‘မန်ချက်စတာယူနိုက်တက်ဟာ ကျနော့်ရဲ့ နှလုံးသားထဲမှာ ရှိပါတယ်’ ဆိုးလ်ရှား

‘မန်ချက်စတာယူနိုက်တက်ဟာ ကျနော့်ရဲ့ နှလုံးသားထဲမှာ ရှိပါတယ်’ ဆိုးလ်ရှား
Photo: EPA

ပရီမီးယားလိဂ်ကလပ် မန်ယူအသင်းဟာ ဆိုးလ်ရှားကို ယာယီနည်းပြအဖြစ် ၂၀၁၈-၁၉ ဘောလုံးရာသီကုန်အထိ ဗုဒ္ဓဟူးနေ့က ခန့်အပ်ခဲ့ပါတယ်။

မန်ယူအသင်းဟာ တနင်္ဂနွေနေ့က အန်ဖီးလ်ကွင်းမှာ ၃-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး လိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ လီဗာပူးလ်အသင်းနဲ့ ၁၉ မှတ်ကွာ အဆင့် ၆ ရပ်နေပြီးနောက် အင်္ဂလန်ကလပ်ဟာ အင်္ဂါနေ့က နည်းပြ မော်ရင်ဟိုကို ထုတ်ပယ်ခဲ့ပါတယ်။

“မန်ချက်စတာယူနိုက်တက်ဟာ ကျနော့်ရဲ့ နှလုံးသားထဲမှာ ရှိပါတယ်။ ဒီရာထူးနဲ့ အသင်းကို ပြန်လာရတာဟာ ထူးကဲတဲ့ အရာပါ။ ကျနော်တို့မှာ ရှိတဲ့ အင်မတန်ထူးချွန်တဲ့ ကစားသမားတွေ၊ ဝန်ထမ်းတွေနဲ့ အသင်းမှာရှိတဲ့ သူတွေ အားလုံးနဲ့အတူ အနာဂတ်အတွက် လက်တွဲလုပ်ဆောင်သွားပါမယ်။”လို့ ဆိုးလ်ရှားက ထုတ်ပြန်ကြေညာချက်ထဲမှာ ပြောပါတယ်။

နော်ဝေးလက်ရွေးစင်ဟောင်းဟာ ၂၀၀၈ ခုနှစ်မှာ ကစားသမားဘဝမှ အနားယူခဲ့ပြီး နော်ဝေကလပ် မိုလ်ဒီအသင်းကို မကိုင်တွယ်ခင် မန်ယူအသင်းရဲ့ အရန်အသင်းနည်းပြအဖြစ် တာဝန်ယူခဲ့ပါတယ်။

ဆိုးလ်ရှားဟာ ကာဒစ်ဖ်အသင်းကိုလည်း တာဝန်ယူကိုင်တွယ်ခဲ့ဖူးပြီး ၂၀၁၄ ခုနှစ်မှာ ထုတ်ပယ်ခံခဲ့ရပါတယ်။

“အိုလေဟာ ကွင်းအတွင်းရော နည်းပြရာထူးနေရာတွေမှာပါ အတွေ့အကြုံများပြားတဲ့ ကလပ်ဂန္တဝင်တစ်ယောက်ပါ။ မန်ယူမှာ သူ့ရဲ့ သမိုင်းကြောင်းကို ကြည့်လိုက်တာနဲ့ သူဟာ ယူနိုက်တက်ရဲ့ ယဉ်ကျေးမှုတွေကို ရှုရှိုက်ပြီး ရှင်သန်လာတဲ့သူဖြစ်ပါတယ်။ သူနဲ့ မိုက်ဖီလန် ပြန်လာလို့ ကလပ်အသင်းမှာရှိတဲ့သူတိုင်းက ဝမ်းမြောက်ဝမ်းသာဖြစ်နေပါတယ်။”လို့ မန်ယူအသင်းရဲ့ အမှုဆောင်ချုပ် အက်ဒ်ဝုဒ်ဝက်ဒ်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဆိုးလ်ရှားဟာ မန်ယူအသင်းမှာ ၁၉၉၆ မှ ၂၀၀၇ ခုနှစ်အထိ (၁၁)ရာသီတိုင် ပါဝင်ကစားခဲ့ပြီး ၃၃၆ ပွဲမှာ ၁၂၆ ဂိုးသွင်းယူပေးခဲ့ပါတယ်။

ဒါ့အပြင် အသင်းသမိုင်းတစ်လျှောက် သမိုင်းဝင်အောင်မြင်မှုအဖြစ် တစ်ရာသီအတွင်း အဓိကဖလား ၃ လုံးရရှိခဲ့တဲ့ ၁၉၉၉ ခုနှစ်က ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဘိုင်ယန်မြူးနစ်အသင်းကို အနိုင်ရခဲ့ရာမှာ အသင်းအတွက် အနိုင်ဂိုး သွင်းယူပေးခဲ့သူလည်းဖြစ်ပါတယ်။

Ref; EFE-EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly