လက်ထဲရောက်လာနိုင်သော တစ်သောင်းတန်် အတု

လက်ထဲရောက်လာနိုင်သော တစ်သောင်းတန်် အတု
တစ်သောင်းတန်ငွေစက္ကူတချို့ကြောင့် နော်သောသွဲ့မှူး ဒိုက်ဦးမြို့ ရဲစခန်းတွင် အထိန်းသိမ်းခံနေရစဉ် မိခင် ဒေါ်သီသီခိုင်သည် နေအိမ်တွင် သောကရောက်နေသည်

တစ်သောင်းတန် ငွေစက္ကူအတုပြဿနာသည် မြန်မာပြည်သားများကိုသာမက ပြည်ပဧည့်သည်တို့ပါ ဒုက္ခပေးနေသည်

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်မှ နော်သောသွဲ့မှူးသည် စင်ကာပူတွင် လစာနည်းအိမ်အကူအဖြစ် လုပ်ကိုင်ပြီးဇာတိမြေသို့ ဒီဇင်ဘာလဆန်းတွင် ပြန်ရောက်လာခြင်းမှာခရစ်စမတ်ကာလတွင် မိသားစုစုံစုံညီညီ ထမင်းစားပြီး ဆုတောင်းပွဲ ပြုလုပ်နိုင်ရေးအတွက် ဖြစ်သည်။

အလုပ်ရှင်ကလည်းသူ့လုပ်ခငွေများကိုစင်ကာပူရှိ ငွေလဲကောင်တာတွင် မြန်မာငွေဖြင့် လဲလှယ်ပြီးထည့်ပေးလိုက်သည်။ သို့သော်လည်းစိတ်ကူးထားကြသည့်အတိုင်းခရစ်စမတ်နေ့တွင် သူတို့မိသားစုစုံစုံလင်လင် ပျော်ရွှင်စွာနေထိုင်ကြရေးအစီအစဉ်ကိုထိခိုက်စေနိုင်သည့် ဖြစ်ရပ်တစ်ခုပေါ်ပေါက်လာသည်။

ယင်းမှာစင်ကာပူမှ ယူလာသောကျပ်တစ်သောင်းတန်တချို့မှာအတုဖြစ်နေသောကြောင့် နယ်မြေရဲတပ်ဖွဲ့က သူ့ကိုထိန်းသိမ်းလိုက်သည်ဟူသော ဖြစ်ရပ်ပင်။မိသားစုအတွက်မူ၂၅ နှစ်အရွယ်နော်သောသွဲ့မှူးသည် မိဘနှစ်ပါး၊ ညီမနှစ်ယောက်တို့ကိုရှာဖွေကျွေးမွေးသူဖြစ်သည်ဟုသူ၏မိခင် ဒေါ်သီသီခိုင်ကပြောသည်။

“တစ်အိမ်လုံးက သူ့လုပ်စာနဲ့ပဲစားနေကြတာ။ ဒီတစ်ခေါက်ပြန်လာတာနောက်ဆုံးပဲတဲ့။သူပြန်မသွားချင်တော့ဘူးတဲ့။ ရလာတဲ့ပိုက်ဆံလေးနဲ့သားအမိတွေကုန်စုံဆိုင်လေးဖွင့်မယ်စိတ်ကူးထားတာ” ဟု၄၅နှစ်အရွယ်ဒေါ်သီသီခိုင်က တိမ်ဝင်နေသောအသံကို ထိန်းကာပြောပြသည်။

သမီးဖြစ်သူအရေးယူခံရခြင်းကြောင့် ဒီဇင်ဘာလကိုစောင့်ဆိုင်းနေကြသော မိသားစုတုန်လှုပ်သွားသည်။

ဤဖြစ်ရပ်မတိုင်မီရက်ပိုင်းအလိုကလည်း ရန်ကုန်တွင် နိုင်ငံခြားသားတချို့တစ်သောင်းတန်အတုကိုင်ဆောင်မှုဖြင့် ဖမ်းဆီးခံရပြီး ဖြစ်ရာဤ သတင်း ကြားသိရသူအများအပြားအနည်းနှင့်အများတုန်လှုပ်သွားကြသည်။

နိုင်ငံအနှံ့အပြားချက်လက်မှတ်၊ ဘဏ်ကတ် အသုံးပြုမှု နည်းပါးပြီးငွေသားအသုံးပြုမှု တွင်ကျယ်နေသည့် အခြေအနေတွင် လူအများအပြားသည် အတုအစစ် အလွယ်တကူခွဲခြားရန် ခက်ခဲသောတစ်သောင်းတန်ငွေစက္ကူနှင့် မကင်းနိုင်ကြသောကြောင့် ဂယက်ရိုက်ခတ်နေခြင်းဖြစ်လေသည်။

ငွေတုဖြင့် စျေးဝယ်ထွက်မိခြင်း

စတုတ္တတန်းအထိသာတက်ရောက်ခဲ့ဖူးသည့် နော်သောသွဲ့မှူးသည် ညီမနှစ်ယောက်၏ကျောင်းစရိတ်ကိုနှစ်စဉ် ရှာဖွေထောက်ပံ့နေသူဖြစ်သည်။

စင်ကာပူမှပြန်ရောက်လာသည့် သူ့ကို ကြည့်ပြီး ဒေါ်သီသီခိုင် မကြာခဏစိတ်မကောင်း ဖြစ်ခဲ့ရသည်။ စင်ကာပူတွင် အိမ်အကူလုပ်ခြင်းဖြင့်တစ်လလျှင်ကျပ် လေးသိန်းမှငါးသိန်းအထိရနိုင်သော်လည်းသမီးဖြစ်သူသည် စင်ကာပူတွင် အိမ်ထောင်စုနှစ်စု၏ဝေယျာဝစ္စကိုပင်ပန်းကြီးစွာလုပ်ရသူဖြစ်သည်ဟု ဒေါ်သီသီခိုင်က ပြောသည်။
ရဲစခန်းအချုပ်တွင် ရောက်ရှိနေသည်မှာ ဆယ်ရက်ကျော်ပြီဖြစ်သော ပါးဖောင်းဖောင်း၊ မျက်နှာချိုချို သမီးဖြစ်သူကမိခင်ကို ပြန်လည် အားပေးသည့်အနေအထား ဖြစ်နေသည်။

“အချုပ်ထဲမှာအဝေးကြီးကနေလှမ်းပြောရတယ်။သူကတော့အမေကိုပြုံးပြနေတာပဲ။နာရေးကူညီမှုအသင်းကလည်းထမင်းလာပို့တယ်။သူအဆင်ပြေပါတယ် တဲ့၊မျက်ရည်ဝဲဝဲနဲ့ပဲပြုံးပြီးပြောတယ်။မျက်ရည်ဝဲနေတော့ရင်ထဲ ဆို့သွားတာပေါ့။ဟိုဒီကြည့်ပြီးမှသူ့ကိုပြန်ပြောရတယ်” ဟု၄င်းကပြောသည်။
ဖခင်မှာလည်းသမီးစိတ်ဖြင့် အစားအသောက်မမှန်တော့ဘဲ “မိုးမလင်းသေးဘူး၊ ထထငိုတယ်” ဟုဒေါ်သီသီခိုင် မျက်ရည်ဝဲကာပြောပြသည်။

ဒီဇင်ဘာ ၂ တွင် စင်ကာပူမှ ပြန်ရောက်ပြီးနောက် ဒိုက်ဦးမြို့ပေါ်တွင် စျေးဝယ်သည်။ သစ်ဆန်းထွန်းကုန်စုံဆိုင်တွင်ဆန်သုံးအိတ်၊ ဖွဲနှစ်အိတ်ဝယ်ယူခဲ့သည်။ဒီဇင်ဘာ၄တွင် Hello ဖုန်းဆိုင်သို့ ရောက်သောအခါ သူပေးချေမည့် ငွေမှာ အတုဖြစ်နေကြောင်းဖုန်းဆိုင်ကပြောပြသဖြင့် ၎င်းတို့သားအမိသည်ဗျာများသွားပြီးကျေးရွာလူကြီးများထံအကူအညီတောင်းခံခဲ့သည်။ ရွာလူကြီးတို့က သူတို့ကို ရန်ကုန်အခြေစိုက်မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်နှင့် ချိတ်ဆက်ပေးလိုက်သည်။

အဖွဲ့ချုပ်မှ လက်ထောက်ဌာနမှူး ကိုဟိန်းလတ်က ထိုငွေစက္ကူများကိုု ဘဏ်သို့ ယူသွားပြီး စစ်ဆေးရန်၊ ငွေအတုဖြစ်မှန်း သေချာပါက  ရဲစခန်းသို့သွားရောက်အပ်နှံရန်အကြံပေးခဲ့ကြောင်းပြောသည်။

ဒီဇင်ဘာ ၆ နံနက်ပိုင်းတွင် ဘဏ်သို့ သွားကြစဉ် ဆန်ရောင်းခဲ့ဖူးသည့် သစ်ဆန်းထွန်းကုန်စုံဆိုင်က၎င်းတို့ သားအမိကိုခေတ္တ ခေါ်ထားပြီးမြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့အကြောင်းကြားခဲ့သည်ဟုဒေါ်သီသီခိုင် ပြောသည်။ ထို့နောက် ၎င်းတို့ သားအမိကိုထိုရုံးကခေါ်ဆောင်ကာငွေစက္ကူများ ဖြန့်ပြီးဓာတ်ပုံရိုက်ကြကြောင်း၊ နေအိမ်သို့ ပြန်စေကာအိမ်တွင်ပင် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်းသူကဆက်ပြောသည်။

ဒေါ်သီသီခိုင်ကအာဏာပိုင်တို့အနေဖြင့် ငယ်သည့်အမှုကိုပပျောက်အောင် လုပ်သင့်သည်ဟုဆိုသည်။

“သူတို့(ရဲစခန်း)ကိုပြောပစ်လိုက်ချင်တာပေါ့။ လုံးဝမှမတရားဘူး။ ကျွန်မသမီးပြန်မလွတ်ဘူး၊ ကျပြီဆိုလို့ကတော့ဘယ်ကိုလိုက်ရလိုက်ရ၊အထက်ထိတိုင်ဆိုလည်းတိုင်မှာ။ ကိုယ့်လက်ထဲလည်းငွေလည်းမရှိတော့ဘူး။ သူပြန်လွတ်ရင်ကျေနပ်ပါပြီ” ဟု ၎င်းက မချိတင်ကဲဆိုသည်။

အာမခံရရှိရေး

ဒိုက်ဦးမြို့ ငွေတုအဖမ်းအဆီးသတင်းကို အာဏာပို်င်တို့ ထုတ်ပြန်ရာတွင် အဓိကအချက်တချို့ မပါဝင်ကြောင်း၊ ငွေအတုဟုတ်မဟုတ် စစ်ဆေးရန် ဘဏ်သို့ သွားရောက် အကူအညီတောင်းစဉ် ဖမ်းဆီးခံရခြင်း ဖြစ်သည်ဟူသောအချက်ကိုအများပြည်သူသိစေလိုကြောင်းအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်မှ ကိုဟိန်းလတ်ကပြောသည်။

နော်သောသွဲ့ထူးလွတ်မြောက်ရေးအတွက် ဆောင်ရွက်ရာတွင် စင်ကာပူအလုပ်ရှင်ဟောင်း၏ အကူအညီကိုလည်းရယူကြမည်ဟုသူကဆက်ပြောသည်။

“အလုပ်ရှင်အနေနဲ့ စင်ကာပူဆိုင်ရာမြန်မာသံရုံးမှာဒီငွေတွေကိုသူတို့ကိုယ်တိုင်ငွေလဲကောင်တာကနေသွားလဲပေးတယ်ဆိုတာသွားရောက်ထွက်ဆိုပေးဖို့ စာပို့ထားတယ်။ အခုထိတော့အကြောင်းမပြန်သေးဘူး” ဟုကိုဟိန်းလတ်ကပြောသည်။

လတ်တလောတွင် မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ကမိသားစုကိုကျပ် ဆယ်သိန်းလှူဒါန်းထားကြောင်းသိရသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရ၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနော်ပွယ်စေးကလည်းနော်သောသွဲ့ထူးအာမခံရရှိရန် ကြားဝင် ကူညီနေပြီး မိသားစုထံ သွားရောက် တွေ့ဆုံ အားပေးခဲ့သည်။ အချုပ်ခန်းသို့လည်းသွားရောက်တွေ့ဆုံခဲ့သည်ဟုဒေသခံတို့ထံမှ သိရသည်။

အာမခံရမည်ဟုအမှုတွင် လိုက်ပါဆောင်ရွက်ပေးနေသည့် ဥပဒေအကြံပေးကမျှော်လင့်နေသည်။

အထူးဥပဒေတွင် အာမခံပေးခွင့်မရှိသောအမှုဟုသတ်မှတ်မထားကြောင်းလည်းသူကထောက်ပြသည်။

ဤအမှု မတိုင်မီရက်ပိုင်းအလိုကတစ်သောင်းတန်အတုကိုင်ဆောင်မှုဖြင့် အထိန်းသိမ်းခံရသည့် နိုင်ငံခြားသားသုံးဦးရှိရာ ၎င်းတို့ထဲမှ တစ်သောင်းတန်အတု ၄၅ ရွက်ဖြင့် ဖမ်းဆီးရမိသည်ဟူသောစင်ကာပူနိုင်ငံသားဇနီးမောင်နှံကိုတရားရုံးကအာမခံဖြင့် ပြန်လွှတ်ပေးပြီးဖြစ်သည်။

တစ်သောင်းတန်အတု ၄၁ ရွက်ဖြင့် ဖမ်းမိသည်ဟူသောထိုင်းအမျိုးသမီး၏ အမှုအခြေအနေအကြောင်းမသိရသေးပေ။

ရခိုင်ဒေသပဋိပက္ခကြောင့် မြန်မာနိုင်ငံသို့ နိုင်ငံခြားဧည့်သည် လာရောက်ရေးအဟန့်အတား ဖြစ်နေရာအစိုးရက ပြည်ပခရီးသွားများအထူးသဖြင့် အာရှခရီးသွားများပိုမိုဝင်ရောက်လာရန် စီစဉ်နေချိန်ဖြစ်သည်။ ဤအခြေအနေတွင် အစိုးရ၏ စာနယ်ဇင်းများနှင့် သတင်းထုတ်ပြန်ရေးဌာနများက နိုင်ငံခြားသားတချို့ကိုထိုသို့ အရေးယူလိုက်ခြင်းနှင့် ပတ်သက်ပြီးသတင်းအမှောင်ချထားသည်။

၎င်းတို့သည်  ငွေအတုမှန်းသိလျက်နှင့်လက်ဝယ်ထားရှိ သုံးစွဲခြင်း ဟူသောဗဟိုဘဏ်ဥပဒေပုဒ်မ၁ဝ၅နှင့်တရားစွဲခံနေရခြင်း ဖြစ်သည်။ ပြစ်မှုကျူးလွန်ကြောင်းထင်ရှားပါကငွေဒဏ် သို့မဟုတ်   ၃ နှစ်ထက် မပိုသောထောင်ဒဏ် ချမှတ်ခံရမည်ဖြစ်သည်။

သို့သော်လည်းထိုနိုင်ငံခြားသားတို့နှင့် မတူသောအခြေအနေတစ်ခုနော်သောသွဲ့မှူးထံတွင် ရှိနေသည်။ ၎င်းသည် ငွေအတုကို ပြည်ပမှ ပြည်တွင်းသို့သယ်ဆောင်လာမှုပုဒ်မ၁ဝ၆ဖြင့်လည်းအရေးယူခံနေရသည်။ ထိုပုဒ်မသည်ထောင်ဒဏ် ၁ဝ နှစ်မှ နှစ်၂ဝ အထိချမှတ်နိုင်သည့် ပုဒ်မဖြစ်သည်။

ယခင်ကမိတ္တူကူးစက်ဖြင့် ထုတ်လုပ်သည့် ငွေစက္ကူတုပမှုကိုအများအပြားဖမ်းဆီးရမိခဲ့သည်ဟုဝင်းမြင့် (ဗဟိုဘဏ်) ကလောင်အမည်ဖြင့် ရေးသားသည့် ဆောင်းပါးတစ်ပုဒ်ကိုဒီဇင်ဘာ ၁၄ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြခဲ့သည်။

“ယခုတွေ့ရှိရတာတွေကတော့ တစ်ဦးချင်းစီကစုပြီးတွေ့ပြီးတော့ ပြည်ပကဝင်လာတာတွေပဲ ဖြစ်ပါတယ်။ ဘယ်လိုပုံစံနဲ့ တုပထားတယ်ဆိုတာကတော့ မထုတ်ပြန်သေးပါဘူး။ ပြည်ပတာဝန်ရှိအဖွဲ့ အစည်းတွေကလည်းဆက်စပ်ကွင်းဆက်တွေကိုစစ်ဆေးနေတာဖြစ်တဲ့အတွက် ရင်းမြစ်ကိုဖော်ထုတ် အရေးယူနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟုဆောင်းပါးတွင် ဖော်ပြထားသည်။

၂ဝ၁၂ နှစ်လယ်ပိုင်းတွင် စတင် ထုတ်ဝေသောကျပ်တစ်သောင်းတန် ငွေစက္ကူကိုအတုပြုလုပ်သုံးစွဲမှု သတင်းများမကြာခဏထွက်ပေါ်ခဲ့သည်။

တစ်သောင်းတန် အတုများမှာထိုင်း၊ တရုတ် နယ်စပ်ဒေသများမှ အလုံးအရင်းဝင်ရောက်လာသည်များရှိသကဲ့သို့ မြန်မာနိုင်ငံအတွင်းထုတ်လုပ်မှုများလည်းရှိသည်ဟုအာဏာပိုင်တို့ကိုကိုးကားပြီးစာနယ်ဇင်းများတွင် ရေးသားနေကြသည်။

မိမိကိုင်ဆောင်သည့် ငွေသားထဲတွင် တစ်သောင်းတန်ငွေအတုအနည်းငယ် ပါဝင်နေသည့် ဖြစ်ရပ်မျိုးကအနယ်နယ် အရပ်ရပ်တွင် မကြာခဏပေါ်ပေါက်နေသည်။ ဒိုက်ဦးမြို့ ရဲဌာနအချုပ်ခန်းတွင်မူနော်သောသွဲ့မှူးသည် ငွေအတုကိုင်ဆောင်မှု၊ ပြည်ပမှ သယ်ဆောင်မှုတို့ဖြင့် အမှုရုတ်တရက် ရင်ဆိုင်နေရပြီးအာမခံရရှိရန် မျှော်လင့်နေသည်။

ဒိုက်ဦး၊ စစ်ဗိုလ်ကြီးကျေးရွာအုပ်စုဥက္ကဋ္ဌဦးလှဝင်းက ကျေးရွာတွင် အနေအေး၊ ရိုးသားသည့် ကရင်အမျိုးသမီးငယ် နော်သောသွဲ့ထူး ပြန်လည် လွတ်မြောက်ရေးအတွက် ကြိုးပမ်းနေသူတစ်ဦး ဖြစ်သည်။

“တအားနစ်နာနေပြီ။ကိုယ့်နိုင်ငံဆင်းရဲလို့သူများနိုင်ငံမှာကျွန်သွားခံရပြီးငွေတုတွေပဲပြန်ရလာတာဆိုတာမျိုးစိတ်ထဲဝင်မသွားစေချင်ဘူး။ဦးတို့တောသူတောင်သားကငွေတုလား၊ငွေစစ်လားမသိဘူးလေ။နိုင်ငံဆင်းရဲနေတဲ့အတွက်ကိုယ့်နိုင်ငံသားတွေကနာပြီးရင်းနာရင်းနဲ့မိအေးသုံးခါနာဖြစ်နေတယ်” ဟုဦးလှဝင်းကပြောလိုက်သည်။

နောက်ဆက်တွဲဇယား
တစ်သောင်းတန်အတုအများအပြားဖမ်းဆီးရမိမှုများ

မူဆယ်  ၈၂ သိန််း
၂၀၁၄ အောက်တိုဘာhttp://www.moi.gov.mm/npe/?q=node/15207

ဘီးလင်းသိန်း ၉၁ဝ
၂၀၁၄ နိုဝင်ဘာကြေးမုံစာ ၇http://www.burmalibrary.org/docs20/1.Dec_.14_km.pdf

တာချီလိတ် ၄၇ သိန်း
၂၀၁၅ အောက်တိုဘာကြေးမုံစာ ၁၁http://www.myanmargeneva.org/Newspaper/2015%20October/31%20Oct%2015%20ma...

တာချီလိတ် သိန်း ၂ဝဝ
ပြန်ကြားရေးဝန်ကြီးဌာန ၂၀၁၆ နိုဝင်ဘာ
https://www.facebook.com/MOIWebportalMyanmar/photos/a.328140600647146/10...

ကျိုက်ထို ၁၇၃ သိန်း
၂၀၁၇ ဇွန်
http://thevoicemyanmar.com/local/9393-ktt

သထုံ ၁၂၅၄ သိန်း
၂ဝ၁၈ စက်တင်ဘာ
https://myanmar.mmtimes.com/news/115721.html

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly