ကူအတုများခပ်စိပ်စိပ် တွေ့ရှိလာသည့်ကိစ္စအပါအဝင် ကန်ဒေါ်လာ ၃၄သန်း ဝယ်ယူသည့်ကိစ္စများနှင့်ပတ်သက်ပြီးအမျိုးသားလွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီက ဗဟိုဘဏ်မှ တာဝန်ရှိသူများကိုဒီဇင်ဘာ ၂၀ ရက်နေ့ ညနေပိုင်းတွင် ခေါ်ယူတွေ့ဆုံခဲ့ပြီး တွေ့ဆုံဆွေးနွေးခဲ့သည့် အခြေအနေများကို ဦးသန်းစိုးက ညနေပိုင်းတွင် မီဒီယာတချို့ကို ပြန်လည်ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မကြာသေးခင်က ကျပ်တစ်သောင်းတန်ငွေစက္ကူတချို့ကြောင့် စင်ကာပူနိုင်ငံတွင် အလုပ်လုပ်၍ ပြန်လာသော မနော်သောသွဲ့မှူးသည် ဖမ်းဆီးအရေးယူခြင်းခံထားရသည်။အဆိုပါ တစ်သောင်းတန်ငွေစက္ကူအတုများမှာ အလုပ်ရှင်မှ ၄င်း၏လုပ်ခငွေများကိုစင်ကာပူရှိ ငွေလဲကောင်တာတွင် မြန်မာငွေဖြင့် လဲလှယ်ပြီးထည့်ပေး လိုက်ခြင်း ဖြစ်ကြောင်းသိရသည်။

"ပြည်သူလူထုအတော်များများသည်အတုမှန်းသိ၍ ငွေစက္ကူအတုကိုသုံးနေခြင်းဟု မိမိအနေဖြင့် မယူဆဘဲ မသိ၍ ဖြစ်နေသည့်ကိစ္စသာဖြစ်သဖြင့် ဗဟိုဘဏ်ဥပဒေအရ ပုဒ်မ၁၀၁နှင့် ယခုဖြစ်နေသည့်ကိစ္စများနှင့် အကျုံးမဝင်" ဟုလတ်တလော ကျပ်တစ်သောင်းတန်ငွေစက္ကူအတုနှင့်ပတ်သက်၍ဖမ်းဆီးအမှုဖွင့်ခံနေရသော ပြည်သူများနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့်ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ အတွင်းရေးမှူးဦးတင်ထွန်းနိုင်ကပြောသည်။

ထို့အပြင် ဗဟိုဘဏ်၏ ပုဒ်မ ၁၀၂သည် ငွေစက္ကူ ၊ ဒင်္ဂါးပြား၊ စာချုပ်စာတမ်းများကိုအတုပြုလုပ်ခြင်းနှင့် သက်ဆိုင်ပြီး ယခုကဲ့သို့ အတုများကို ပြည်သူလူထုလက်ဝယ်ပေါ်၊စျေးကွက်ထဲရောက်အောင် ဖြန့်ဝေ နေသူများနှင့်သာ သက်ဆိုင်ကြောင်း၊လောလောဆယ်တွင် နောက်ကွယ်မှ အဓိကဖြန့်ဝေနေသူများ နှင့် ပတ်သတ်၍ အရေးယူနိုင်ခြင်းမတွေ့ရသေးကြောင်း ၄င်းက ပြောသည်။

“အရေးကြီးတာကတော့ ခုဟာလက်ထဲမှာတွေ့တဲ့သူတွေကိုပဲဖမ်းဆီးနေတဲ့ သဘောပဲ။ ကျွန်တော်တို့က ကြားရတဲ့အခါကျတော့ လက်ထဲတွေ့တဲ့သူကိုဖမ်းဆီးတာလည်း ပုဒ်မ၁၀၁အရအကြုံးမဝင်ဘူးလို့ ကျွန်တော်တို့ ပြောလို့ရတယ်” ဟုဦးတင်ထွန်းနိုင်ကပြောသည်။

မြန်မာနိုငံတော်ဗဟိုဘဏ်တွင် ၂၀၁၃ခုနှစ်ကနောက်ဆုံးထုတ်ပြန်ခဲ့သော ပုဒ်မ၁၂၁တွင် ဗဟိုဘဏ်အနေနှင့် လိုအပ်ပါက၄င်း၏ နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်း ၊အမိန့်၊ညွှန်ကြားချက်များ ထုတ်ပြန်နိုင်ကြောင်း၊ ယခုဖြစ်ပေါ်နေသောကိစ္စများနှင့် ပတ်သတ်၍ ဗဟိုဘဏ်ဘက်မှအရေးတယူဆောင်ရွက်သင့်ကြောင်း၄င်းက ပြောသည်။

အရေးယူဆောင်ရွက်သည့်အခါတွင်လည်း ၄င်း၏အခွင့်အာဏာအရ  ပြည်သူလူထုနစ်နာနေသည့် ကိစ္စရပ် များကို ဗဟိုဘဏ်ဘက်မှ ဖြစ်သင့်ဖြစ်ထိုက်သည့်အတိုင်း၊အမှန်အတိုင်းဖြစ်အောင် ညွှန်ကြားချက်၊ အမိန့် ကြော်ငြာစာ ထုတ်သင့်ကြောင်း၊ အရေးတကြီးအလေးအနက်ထားဆောင်ရွက်သင့်ကြောင်း ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့်ငွေကြေးဆိုင်ရာဖွ့ံဖြိုးတိုးတက်ရေးကော်မတီအတွင်းရေးမှူးဦးတင်ထွန်းနိုင်ကပြောသည်။

တစ်သောင်းတန်ငွေစက္ကူအတုပြဿနာသည် မြန်မာပြည်သားများအပြင် နိုင်ငံခြားသားများအတွက်လည်း စိုးရိမ်ဖွယ်အခြေအနေမျိုးဖြစ်နေပြီး တစ်သောင်းတန်အတုကိုင်ဆောင်မှုဖြင့် အထိန်းသိမ်းခံရသည့် နိုင်ငံခြားသားသုံးဦးထိရှိနေကြောင်းသိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly