မြန်မာအစိုးရကို ကျွန်တော်တို့ အကူညီပေးနိုင်မလား၊ ကျွန်တော်တို့ အရမ်းသိချင်တယ်ဆိုတဲ့ အစ္စရေးသံအမတ်ကြီး နှင့်တွေ့ဆုံမေးမြန်းခြင်း - အပိုင်း( ၁ )

By ကိုမျိုးသန့်(မဇ္စျိမ)
21 December 2018
မြန်မာအစိုးရကို ကျွန်တော်တို့ အကူညီပေးနိုင်မလား၊ ကျွန်တော်တို့ အရမ်းသိချင်တယ်ဆိုတဲ့ အစ္စရေးသံအမတ်ကြီး နှင့်တွေ့ဆုံမေးမြန်းခြင်း - အပိုင်း( ၁ )

မဇ္စျိမရဲ့ Exclusive ကဏ္ဍမှာတော့ မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်ကြီး Mr.Ronen Gilor နှင့် တွေ့ဆုံ မေးမြန်းရာမှာ မြန်မာနိုင်ငံနဲ့ အစ္စရေးနိုင်ငံတို့ရဲ့ နှစ်နိုင်ငံဆက်ဆံရေးအခြေအနေ၊ မြန်မာ့ဒီမိုကရေစီရေး၊ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ် စတာတွေကို မေးမြန်းထားပါတယ် ။

မေး။ ။ မြန်မာနိုင်ငံမှာ သံအမတ်ကြီးရဲ့ ပထမဦးစားပေးတဲ့ ကိစ္စက ဘာတွေများဖြစ်မလဲ ခင်ဗျား။

ဖြေ။ ။   အစ္စရေးနဲ့ မြန်မာဆိုတာကလည်း နှစ်နိုင်ငံစလုံး လွတ်လပ်ရေးအသီးသီးရခဲ့ကြပြီးတဲ့ နောက်ပိုင်းကတည်းက ခရီးလမ်းရှည်ကြီးတစ်ခုကို အတူတကွလျှောက်လှမ်းခဲ့ကြရတယ်၊ ကျွန်တော်တို့ သံရုံးရဲ့ ဦးစားပေးကိစ္စတွေကတော့ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ပညာရေးနဲ့ နောက်ပြီး တီထွင်ဆန်းသစ်မှုတွေပါ။ တီထွင်ဆန်းသစ်မှု ဆိုတာက သံရုံးအတွက်ကတော့ ဒီကဏ္ဍအားလုံးကို ပေါင်းစည်းစေနိုင်တဲ့ အရာတစ်ခုပဲဖြစ်တယ်။

မေး။ ။ ဒီကနေ့ မြန်မာနိုင်ငံနဲ့ အစ္စရေးနိုင်ငံတို့ရဲ့ ဆက်ဆံရေးအပေါ်မှာကော သံအမတ်ကြီးရဲ့ အမြင်ကို သိပါရစေခင်ဗျား။

ဖြေ။ ။ ဒီဆက်ဆံရေးကတော့ သမိုင်းကြောင်းတစ်ခုရှိပြီး၊ အင်မတန်ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု ဖြစ်တယ်လို့ ကျွန်တော်မြင်တယ်။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ ခရီးလမ်းကြောင်းကို မြန်မာနိုင်ငံနဲ့ အတူတူ တစ်နှစ်တည်းဖြစ်တဲ့ ၁၉၄၈ ခုနှစ်မှာပဲ စတင်ခဲ့ရတယ်။ နှစ်နိုင်ငံစလုံးနဲ့ သက်ဆိုင်ရာ နှစ်ဖက်ပြည်သူတွေကလည်း နောက်ထပ် ခရီးတစ်ခုကို နှစ်ကာလများစွာကြာ လျှောက်လှမ်း ဖြတ်သန်းခဲ့ကြရတယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ခုထက်ထိလည်း နှစ်နိုင်ငံ စတင်ခဲ့တဲ့အချိန်နောက်ပိုင်း အရမ်းကောင်းတဲ့ ဆက်ဆံရေးတစ်ရပ်ကို ထူထောင်ထားနိုင်ဆဲဖြစ်တယ်။ ဝန်ကြီးချုပ် ဦးနုလည်း ၁၉၅၅ ခုနှစ်မှာ အစ္စရေးကို လာလည်ပြီး ကျွန်တော်တို့ ဝန်ကြီးချုပ် ဒေးဗစ်ပစ်ကိုရီယန် နဲ့ တွေ့ခဲ့တယ် ခင်ဗျားတို့ဝန်ကြီးချုပ်နဲ့ ကျွန်တော်တို့ ပထမဦးဆုံး ဝန်ကြီးချုပ်တို့ အကြား အရမ်းကောင်းမွန်တဲ့ ချစ်ကြည်ရင်းနှီးမှုတစ်ခုကို ရရှိခဲ့ကြတယ်။ အဲ့ဒီနောက် ၁၉၆၁မှာ အစ္စရေး ဝန်ကြီးချုပ် ဒေးဗစ်ဘင်ကူရီယန်ဟာ ဝန်ကြီးချုပ် ဦးနုနဲ့ တွေ့ဖို့ မြန်မာနိုင်ငံကိုသွား၊ သူတို့နှစ်ဦးအတူ ထိုင်ပြီး အရမ်းကောင်းတဲ့ ခရီးစဉ်တစ်ခု ရှိခဲ့တယ်လို့ ဆွေးနွေးခဲ့ကြတယ်။ ပြီးတော့ ဂျေရုစလင်မှာ ဒေးဗစ်ဘင်ကူရီယန် ဘယ်မှာရောက်နေခဲ့သလဲ သူတို့ မသိခဲ့ကြဘူး။ ဘာလို့လဲဆိုတော့ သူက တရားထိုင်ဖို့ အတွက် ဘုန်းကြီးကျောင်း တစ်ကျောင်းသွားနေခဲ့လို့ ဖြစ်တယ်။ သူ့အတွက်ကတော့ အဲ့ဒါက အရမ်းကို အရေးကြီးတယ်ဗျ။ သူဟာ ဗုဒ္ဓဘာသာနဲ့ ဂျူးဘာသာ အကြောင်း အချိန်ပေါင်း မြောက်များစွာ ပြောခဲ့တယ်၊ ဒီဘာသာနှစ်ခု ယုံကြည်ကိုးကွယ်မှု နှစ်ခုအကြား မတူညီဘူး ဆိုပေမယ့်လည်း နည်းလမ်းတစ်ခုနဲ့ ကျတော့ အရမ်းကို တူညီနေတယ်ဆိုတာကို ခိုင်းနှိုုင်းကြည့်ဖို့ သူပြောခဲ့ တယ်။ အဲဒီနောက် ၆၀ ပြည့်နှစ်လောက်မှာ ဒီမှာ ကျွန်တော်တို့ရဲ့ သံရုံးကြီး ရှိလာခဲ့တယ်။ ဒီမှာ ဘာလို့သံရုံးလာဆောက်ရသလဲဆိုတော့ ကျွန်တော်တို့မှာ အိန္ဒိယ ဒါမှမဟုတ် တရုတ်နဲ့ အကြား သံတမန်ဆက်ဆံရေး မရှိခဲ့ဘူး။ ကျွန်တော်တို့ ဒီမြန်မာပြည်မှာ   သံရုံးကြီးတစ်ခုရှိခဲ့တယ်၊ အစ္စရေးရဲ့ နိုင်ငံတကာ ပူးပေါင်းရေး ဆန္ဒကိုလည်း ဒီမြန်မာနိုင်ငံဆီ ရောက်လာဖို့ ကျွန်တော်တို့ စတင်ပြီး လုပ်ကိုင်ခဲ့ကြတယ်။ ပြီးတော့ ကျွန်တော်အပေါ်မှာ ပြောခဲ့သလို စိုက်ပျိုးရေးလိုမျိုး ကဏ္ဍတွေ၊ အကြောင်းအရာပေါင်းများစွာနဲ့ ပတ်သက်လို့ လေ့လာနိုင်ဖို့အတွက် မြန်မာနဲ့ အကြား အပြန်အလှန် အမြင်ခြင်းဖလှယ်မှုတွေကို ကျွန်တော်တို့ လုပ်ခဲ့ကြတယ်။

မေး။ ။ မြန်မာနိုင်ငံမှာ လုပ်နေတဲ့ စိုက်ပျိုးရေးစင်တာနဲ့ ပညာရေးအကြောင်းနည်းနည်းလောက်ထပ်ပြီး  ရှင်းပြပေးပါဦးလား ခင်ဗျား။

ဖြေ။ ။ စိုက်ပျိုးရေးဘက်မှာ ဆိုရင်တော့ မြန်မာနိုင်ငံမှာ ကျွန်တော်တို့ လုပ်နေပြီးသားတွေလည်း ရှိတယ်။ ဒီထက်လည်း ပိုပြီးတော့ လုပ်သွားနိုင်တယ်လို့ ကျွန်တော်တို့ ယုံကြည်ထားတယ်ဗျ။ ပြီးတော့ ဒီက မြန်မာနိုင်ငံပြည်နယ် ဒေသအများအပြားမှာ ကျွန်တော်တို့ အရမ်းကို တက်တက်ကြွကြွကို လုပ်သွားချင် တယ်။ အခုချိန်ထိကတော့ ရှမ်းပြည်နယ်ဘက်မှာ  အစက်ချ ရေပေးဝေမှု Wind House တွေနဲ့ ပတ်သက်လို့ ကျွန်တော်တို့ရဲ့ လုပ်ဆောင်ချက်တစ်ချို့ ရှိထားပြီးပြီ။ ကျွန်တော်တို့ အစ္စရေးမှာ မန္တလေးတိုင်းဝန်ကြီးချုပ်နဲ့ အစ္စရေးစိုက်ပျိုးရေးဝန်ကြီးအကြား တွေ့ခဲ့တဲ့ အစည်းအဝေးမှာတုန်းက ဆိုရင် စိ်ုက်ပျိုးရေးဘက်မှာ အစ္စရေးရဲ့ အဆင့်မြင့်နည်းပညာတွေနဲ့ ပတ်သက်လို့ ကျွန်တော်တို့ ဆွေးနွေး ပြောဆိုခဲ့ကြတယ်။ ပြီးတော့ ခြောက်သွေ့ဇုန်ဖြစ်တဲ့ မန္တလေးနဲ့ ပဲခူးတိုင်းဒေသကြီးတို့အတွက် ခေတ်မီတဲ့ နည်းပညာတွေနဲ့ ပတ်သက်လို့လည်း ဆွေးနွေးခဲ့ကြတယ်။ အဲ့ဒါကို ကျွန်တော်တို့ ဆက်လုပ်သွားမယ် ၊ အခုဆို နေပြည်တော်နားက ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်မှာ သရုပ်ပြ စိုက်ကွင်းတစ်ခု ကျွန်တော်တို့မှာ ရှိနေပြီ။ အဲ့ဒီမှာ အစ္စရေးဆီက ကောင်းတဲ့ နည်းပညာအများအပြား ကို အဲ့ဒီမှာ ရှိတဲ့ စိုက်ပျိုးရေးကျောင်းသား ကျောင်းသူတွေကို သွားပြီး လေ့လာနိုင်တယ်ဗျ။

မေး။ ။ စောစောက သံအမတ်ကြီးလည်း ပြောခဲ့ပါတယ်။ သံအမတ်ကြီးတို့ဟာ အရင်အစိုးရတွေ အဆက်ဆက်ကြားမှာ ကာလရှည်ကြာ ဆက်ဆံရေးတစ်ရပ်ရှိခဲ့တယ်ပေါ့ခင်ဗျား။ အခု ကျွန်တော်တို့ဆီ မှာက အစိုးရသစ်တစ်ရပ်လည်း ရှိလာပြီဆိုတော့ ဒီအစိုးရသစ်နဲ့ ဆက်ဆံရေးကရော ဘယ်လိုမျိုးရှိ နေပါသလဲခင်ဗျား။

ဖြေ။ ။ ဒီမိုကရေစီ ဆိုတာကတော့ မြန်မာနိုင်ငံအတွက် အခုမှစပြီး၊ စ နေရတဲ့ အရာတစ်ခုဖြစ်တယ်။ ဒီမိုကရေစီအသွင် ကူးပြောင်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့လည်း ကျွန်တော်တို့ဘက်မှာတော့ မြန်မာကို ချီးကျူးပါတယ်။ အခုထိတော့ ဒီမိုကရေစီက ကလေးတစ်ယောက်လိုမျိုး နုနယ်တဲ့ အနေအထားမှာပဲ ရှိနေဆဲပါ၊ ဘာပဲဖြစ်ဖြစ် ဒီမိုကရေစီကို ထောက်ခံအားပေးရမယ်လို့ ကျွန်တော်ယုံကြည် တယ်။ အရှေ့အလယ်ပိုင်း ဒေသက တစ်ခုတည်းသော ဒီမိုကရေစီ နိုင်ငံဖြစ်တဲ့ ကျွန်တော်တို့ကလည်း သူ့လမ်းနဲ့သူ သွားနေတဲ့ မြန်မာကို များစွာ ထောက်ခံအားပေးသွားမယ်။ ဒီမိုကရေစီ ခရီးလမ်းသစ် တစ်ခုနဲ့ သွားနေတဲ မြန်မာကိုပေါ့လေ။ ဒီမတိုင်ခင်တုန်းကလည်း ကျွန်တော်တို့ဟာ မြန်မာရဲ့ မိတ်ဆွေ တွေဖြစ်ခဲ့တယ်။ အခုချိန်မှာလည်း မိတ်ဆွေတွေအဖြစ် ဆက်ရှိနေဆဲပဲ။ ဒီရှိရင်းဆဲ ချစ်ကြည်မှုနဲ့ အတူ ကျွန်တော်တို့ နှစ်နိုင်ငံအကြား ဆက်ဆံရေးအတွက် ကောင်းတဲ့အရာတွေ အများကြီးလုပ်နိုင်တယ်လို့ ကျွန်တော်တော့ ယုံကြည်တယ်ဗျ။ အထူးသဖြင့် နှစ်ဖက်ပြည်သူတွေအတွက်ပေါ့။ ဘာလို့လဲဆိုတော့ ဒီမြန်မာပြည်သူတွေက အစ္စရေးအကြောင်း သူတို့ ကောင်းကောင်းသိတယ်။ ဒီတော့ မြန်မာက သာမှန် အရပ်သူ အရပ်သားတွေနဲ့ တွေ့ဖို့ ၊နေပြည်တော်က ခေါင်းဆောင်တွေနဲ့တွေ့ဖို့အတွက် ဒီမြန်မာနိုင်ငံက လမ်းတွေပေါ်မှာ အစ္စရေးသံအမတ် တစ်ဦးအနေနဲ့ လျှောက်ဖို့ အတွက် ဆိုရင် ကျွန်တော့်အတွက် ကတော့ ကောင်းတဲ့ခံစားချက်တစ်ခုပဲဗျ။ ပြည်နယ်တိုင်းဒေသကြီးတွေမှာဆိုရင် သူတို့အားလုံး အစ္စရေးအကြောင်းကို အတော်သိကြတယ်။ ဒါဟာ မယုံနိုင်စရာပဲ၊ ဒီအချက်နဲ့အတူ ကျွန်တော်တို့ အလေးထားဖို့ လိုတဲ့ ဦးတည်ချက်၊ ရည်မှန်းချက်များစွာအတွက် ကျွန်တော် အလုပ်လုပ်သွားမှာပါ။ မှန်ကန်တဲ့ ဦးတည်ချက်လမ်းကြောင်းတွေ ရှာဖို့လိုတယ်၊ မှန်ကန်တဲ့ လုပ်ငန်းကဏ္ဍတွေမှာ လုပ်ဖို့လို တယ်။ ဒါကြောင့်လည်း ကျွန်တော်အထက်မှာ ပြောခဲ့သလိုပေါ့၊ ဦးစားပေး သတ်မှတ်ချက်တွေ ထားရှိရမှာ ဖြစ်တယ်။

မေး။ ။   သံအမတ်ကြီး ပြောခဲ့တဲ့အတိုင်း ကျွန်တော်တို့ရဲ့ ဒီမိုကရေစီဟာ အခုမှ ကလေးအရွယ် နုနယ်တဲ့ ဒီမိုကရေစီဖြစ်နေတယ်လို့ ဆိုခဲ့ပါတယ်။ ဒီတော့ ကျွန်တော်တို့ နိုင်ငံရဲ့ ဒီမိုကရေစီအသွင် ကူးပြောင်းမှု အပေါ်မှာရော သံအမတ်ကြီး ဘယ်လိုမြင်ပါသလဲခင်ဗျား။

ဖြေ။ ။ ကျွန်တော်မြင်တာကတော့ဗျာ။ ခင်ဗျားတို့ ကောင်းကောင်းအလုပ်လုပ်နေကြတယ်။ ခင်ဗျားတို့မှာ စိန်ခေါ်မှုတွေရှိတယ်။ ဒါပေမယ့် ဘယ်နိုင်ငံမဆို နိုင်ငံတိုင်းမှာ စိန်ခေါ်မှုတွေ ရှိတယ်၊ ဒါက အင်မတန် သဘာဝကျတဲ့ အမှန်တရားတစ်ခုပဲ ဖြစ်တယ်။ လူ့သဘော သဘာဝကိုက သဘောထားကွဲလွဲမှုတွေနဲ့ ပြည့်နှက်နေတာပဲလေ၊ ဒီတော့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းမှု လမ်းကြောင်းတစ်လျှောက်မှာတော့ ဒီလို သဘောထား ကွဲလွဲမှု ပဋိပက္ခတွေ ခင်ဗျားတို့မှာ ရှိတယ်။ ဒါတွေကို ခင်ဗျားတို့ ဖြေရှင်းသွားရမယ်။ ဒီမှာ တွေ့ရတဲ့ ပဋိပက္ခတွေကတော့ သမိုင်းကြောင်းနဲ့ လာတာပေါ့့။ ဒါတွေက အခုမှ စဖြစ်တဲ့ ပဋိပက္ခတွေလည်း မဟုတ်ဘူး။ ရှမ်း၊ ကချင်၊ ရခိုင် ပြည်နယ်တွေက ပဋိပက္ခအကြောင်း ကျွန်တော်တို့ ပြောဆိုနေကြရတယ်။ ခင်ဗျားတို့မှာ ဒီမိုကရေစီ အစိုးရ တစ်ရပ်ရှိနေချိန်မှာ ဒီပဋိပက္ခတွေကို ဖြေရှင်းဖို့က တော်တော်တော့ ခက်ခဲတယ်ဗျ။ ဒါ တကယ်လည်း မလွယ်ကူလှဘူး။ ခင်ဗျားတို့မှာ မီဒီယာတွေရှိတယ်။ ခင်ဗျားတို့မှာ နိုင်ငံတကာ အသိုင်းအဝိုင်းလည်းရှိတယ်။ ဘက်ပေါင်းစုံက မျှော်မှန်းချက်တွေလည်း ခင်ဗျားတို့မှာ ရှိတယ်။ ဒီလိုပဲ ပဋိပက္ခတွေရှိတဲ့ နိုင်ငံတစ်နိုင်ငံကနေ လာရတာက တကယ်လည်း မလွယ်လှဘူးဗျ။ ကျွန်တော်တို့မှာလည်း အရမ်းကြီးမားတဲ့ ပဋိပက္ခတစ်ခုရှိနေခဲ့တာ နှစ်တစ်ရာကျော်ရှိနေပြီ။ ဒီပဋိပက္ခက သမိုင်းကြောင်းနဲ့ ကြီးထွားနေတာ ၊ ဒါပေမယ့် အခုချိန်ထိ ကျွန်တော်တို့ဆီမှာ ဒီမိုကရေစီ ရှိနေဆဲပဲ ကျွန်တော်တို့ဟာ မှန်ကန်တဲ့ ကစားပွဲတစ်ခုကို ကစားနေတာ ဒီလိုမျိုး လေးစားမှုနဲ့ပဲ ကျွန်တော်တို့ငြိမ်းချမ်းရေးကို ရဖို့ လိုပါတယ်။ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ရဲ့ မြေတွေကို ကာကွယ်ဖို့လိုတယ်။ ကျွန်တော်တို့ နိုင်ငံကို စောင့်ရှောက်ကာကွယ်ဖို့ လိုတယ်။ ဒါက မြန်မာနိုင်ငံနဲ့လည်း အတော့ကို ဆင်တူတယ်ဗျ။ ကျွန်တော်တို့ ဒီမှာ ရှိနေတာ မြန်မာနိုင်ငံက ကျွန်တော်တို့ရဲ့ မိတ်ဆွေ သူငယ်ချင်းတွေကို ကူညီပေးဖို့ ရောက်နေတာ၊ ဒီက ခေါင်းဆောင်တွေ ပြည်သူတွေကို ကူညီဖို့ ဒီမှာ ကျွန်တော်ရှိနေတာ ကျွန်တော်တို့ အများကြီး အလုပ်လုပ်ရမယ်။

မေး။ ။   ရခိုင်ပြည်နယ်က အကျပ်အတည်းနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေပေါ်မှာ အစိုးရရဲ့ ဖြေရှင်းမှုနဲ့ ပတ်သက်ပြီး သံအမတ်ကြီး ဘယ်လိုမြင်ပါသလည်းခင်ဗျား။

ဖြေ။ ။ နေပြည်တော်မှာ ကျွန်တော်ရဲ့ သံအမတ်ခန့်အပ်လွှာကို သွားပေးတုန်းက သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို တွေ့ရတာ အရမ်းကို အထင်ကြီး လေးစားခဲ့ရတယ်ဗျ။ သူတို့က ဒီအစိုးရသစ်လက်ထက်မှာ အရမ်းကို ကြိုးစားပြီး အလုပ်လုပ်နေကြတယ်။ အရင်သမ္မတနဲ့တုန်းကလည်း ဒီလိုပါပဲ၊ နောက် နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုရင် ပင်လုံညီလာခံနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထပ်မံကြိုးစားလုပ်နေတာကို တွေ့ရတော့ ကျွန်တော့်အတွက်ကတော့ တကယ့်ကို အထင်ကြီးစရာပါပဲ ဗျာ။ မှန်ပါတယ်၊ ခင်ဗျားတို့လည်း သိတဲ့အတိုင်း ဒီပဋိပက္ခတွေက ဖြေရှင်းဖို့ကို အင်မတန်ခက်ခဲတယ် ဒီအချိန်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားအဖွဲ့တွေလည်း ရှိတယ်။ မထိုးသေးတဲ့ အဖွဲ့တွေလည်းရှိတယ်။ သူတို့ ဒါနဲ့ပတ်သက်လို့ လုပ်ကိုင်နေကြရတယ်။ ကျွန်တော်ထင်ပါတယ်၊ ဒါနဲ့ ပတ်သက်လို့ ကျွန်တော် သေချာစူးစမ်းလေ့လာ ကြည့်မယ်ဆိုရင် ဒါက မှန်ကန်တဲ့ နည်းလမ်းတစ်ခုနဲ့ လုပ်ဆောင်နေတယ်လို့ ကျွန်တော်ယုံကြည်တယ်။ ဒါ တကယ်မလွယ် ပါဘူး။ ဒါအချိန်ယူပြီးလုပ်ရမယ့် ကိစ္စပါ။ နိုင်ငံတကာ အသိုင်းဝိုင်းထဲက တစ်ချို့ကလည်း ဒီလိုပဲ ယုံကြည်နေကြတယ်။ ကျွန်တော့်အနေနဲ့လည်း ဒီရခိုင်ပဋိပက္ခအကြောင်း နိုင်ငံတကာအသိုင်းဝိုင်းက ခေါင်းဆောင်တွေကို ဒါမှမဟုတ် အထူးသံတမန်တွေပြောဆိုဆွေးနွေးတာတွေကို ရံဖန်ရံခါကြားနေရတယ်။ ဒါက သမိုင်းကြောင်းကလာတဲ့ ပဋိပက္ခတစ်ခုဖြစ်တယ်၊ ဘင်္ဂလားဒေ့ရှ် သမိုင်းကြောင်း၊ မြန်မာ သမိုင်းကြောင်း၊ ရခိုင်သမိုင်းကြောင်း၊ ရခိုင်လူမျိုးတွေဆီကနေ လာတဲ့ ပြန်လည်ပြောပြချက်တွေလည်း အများကြီးရှိတယ်။ ဒါကို ဖြေရှင်းဖို့ အင်မတန်ခက်ခဲလှတယ်။ နောက်ထပ် ပြောရရင်တော့ဗျာ။ ဒီကနေ အလှမ်းဝေးတဲ့ နေရာတွေမှာ ဖြစ်နေတဲ့ အခြားပဋိပက္ခတွေနဲ့  အလားသဏ္ဍာန်တူတာတွေ ကျွန်တော်တို့ မြင်နိုင်တယ်။ အာရပ်တွေ၊ ပါလက်စတိုင်းတွေနဲ့ အစ္စရေးတွေအကြား နောက်ပြီးတော့ ဗျာ၊ မူစလင်တွေနဲ့ ဂျူးတွေ အကြားက ပဋိပက္ခမျိုးပေါ့။ ကျွန်တော်တို့ နိုင်ငံမှာဆိုရင် ၁၉၉၃ ခုနှစ် အော်စလို ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ထိုးပြီးတဲ့ နောက်ပိုင်း။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်လုပ် ဖို့ ၂၅ နှစ်ကြာ ကျွန်တော်တို့ အရမ်းကို ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရတယ်။ အခုထက်ထိလည်း ဒါနဲ့ပတ်သက်လို့ ကျွန်တော်တို့ ခက်ခဲစွာ ရုန်းကန်နေရဆဲပဲ။ ဒီလိုပဲ ဆက်လုပ်နေရပါတယ်။ ခင်ဗျားတို့လည်း အစွမ်းကုန် လုပ်နေကြတယ်လို့ ကျွန်တော်မြင်ပါတယ်၊ ဒီတော့ မြန်မာအစိုးရကို ကျွန်တော်တို့ အကူညီပေးနိုင်မလား၊ ကျွန်တော်တို့ အရမ်းသိချင်တယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က ဒီပဋိပက္ခတွေကို ဘယ်လိုကိုင်တွယ်ရမလဲ ဆိုတာနဲ့ ပတ်သက်လို့ ကျွန်တော်တို့မှာ အတွေ့အကြုံတွေ အများကြီးရှိထားလို့ပါပဲ။

မေး။ ။ ဟုတ်ကဲ့ပါခင်ဗျာ။ သံအမတ်ကြီးတို့ နိုင်ငံဟာ အတွေ့အကြုံအများကြီး ရှိခဲ့တယ်ဆိုတော့ တကယ်လို့များ မြန်မာအစိုးရကို အကြံဉာဏ်ပေးနိုင်မယ့် အခွင့်အရေးတစ်ရပ် ရမယ်ဆိုရင် သံအမတ်ကြီး ဘာများအကြံပေးချင်ပါသလဲခင်ဗျား။

ဖြေ။ ။ ကျွန်တော် ပထမဦးဆုံးပြောချင်တာက မြန်မာ အစိုးရရဲ့ လုပ်ခဲ့တာတွေအပေါ် ချီးကျူးချင်တယ် တစ်ခြားနိုင်ငံတွေ ဂျပန်နဲ့ ဖိလစ်ပိုင်တို့ကနေ လာတဲ့သူတွေနဲ့ စုံးစမ်းရေး ကော်မတီဖွဲ့ဖို့ မြန်မာအစိုးရက ဆုံးဖြတ်ခဲ့တယ်၊ ဒါက အရမ်းအရေးကြီးတယ်ဗျ။ နောက်ပြီး ဒါက ကျွန်တော်တို့ လုပ်ခဲ့တဲ့ ကိစ္စတစ်ခုနဲ့ ဆက်စပ်မှုရှိခဲ့တဲ့ ကိစ္စလည်းဖြစ်တယ်။ လွန်ခဲ့တဲ့ ၇ နှစ်လောက်ကတည်းက ဂါဇာ နယ်စပ်မှာ ပဋိပက္ခတစ်ခုရှိခဲ့တယ်၊ ဂါဇာ နယ်စပ်ကို သင်္ဘောတစ်စင်း ရောက်လာတယ်၊ အစ္စရေးစစ်တပ်က အဲ့ဒီ သင်္ဘောကို သိမ်းပိုက်ခဲ့တယ်။ အဲ့ဒီကိစ္စကို ရှင်းလင်းဖို့ လုပ်ခဲ့တယ်။ အဲ့ဒီမှာ လူတွေ အသတ်ခံခဲ့ရတယ်၊ အဲ့ဒီလိုနဲ့ ကျွန်တော်တို့ ကော်မတီတစ်ရပ် ဖွဲ့ခဲ့တယ်၊ စုံစမ်းရေး ကော်မတီပေါ့ဗျာ။ အင်တာနယ် စုံစမ်းရေးကော်မတီပေါ့။ အဲ့ဒီ အစ္စရေး ကော်မတီမှာ နိုင်ငံခြားသား နှစ်ယောက်လည်း ပါတယ်။ ထိုင်းနဲ့ ကနေဒါ တို့လို တစ်ခြားနိုင်ငံတွေက လာတဲ့ သူတွေပါ။ သူတို့ဆိုရင်လည်း အာဆီယံ နိုင်ငံတွေနဲ့ ဂျပန်လိုမျိုး အရှေ့ အာရှ နိုင်ငံတွေက လူတွေနဲ့ လုပ်နေတာပဲလေ၊ ဒါက အရမ်းအရေးကြီးတယ်ဗျ၊ ဘာလို့လဲဆိုတော့ အဲ့ဒီမှာ ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာကို သေချာသွားပြီးတော့ မျက်မြင်ကြည့်ရှုနိုင်ဖို့၊ နိုင်ငံတကာ အသိုင်းဝိုင်းကိုလည်း ဖွင့်လှစ်ပြသပေးရမှာ ဖြစ်တယ်။ ဒါ အရမ်းအရေးကြီးတယ်။ ခင်ဗျားတို့ရော၊ နေပြည်တော် အစိုးရရော၊ တစ်ခြားသူတွေအနေနဲ့ပါ နိုင်ငံတကာ အသိုင်းဝိုင်းနဲ့အကြား ဆက်ပြီး ဆွေးနွေးတိုင်ပင် ညှိနှိုင်းမှုလုပ်ရမှာ ဖြစ်တယ်။ နိုင်ငံတကာ အသိုင်းဝိုင်းဆိုတာကလည်း သူတို့ယုံကြည်ထားသလို ဆွေးနွေးညှိနှိုင်းသွားချင်ကြမှာ ဖြစ်တယ်။ ခင်ဗျား သိတဲ့အတိုင်း သူတို့ကတော့ ဒီပဋိပက္ခကို မနက်ဖြန်၊ သဘက်ခါပဲ ချက်ချင်းဖြေရှင်းချင်တယ်လို့ ပြောမှာပဲလေ၊  ဒါပေမယ့် သူတို့ ဒါမျိုးလုပ်နိုင်မယ်လို့ ယုံကြည်မှာလည်း မဟုတ်ဘူး။ ဒီ ပဋိပက္ခမျိုးက အချိန်ယူရမယ် ဆိုတာ သူတို့သိနေတယ်။ ဒါပေမယ့် ဆွေးနွေးတိုင်ပင်မှုတွေက သူတို့အတွက် အရမ်းကို အရေးပါတယ်။ ဒီတိုင်ပင် ညှိနှိုင်းမှုတွေက သမ္မတ နဲ့ ဒေါ်အောင်ဆန်းစုကြည် အစိုးရအတွက်လည်း အရမ်းကို အရေးကြီးတယ် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အကြား သဘောတူညီချက် တစ်ရပ်ရှိခဲ့တယ်ဆိုတာ ခင်ဗျားလည်း သိလိမ့်မယ်။ နှစ်နိုင်ငံအကြား နားလည်မှုဆိုတာ နှစ်နိုင်ငံအကြားနားလည်မှုစာချွန်လွှာ တစ်ရပ်ပေါ့။ နောက်ပြီး နှစ်နိုင်ငံ အစိုးရတွေကြား နောက်ဆုံးလက်မှတ်ထိုးထားတဲ့ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေ ဘင်္ဂလားဒေ့ရှ်ကနေ နေရပ်ပြန်လာရေး ကိစ္စနဲ့ ပတ်သက်တဲ့ စာချုပ်လိုမျိုး အခြားသဘောတူညီချက်တွေလည်း ရှိနေပါတယ်။ ခင်ဗျားတို့မှာ ဇာတ်လမ်းနှစ်ခုရှိနေလို့ ဆွေးနွေးညှိနှိုင်းရမယ့် အချိန်ဆိုရင် ဒါက ထင်မြင်သုံးသပ်တဲ့ အပေါ်မှာ မူတည်တယ်ဗျ။ ဒါပေမယ့် ခင်ဗျားတို့ဆီမှာ အခုဇာတ်လမ်းက သုံးခုတောင်ရှိနေတယ်။ ဘင်္ဂလားဒေ့ရှ်ဇာတ်လမ်း ရှိမယ်၊ မြန်မာဇာတ်လမ်းရှိမယ်၊ ပြီးတော့ နိုင်ငံတကာ အသိုင်းဝိုင်းဇာတ်လမ်းရှိမယ်၊ နိုင်ငံတကာ အသိုင်းဝိုင်းဇာတ်လမ်းအတွင်းမှာပဲ ဇာတ်လမ်းတွေက အများကြီးရှိနေတယ်။ ဥရောပ နိုင်ငံတွေက ဇာတ်လမ်းတွေ၊ အာရှ နိုင်ငံတွေက ဇာတ်လမ်းတွေ ပြီးတော့ အာဆီယံ နိုင်ငံတွေရဲ့ ဇာတ်လမ်းတွေ။ အားလုံးကိုတော့ ဆွေးနွေးညှိနှိုင်းပြီး ဖြေရှင်းနိုင်ပါတယ်။ ခင်ဗျားတို့ အစိုးရ အများကြီး လုပ်သွားနိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်ဗျ။

မေး။ ။   အခု ရခိုင်အကျပ်အတည်းပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုင်တွယ်ပုံကိုရော သံအမတ်ကြီး ဘယ်လိုမြင်ပါသလဲဗျ။

ဖြေ။ ။ ကျွန်တော်မြင်တာကိုပြောမယ်နော်။ ကျွန်တော်အပေါ်မှာ ပြောခဲ့သလိုပါပဲ၊ မြန်မာနိုင်ငံ ဒီမိုကရေစီ က လသားအရွယ်နုနယ်သေးတယ်၊ ဒေါ်အောင်ဆန်းစုကြည် ဆိုတာကလည်း နိုင်ငံရဲ့ ခေါင်းဆောင် တစ်ယောက်ဖြစ်တယ်။ သူက လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ သက်သက် မဟုတ်ပါဘူး၊ သူက ခေါင်းဆောင်တစ်ယောက်လည်းဖြစ်တယ်။ ခေါင်းဆောင်တစ်ယောက်အနေနဲ့ သူအနေနဲ့ အများကြီး ဂရုစိုက်လုပ်ရမှာ ဖြစ်တယ်။ ဥပမာ အနေနဲ့ဗျာ၊ စစ်တပ်နဲ့ ဆက်ဆံတဲ့ နေရာမှာလိုမျိုးပေါ့။ ဒါ အရမ်း အရေးကြီးတယ်၊ ခင်ဗျားသိတဲ့အတိုင်း အစ္စရေးစစ်တပ်ဆိုရင် နိုင်ငံကို ကာကွယ်ဖို့အတွက် အင်မတန်ကြီးလေးတဲ့ တာဝန်တစ်ရပ်ကို သူတို့ယူထားရတယ်၊ အစ္စရေးနယ်စပ်တွေ၊ အစ္စရေး လုံခြုံရေးနဲ့ ပြည်သူတွေရဲ့ လုံခြုံရေးအတွက်ပေါ့။ သူမက ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်တယ်၊ သူမဒီလိုပဲ လုပ်ကိုင်ရမှာ ဖြစ်တယ်၊ အခုတော့ အိုကေ။ နိုင်ငံတကာအသိုင်းဝိုင်းကလည်း အကူအညီတွေ အတွက် တောင်းဆိုမှုတွေ အများကြီးလုပ်နေတယ်။ ဘာလို့လဲဆိုတော့ ခင်ဗျားသိတဲ့အတိုင်း၊ သူမနဲ့ နိုင်ငံတကာအသိုင်းဝိုင်းကြား ကာလကြာ သမိုင်းကြောင်းတစ်ခုလည်း ရှိခဲ့လို့လေ။ ဒါက တကယ်ခက်ခဲပါတယ်။ ဒါပေမယ့် ကျွန်တော်ထင်ပါတယ်။ ရှေ့ကာလမှာတော့ ကောင်းတဲ့ ဖြေရှင်းတဲ့ နည်းလမ်းတွေ ရလာမှာပါ။

မေး။ ။ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့လည်း အနည်းငယ်လေး ထပ်ဖြည့် မေးချင်ပါတယ်ခင်ဗျား။ ကျွန်တော်တို့ နိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ်မှာ သံအမတ်ကြီး အနေနဲ့ ဘယ်လိုမြင်ပါသလဲဗျာ။

ဖြေ။ ။ ဟုတ်ကဲ့။ ဒါကလည်း ခင်ဗျား သိတဲ့အတိုင်းပဲ ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်တဲ့ လက်မှတ် ထိုးထားတဲ့ အဖွဲ့တွေ ရှိတယ်၊ မထိုးတဲ့အဖွဲ့တွေလည်း ရှိတယ်။ နောက်ပြီး နယ်စပ်တွေဘက်မှာလည်း ပဋိပက္ခတွေ အများကြီးရှိတယ်၊ အထူးသဖြင့် ရှမ်း၊ ကချင်လိုမျိုး ပြည်နယ် နှစ်ခု သုံးခုလောက်မှာ ဖြစ်တယ်။ ဒါ တကယ်ခက်ခဲပါတယ်ဗျ။ တော်တော့်ကို ခက်တယ်ဗျ ၊ ကျွန်တော်အခုမြင်တာကလေ ကျွန်တော်ထင်ပါတယ်။ ခင်ဗျားလည်းသိတယ်၊ ကျွန်တော်လည်းသိတယ်၊ မြန်မာအစိုးရအတွက် ဒါမှမဟုတ် မြန်မာပြည်သူတစ်ချို့အတွက် ဒါက အရမ်းပဲ ခင်ဗျားလည်း သိမှာပါဗျာ၊ မျှော်မှန်းချက်တွေ က အရမ်း အရမ်းကို ကြီးနေတယ်၊ သူတို့က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အနှေးနဲ့ အမြန်အောင်မြင် တာကို သူတို့ အရမ်းတွေ့ချင်နေကြတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ လူတွေနဲ့ ပြောဆိုဆွေးနွေး ကြရတာ၊ အထက်မှာ ကျွန်တော်ပြောခဲ့သလိုပဲ လူ့သဘောသဘာဝကိုက သဘောထား ကွဲလွဲမှုတွေနဲ့ ပြည့်နှက်နေတယ်၊ တစ်ချို့ကလည်း ပြောနေကြပါတယ်၊ မြန်မာနိုင်ငံ တစ်နိုင်ငံအဖြစ် ကောင်းကောင်း ရပ်တည်ဖို့ ရုန်းကန်နေရဆဲလို့ ဆိုပြီး ပြောနေတယ်၊ ဒါလည်း မှန်နိုင်တာပဲလေ။ ဒါပေမယ့် တစ်ချိန်ထဲမှာလည်း ပြည်သူအများပြားရဲ့ အကျိုးတရားတွေကလည်း အမျိုးမျိုးရှိနေတယ်၊ ဒါတွေက အရင်အစိုးရ လက်ထက်မှာတုန်းက အခြားပုံစံတစ်မျိုးအောက်မှာ ရှိခဲ့တယ်။ အခုလည်း ဆက်လက် ရုန်းကန်နေရပါတယ်။ အရေးကြီးဆုံးကတော့ ၂၀၁၅ ရွေးကောက်ပွဲနောက်ပိုင်း မှန်မှန်ကန်ကန် စနိုင်ခဲ့ပြီး၊ ၂၀၁၆မှာ အစိုးရသစ်တစ်ရပ် စတင်ပေါ်ထွက်လာနိုင်ခဲ့တယ်၊ ဒါဟာ အရမ်းကို အရေးကြီး တယ်ဗျ။ ဒါကို သူမအနေနဲ့ ဘေးချိတ်မထားခဲ့ပါဘူး၊ အိုကေတယ်လို့ သူမပြောတယ်၊ ဒါက ကျွန်တော့် အမြင်ပါ၊ ကျွန်တော်ယုံကြည်တာက ဒီအမြင်မျှော်မှန်းချက်က ကြီးမားတဲ့ ရည်မှန်းချက်တစ်ခုပါ ပန်းတိုင်တစ်ခုလည်း ဖြစ်တယ်ဗျ။ ဒါပေမယ့် ကျွန်တော်မစိုးရိမ်ပါဘူး၊ ကျွန်တော် အပေါ်မှာ ပြောခဲ့သလိုပဲ လွယ်ကူမှုတော့ မရှိဘူး၊ ဒါပေမယ့် ဆက်ပြီး အကောင်းမြင်ထားကြဖို့ လိုပါတယ်။    ။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required