အမျိုးသား ၂၁ ဦးအား ထိုင်းသို့ တရားမဝင်ပို့ဆောင်ရန် ခေါ်ဆောင်သူများကိုအမှုဖွင့်

အမျိုးသား ၂၁ ဦးအား ထိုင်းသို့ တရားမဝင်ပို့ဆောင်ရန် ခေါ်ဆောင်သူများကိုအမှုဖွင့်

ရန်ကုန်၊ ဒီဇင်ဘာလ ၂ဝ ။           ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ နယ်မြေ(၆)၊ (၃)မိုင်လမ်းဆုံတွင် ခရီးသည်တင်ယာဉ်တစ်စီးပေါ်မှ ထိုင်းသို့ တရားမဝင်ပို့ဆောင်ရန်ခေါ်ဆောင်လာသည့်  အမျိုးသား ၂၁ ဦးကို စစ်ဆေးတွေ့ရှိခဲ့ပြီး လက်ရှိတွင် ၎င်းတို့အား ခေါ်ဆောင်လာသူ ၂ ဦးကို အမှုဖွင့်အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

အမှုဖွင့်ခံထားရသူနှစ်ဦးမှာ ရသေ့တောင်မြို့နယ်၊ အုန်းချောင်းကျေးရွာတွင်နေထိုင်သူ အသက် ၂၂ နှစ်အရွယ် ကျော်ရဲအောင်နှင့် ဇော်သက်ဦး(စိစစ်ဆဲ)တို့ ဖြစ်ပြီး ကျော်ရဲအောင်ဆိုသူကို ဖမ်းဆီးရမိထားသော်လည်း ဇော်သက်ဦးမှာ ဒီဇင်ဘာလ ၂ဝ ရက်၊ ညနေ ၅ နာရီအထိ လွတ်မြောက်နေဆဲဖြစ်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၈ ရက်နေ့၊ နံနက် ၁ဝ ဝန်းကျင်ခန့်က ရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့မှ မောင်တောမြို့နယ်၊ နယ်မြေ (၆)၊ (၃)မိုင်လမ်းဆုံတွင် တောင်ပြို(ဝဲ)မှ မောင်တောဘက်သို့ ကျော်သန်း(စိစစ်ဆဲ)ဆိုသူ မောင်းနှင် လာသည့် Hilux ခရီးသည်တင်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာမှ ယာဉ်ပေါ်တွင်  ထိုင်းသို့ တရားမဝင်ပို့ ဆောင်ရန် ခေါ်ဆောင်လာသည့် အမျိုးသား ၂၁ ဦးကို  တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ သတင်းထုတ် ပြန်ထားသည်။

အဆိုပါ ယာဉ်ပေါ်ပါလာသည့် မောင်တောမြို့နယ်၊ မီးတိုက်ကျေးရွာနေ အသက် ၁၇ နှစ်အရွယ် ကျော်သီဟ ဆိုသူ အပါအဝင် အမျိုးသား ၂၁ ဦးကိုစစ်ဆေးချက်အရ ပြီးခဲ့သည့် ၃ လခန့်က  ကျော်ရဲအောင်နှင့် ဇော်သက်ဦး (စိစစ်ဆဲ)တို့က ကျေးရွာရှိလူငယ်များအား ထိုင်းနိုင်ငံတွင် အလုပ်လုပ်ရန် လာရောက်စည်းရုံး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ ငါးဖမ်းစက်လှေပေါ်တွင်  အလုပ်လုပ်ကိုင်ပါက ၁ လလျှင် ထိုင်းငွေ ၁ဝ,ဝဝဝ ဘတ်(ကျပ် ၄ သိန်းခန့်) ရရှိမည်ဖြစ်ကြောင်း၊ ခရီးစရိတ်ကုန်ကျခံပေးမည်ဟု စည်းရုံးပြောဆို၍ ရန်ကုန်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ တရား မဝင် သွားရောက်ရန် ထွက်ခွာလာခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်တွင် ပါရှိသည်။

 လက်ရှိတွင် ပြည်ပအလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီလိုင်စင်မရှိဘဲ ထိုင်းနိုင်ငံသို့ တရားမဝင်ပို့ဆောင်ရန် စည်းရုံးခေါ်ဆောင်လာသူနှစ်ဦးဖြစ်သည့်  ကျော်ရဲအောင်နှင့် ဇော်သက်ဦးတို့ကို ပြင်ဖြူနယ်မြေရဲစခန်းတွင် (ပ)၄၈/၂ဝ၁၈၊ ပြည်ပအလုပ်အကိုင် ရှာဖွေရေးဥပဒေပုဒ်မ ၂၆ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly