လိပ်ပြာစံအိမ်ရုပ်ရှင်ကို နိုင်ငံပေါင်း ၁၃နိုင်ငံတွင် ပြသမည်

လိပ်ပြာစံအိမ်ရုပ်ရှင်ကို နိုင်ငံပေါင်း ၁၃နိုင်ငံတွင် ပြသမည်

ရန်ကုန်၊ ဒီဇင်ဘာ ၂၀ ။               ။ သရုပ်ဆောင် နိုင်းနိုင်း၊ ဒေါင်း၊ ဝတ်မှုံရွှေရည်တို့ အဓိကပါဝင် သရုပ်ဆောင်ထားသော လိပ်ပြာစံအိမ် (The Only Mom ) ၀ိညာဉ်ဇာတ်ကားကြီးကို မြန်မာနိုင်ငံအပြင် နိုင်ငံ ၁၃ နိုင်ငံမှာ ပြသသွားမယ်လို့ သိရပါတယ်။

၂၀၁၉ နှစ်ဆန်းပိုင်းကစပြီး မြန်မာနိုင်ငံမှာ စတင်ပြသသွားမယ့် အဆိုပါရုပ်ရှင်အတွက် သတင်းစာရှင်းလင်းပွဲကို ဒီဇင်ဘာလ ၁၉ရက်နေ့က Junction City မှာပြုလုပ်ခဲ့သလို အဲဒီရုပ်ရှင်ဟာ မြန်မာနိုင်ငံရဲ့ ကြောက်စရာ အကောင်းဆုံး ၀ိညာဉ်ဇာတ်ကားတစ်ကားလို့လည်း တင်စားခံနေရပါတယ်။

''ခံစားချက်ရသ အထူးသဖြင့် ထိတ်လန့်မှုရသပေါ့နော်။အဲဒီ ရသကို အပြည့်အဝခံစားရအောင် ကျွန်တော်တို့ ကြိုးစားထားတယ်။အသံတွေနဲ့ရော၊ အရုပ်တွေနဲ့တွေနဲ့ရော၊ အိုက်တင်တွေနဲ့ရော အများကြီးပေါ့။ ကျွန်တော်တို့တွေ အပေးအယူ မျှမျှလုပ်ထားတယ်။ အဲဒီဟာပေါ်မှာ ထိတ်လန့်နေ၊ ခြောက်ခြားနေရင်၊ပြီးတော့ တစ်ခုခုခံစားရရင် ကျွန်တော်တို့ အောင်မြင်တာပဲ" လို့ ဇာတ်ကားမှာ ပါဝင်ထားတဲ့ ဒေါင်းက ပြောပါတယ်။

အဲဒီဇာတ်ကားကို From Bangkok to Mandalay ရုပ်ရှင်ဇာတ်ကားရိုက်ကူးခဲ့တဲ့ ထိုင်းနိုင်ငံသား ဒါရိုက်တာ ချာချိုင်းက ရိုက်ကူးခဲ့ပြီး ဇာတ်ကားရဲ့ ထူးခြားချက်များအနေဖြင့် နတ်ကတော်အစစ်တစ်ဦးက ပါဝင် သရုပ်ဆောင်ထားသလို ရေအောက်မှာ လူစားမထိုးဘဲ ရိုက်ကူးထားတဲ့ ဇာတ်ဝင်ခန်းတွေကြောင့် ကြည့်ရှုသူတွေအနေနဲ့ ခံစားမှုအသစ်တွေကို ရရှိမှာလည်း ဖြစ်ပါတယ်။

ဒီဇာတ်ကားမှာ ပါဝင်တဲ့ ရေအောက်ဇာတ်ဝင်ခန်းတွေကို ထိုင်းနိုင်ငံက ရေအောက် စတူရီယိုမှာ ရိုက်ကူး ခဲ့တာဖြစ်ပြီး ခက်ခက်ခဲခဲ ရိုက်ကူခဲ့ကြရတယ်လို့ သရုပ်ဆောင်ဝတ်မှုံရွှေရည်က ဆိုပါတယ်။

"ရိုက်တဲ့အချိန်တုန်းကဆိုရင် ဘယ်လောက်တောင်မှဖြစ်လဲဆိုတော့ နောက်ထပ် under water shot (ရေအောက်ရိုက်ကူးမှု) မရိုက်ချင်လောက်အောင်ဖြစ်သွားတယ်"လို့ သူက ပြောပါတယ်။

ဒီရုပ်ရှင်ကို ကြည့်ရှုသူများအနေနဲ့ သဲထိတ်ရင်ဖို ခံစားမှုတွေသာမက မိခင်တစ်ဦးရဲ့မေတ္တာကိုလည်း တွေ့မြင်ခံစားရမှာ ဖြစ်တယ်လို့ ဒါရိုက်တာ ချာချိုင်းက ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly