ဒိုက်ဦးငွေတုအမှုမှ နှစ် ၂ဝ အထိထောင်ချနိုင်သည့် ပုဒ်မပယ်ဖျက်

ဒိုက်ဦးငွေတုအမှုမှ နှစ် ၂ဝ အထိထောင်ချနိုင်သည့် ပုဒ်မပယ်ဖျက်
ဒီဇင်ဘာ ၂ဝ ရက်နေ့က နော်သောသွဲ့ထူး အာမခံရရှိရေးအတွက် ကြိုးပမ်းကြသူများ (ဓာတ်ပုံ - ဟိန်းလတ်)

တစ်သောင်းတန်အတုကိုင်ဆောင်မှုဖြင့် ဆက်လက်ထိန်းသိမ်းခံနေရသူ စင်ကာပူပြန် မြန်မာလုပ်သားအတွက် သတင်းကောင်းတစ်ခုရှိနေသည်

(ရန်ကုန်) - ငွေတုလက်ဝယ်တွေ့ရှိသဖြင့် ဖမ်းဆီးခံထားရသည့် စင်ကာပူပြန် မြန်မာလုပ်သားကိုစွဲဆိုထားသည့် ပုဒ်မ နှစ်ခုအနက် ထောင်ဒဏ် နှစ် ၂ဝ အထိချမှတ်နိုင်သည့်ပုဒ်မကို ပဲခူးခရိုင်တရားရုံးက ယနေ့ပယ်ချလိုက်သည်ဟု ၎င်း လွတ်မြောက်ရေး ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောသည်။

ဗဟိုဘဏ်ဥပဒေပြည်ပမှ ငွေအတုတင်သွင်းမှုပုဒ်မ ၁ဝ၆ ပျက်ပြယ်သွားပြီ ဖြစ်သောကြောင့် ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်မှ နော်သောသွဲ့မှူးသည် ပုဒ်မ ၁ဝ၅ ငွေအတုသုံးစွဲမှုကိုသာ ဆက်လက် ရင်ဆိုင်ရမည်ဖြစ်သည်။

“တရားရုံးကိုဒီနေ့ ရမန်ထုတ်သွားတာ။ ပဲခူးခရိုင်ကနေ ၁ဝ၆ ပြုတ်သွားတဲ့အတွက် ဒိုက်ဦးရုံးမှာပဲထုတ်ရမယ် ဆိုလို့ အခုဒိုက်ဦးပြန်လာတာ” ဟုလိုက်ပါ ကူညီပေးနေသည့် အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်မှ ဦးဟိန်းလတ်က ပြောသည်။

မြို့နယ်ရဲစခန်းတွင် ထိန်းသိမ်းခံနေရသောနော်သောသွဲ့ထူးအာမခံဖြင့် လွတ်မြောက်ရေးအတွက်  သူ၏ မိသားစုနှင့် ကူညီသူများက ကြိုးစားနေသည်။

“အာမခံရဖို့က… လုပ်ခွင့်ရအာဏာရတရားသူကြီးက ၇ ရက်နေ့မှရောက်မှာဖြစ်တဲ့အတွက် နောက်ရုံးချိန်းနှစ်ပတ် ၁ဝရက်နေ့ ရုံးချိန်းမှ ရနိုင်မယ်ထင်တယ်” ဟုဦးဟိန်းလတ်ကပြောသည်။

နော်သောသွဲ့ထူးသည်  စင်ကာပူအလုပ်ရှင်ပေးလိုက်သောကျပ်ငွေဖြင့် စျေးဝယ်ထွက်ရာ ငွေအတုအသုံးပြုသည်ဟု စွပ်စွဲခံရပြီး ဒီဇင်ဘာ ၆ရက်နေ့တွင် အထိန်းသိမ်းခံရခြင်းဖြစ်သည်။

ဆက်လက်ရင်ဆိုင်ရမည့် ပုဒ်မ ၁ဝ၅ သည် အမြင့်ဆုံးထောင်ဒဏ် သုံးနှစ်နှင့်ငွေဒဏ်ချမှတ်နိုင်ကြောင်း သိရသည်။  

တရားရုံးက အမှုကို ဇန်နဝါရီ ၃ ရက်နေ့တွင် ပြန်လည်စစ်ဆေးရန် ချိန်းဆိုထားရာထိုနေ့တွင် နော်သောသွဲ့မှူး အာမခံဖြင့် ပြန်လွတ်မည်ဟု မိခင်ဒေါ်သီသီခိုင်က မျှော်လင့်နေသည်။

“သူလည်းမနေ့ကတော့ တစ်နေကုန်ငိုနေတာ။ ဒီနေ့တော့ နည်းနည်းပြုံးနေတယ်။ အာမခံရဖို့လည်း လူကြီးတွေက ကူညီမယ်ပြောပါတယ်” ဟု၎င်းက ပြောသည်။
ဤအမှု မတိုင်မီရက်ပိုင်းအလိုက တစ်သောင်းတန်အတုကိုင်ဆောင်မှုဖြင့် အထိန်းသိမ်းခံရသည့် နိုင်ငံခြားသားသုံးဦးရှိရာ   ၎င်းတို့ထဲမှ တစ်သောင်းတန်အတု ၄၅ ရွက်ဖြင့် ဖမ်းဆီးရမိသည်ဟူသော စင်ကာပူနိုင်ငံသား ဇနီးမောင်နှံကို တရားရုံးကအာမခံဖြင့် ပြန်လွှတ်ပေးပြီးဖြစ်သည်။

တစ်သောင်းတန်အတု ၄၁ ရွက်ဖြင့် ဖမ်းမိသည်ဟူသော ထိုင်းအမျိုးသမီး၏ အမှုအခြေအနေအကြောင်း မသိရသေးပေ။

ဆက်စပ်
--------
လက်ထဲရောက်လာနိုင်သောတစ်သောင်းတန်် အတု (သတင်းဆောင်းပါး)
goo.gl/dhDtQK
တစ်သောင်းတန်အတုအစစ်ခွဲနည်း (သတင်းအချက်အလက်)
goo.gl/xp9gb6

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required