ခရီးတစ်ခုရဲ့ အလျားနဲ့ အနံ

ပြီးခဲ့တဲ့လ နိုဝင်ဘာလကုန်ပို်င်းတုန်းကပါ။  အင်တာနက်လူမှုကွန်ရက် စာမျက်နှာတစ်ခုမှာ သတင်းတစ်ခုကိုဖတ်ပြီး စိတ်တော်တော်လှုပ်ရှားခဲ့ရပါတယ်။

တကယ်တော့ သတင်းဆိုတာထက် သတင်းဓါတ်ပုံတချို့ကြောင့် စိတ်လှုပ်ရှားခဲ့ရတာဆိုရင် ပိုမှန်ပါတယ်။ ရှမ်းပြည် ပင်လောင်းနဲ့ ရွှေညောင်ကြား လှပတဲ့ရောင်စုံစိုက်ခင်းတွေကို ဓါတ်ပုံရိုက်ဖေါ်ပြတဲ့ သတင်းပါပဲ။ ဖေါ်ပြတဲ့ဓါတ်ပုံတွေက ကျနော် လွန်လွန်ကဲကဲ စိတ်ဝင်စားနေတဲ့ ရောင်စုံစိုက်ခင်းတွေဖြစ်နေတာတစ်ခုထဲနဲ့တွင် ကျနော့်မှာ နေမထိထိုင်မသာ ဖြစ်ရလောက်အောင် စိတ်လှုပ်ရှားသွားရတာပါ။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကတည်းက ကျနော့်မှာ အခိုင်အမာချထားတဲ့ စိတ်ကူးတစ်ခုရှိပါတယ်။ လာမယ့်နှစ် နှစ်ကုန်ပိုင်းမှာ ရှမ်းပြည်ကိုသွားမယ်။ ဓါတ်ပုံရိုက်မယ်။ စာရေးမယ်။ ပန်းချီဆွဲမယ် ဆိုတဲ့စိတ်ကူးပါ။ ဒါပေမယ့် ဒီနှစ် နှစ်ကုန်ပိုင်းရောက်လာပေမယ့် မနှစ်တုန်းက စဉ်းစားထားခဲ့တဲ့ အဲဒီစိတ်ကူးကို ကျနော် မေ့နေခဲ့တာ အမှန်ပါ။ မမျှော်လင့်ဘဲ ရှမ်းပြည်က ရောင်စုံစိုက်ခင်း သတင်းဓါတ်ပုံတွေကိုတွေ့လိုက်ရတဲ့အခါကြမှ ရုတ်တရက် ပြန်လည်သတိရပြီး ချက်ချင်းဆိုသလိုပဲ ရက်ပိုင်းအတွင်း ရှမ်းပြည်ကိုခရီးထွက်ဖို့ စီစဉ်ရပါတော့တယ်။ ဘာပြုလို့လည်းဆိုတော့ ရောင်စုံစှိက်ခင်းရာသိီကလည်း ရက်ပိုင်းအတွင်း ကုန်ခမ်းတော့မှာဖြစ်လို့ပါပဲ။

ခရီးထွက်ဖို့ စီစဉ်တယ်ဆိုပေမယ့် ရှမ်းပြည် ဘယ်နေရာကိုသွားရမလဲ။ ဘယ်နေရာတွေမှာ ရောင်စုံစိုက်ခင်းတွေရှိသလဲ။ ဘယ်နေရာတွေက ဓါတ်ပုံရိုက်ဖို့ အသင့်တော်ဆုံးလဲ။ တခါ သတင်းဓါတ်ပုံကဖေါ်ပြတဲ့ အဲဒီ ပင်လောင်းနဲ့ရွှေညောင်ကြားတဝိုက် ဥပမာ ပင်လောင်းပဲဖြစ်ဖြစ် ရွှေညောင်ပဲဖြစ်ဖြစ် ဒေသခံအသိမိတ်ဆွေမရှိလို့ အခြေအနေ ဘယ်လိုစုံစမ်းရရင်ကောင်းမလဲ။ အကြံအိုက်ခဲ့ပါတယ်။ ဒါနဲ့ပဲ ကျနော့်ရဲ့ကိုယ်ပိုင် ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာ အကူအညီတောင်းတဲ့စာလေး  ရေးတင်လိုက်ပါတယ်။ ပင်လောင်းနဲ့ ရွှေညောင်ကြား ရောင်စုံစိုက်ခင်းတွေဆီ ကျနော်သွားချင်ပါတယ်။ ဓါတ်ပုံရိုက် စာရေး ပန်းချီဆွဲချင်လို့ပါ။ အဲဒီဒေသကို ဘယ်လိုသွားရမလဲ။ ရောင်စုံစိုက်ခင်းတွေ ခုအချိန် ရှိနေပြီလား။ လမ်းညွှန်နိုင်တဲ့သူရှိရင် ကူညီပါဆိုပြီး ရေးတင်လိုက်ပါတယ်။

ချက်ချင်းဆိုသလိုပဲ ဖေ့စ်ဘုတ်မိတ်ဆွေအတော်များများဆီက ပြန်ကြားတဲ့စာတွေ ရောက်လာပါတယ်။ အဲဒီအထဲမှာ ပန်းချီဆရာမတစ်ဦးဆီက လမ်းညွှန်တဲ့စာကို ကျနော် ပိုပြီးသဘောကျခဲ့ပါတယ်။ ဒါနဲ့ပဲ ပန်းချီဆရာမမိတ်ဆက်ပေးတဲ့ ရွှေညောင်နားက စိုက်ပျိုးရေးမန်နေဂျာတစ်ဦးနဲ့ သိရ၊ ဖုန်းစကားပြောရ။ အခြေအနေတွေသိရ။ အသေးစိပ် စီစဉ်ဖို့ လုပ်ရပါတော့မယ်။

အဲဒီအချိန်မှာပဲ မိတ်ဆွေပန်းချီဆရာမက သူ့ရဲ့ရုံးပိတ်ရက်ငါးရက်မှာ ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့ကို ပြန်မယ့်အကြောင်း သူက နောင်ချိုသူဖြစ်ကြောင်း မန္တလေးမှာ အလုပ်ရှိလို့လာနေသူဖြစ်ကြောင်း နောင်ချိုမှာလည်း တတောတတောင်လုံး ပန်းမျိုးစုံပွင့်နေပြီဖြစ်ကြောင်း သူလည်း အောက်ဒိုးပန်းချီဆွဲဖို့ပြန်မှာဖြစ်ကြောင်းနဲ့ အကယ်၍ ကျနော်စိတ်ဝင်စားမယ်ဆိုရင် သူနဲ့အတူလိုက်လည်ဖို့ဖိတ်ခေါ်တဲ့အကြောင်း နောင်ချိုမှာ သူ့မိခင်အိမ်ရှိလို့ စားဖို့တည်းဖို့လည်း တာဝန်ယူတဲ့အကြောင်း ပြောလာပါတော့တယ်။

ဒါနဲ့ပဲ ၀ါသနာချင်းကလည်းတူ သူနဲ့ ဖေ့စ်ဘုတ်ပေါ်မှာ ခင်မင်နေတာလည်းကြာပြီဖြစ်တာမို့ ရှမ်းပြည်တောင်ပိုင်း အဲဒီရွှေညောင်ဘက် မသွားတော့ဘဲ နောင်ချိုကို လိုက်သွားဖို့ ပြန်စဉ်းစားရပြန်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ရွှေညောင်ဆိုတာက ရောင်စုံစိုက်ခင်းတွေရှိတယ်ဆိုလို့သာသွားချင်ပေမယ့် ကဗျာဆရာကြီး ဒဂုန်တာရာ အကြောင်းပြုပြီး နှစ်ခေါက်တိတိ ရောက်ဖူးနေတာရယ်၊ နောင်ချိုကိုလိုက်သွားရင် ရောင်စုံစိုက်ခင်းတွေလည်းတွေ့ရမယ်၊ တည်းခိုစရိတ်လည်းသက်သာမယ်၊ ၀ါသနာတူ ပန်းချီဆရာမနဲ့ ပန်းချီအတူတူဆွဲကြမယ်ဆိုတာရယ်ကြောင့် နောင်ချိုဘက်ကိုပဲ ခရီးထွက်ဖို့ ရွေးချယ်ဆုံးဖြတ်ရပါတော့တယ်။ နောင်ချိုက ကျနော် တစ်ခါမှမရောက်ဖူးပေမယ့် လယ်သမားသူပုန်ခေါင်းဆောင်ကြီး ဆရာစံ နောက်ဆုံးခိုအောင်းခဲ့ရာမြို့၊ နယ်ချဲ့အစိုးရက ဆရာစံကို ဖမ်းမိခဲ့တဲ့မြို့ဖြစ်တယ်ဆိုတဲ့အချက်ကလည်း ကျနော့်ကို တော်တော်လေးဆွဲဆောင်နေပြန်ပါတယ်။ ဒါနဲ့ပဲ နောက်ဆုံးမှာ လေးစားရတဲ့ မိတ်ဆွေပန်းချီဆရာမရဲ့ ဖိတ်ခေါ်မှုကိုလက်ခံပြီး နောင်ချိုမြို့ကို ဆရာမနဲ့အတူ လိုက်ပါချင်ပါကြောင်း အကြောင်းပြန်လိုက်ပါတယ်။

မိတ်ဆွေပန်းချီဆရာမက သူ့ခင်ပွန်း သူ့သားသမီးများနဲ့အတူ မန္တလေးမှာ အခြေချနေထိုင်ပါတယ်။ အကယ်၍ သူ့ဖိတ်ခေါ်ချက်ကိုလက်ခံပြီး သူနဲ့အတူ နောင်ချိုမြို့ဘက် ခရီးထွက်မယ်ဆိုရင် ကျနော်က မန္တလေးကိုအရင်သွားရမှာပါ။ ပြီးတော့မှ မိတ်ဆွေပန်းချီဆရာမနဲ့အတူ ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြိုကို သွားရမှာပါ။
ဒီလိုနဲ့ပဲ နောင်ချိုမြို့ကိုသွားဖို့ ဆုံးဖြတ်ရပါတော့တယ်။

ဒီနေရာမှာ ကျနော်ထွက်မယ့်ခရီးကို တင်စားပြီးပြောရရင် ခရီးမထွက်ခင်ကတည်းက စဉ်းစားတွက်ချက်ထားမှုတွေကို ခရီးတစ်ခုရဲ့ အလျားနဲ့အနံသဘော ပြောလို့ရမယ်ထင်ပါတယ်။ ဆိုလိုတာက ကျနော်ထွက်မယ့်ခရီးရဲ့ အနံ ဆိုတာ ရည်ရွယ်ချက်ပါပဲ။ ခရီးထွက်တာ မှန်တယ်။ ဘာပြုလို့ထွက်မှာလည်း။ ပန်းချီဆွဲဖို့၊ ဓါတ်ပုံရိုက်ဖို့၊ စာရေးဖို့။ ဒါကို အနံ အဖြစ် တင်စားပြောလိုတဲ့သဘောပါပဲ။ နောက်တစ်ခုက အလျားပါ။ ဒါလည်း တင်စားတဲ့စကားပါပဲ။ နောင်ချိုမှာ နောင်ချိုတဝိုက်မှာ ပန်းချီဆွဲ၊ ဓါတ်ပုံရိုက်၊ စာရေးမယ် ဒါဖြင့်ရင် ဘယ်နေရာတွေကို သွားမှာလည်း။ ဘယ်နေရာတွေက ပန်းချီဆွဲဖို့ စာရေးဖို့ ဓါတ်ပုံရိုက်ဖို့ကောင်းတဲ့နေရာတွေအဖြစ် သတ်မှတ်မလည်း။

ဒါကတော့ မိတ်ဆွေပန်းချီဆရာမရအပါအဝင့် နောင်ချိုက ဒေသခံတွေနဲ့တွေ့ဆုံတဲ့အခါ တိုင်ပင်ရွေးချယ်သတ်မှတ်ရတော့မှာပါပဲ။

ဒီလိုနဲ့ပဲ ကျနော့်ရဲ့ ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့ခရီးဟာ ရက်ပိုင်းအတွင်း စတင်နိုင်ခဲ့တယ်ပဲ ဆိုပါတော့။

( ဆက်လက် ဖေါ်ပြပါမည် ။ )

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required