ကိုယ်ခံပညာ သိုင်းပေါင်းစုံ ပြိုင်ပွဲများတွင် အမှတ်မထင် ယှဉ်ပြိုင်ခွင့်ရခဲ့သော ရဲသွေးနီ

ကိုယ်ခံပညာ သိုင်းပေါင်းစုံ ပြိုင်ပွဲများတွင် အမှတ်မထင် ယှဉ်ပြိုင်ခွင့်ရခဲ့သော ရဲသွေးနီ

မြန်မာနိုင်ငံတွင် လွန်ခဲ့သောသုံးနှစ်မှ စတင်၍ One Championship ပြိုင်ပွဲများ လာရောက်ကျင်းပခဲ့ရာ မြန်မာနိုင်ငံသား ကစားသမားများ အပါအဝင် နိုင်ငံတကာမှ ကိုယ်ခံပညာကစားသမားများ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။

မြန်မာကိုယ်ခံပညာကစားသမားများအနက် အမေရိကနိုင်ငံတွင် ကစားခဲ့ဖူးသည့် အောင်လအန်ဆန်မှ လွဲ၍ ကျန်ကစားသမားများမှာ One Championship ပြိုင်ပွဲကြောင့် ကိုယ်ခံပညာ သိုင်းပေါင်းစုံ ကစားသမား ဖြစ်လာကြသူများဟု ဆိုနိုင်သည်။

အများစုမှာ ရိုးရာလက်ဝှေ့ ကစားသမားများ ဖြစ်ကြသဖြင့် ကိုယ်ခံပညာ သိုင်းပေါင်းစုံပညာရပ်၏ နည်းစနစ်များကို အကျွမ်းတဝင် မရှိသော်လည်း ကိုယ်ခံပညာအားကစားနှင့် အလှမ်းဝေးသူများတော့ မဟုတ်ကြပေ။

ယင်းကစားသမားများထဲတွင် ကိုယ်ခံပညာ သိုင်းပေါင်းစုံ ပြိုင်ပွဲပေါင်း ၅ ပွဲအထိ ယှဉ်ပြိုင်ထားသူ ရဲသွေးနီသည်လည်း တစ်ဦး အပါအဝင် ဖြစ်သည်။

“အရင်က ကျွန်တော် ရိုးရာလက်ဝှေ့ပဲ ထိုးတယ်။ အစက ကိုယ်ခံပညာ သိုင်းပေါင်းစုံ ကစားရတာ ၀ါသနာ မပါဘူး။ သိပ်မထိုး တတ်ဘူးလေ။ လဲကျလည်း ထိုးရမယ် ဆိုတော့ ကျွန်တော် မထိုးတတ်ဘူး။ ဒါကြောင့် သိပ်စိတ်မဝင်စားခဲ့ဘူး။”ဟု ကိုယ်ခံပညာ သိုင်းပေါင်းစုံ ကစားသမား ရဲသွေးနီ က ထိုလောကထဲ မဝင်မီ အခြေအနေကို ပြန်လည် ပြောပြခဲ့သည်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဘော်လခဲ ကျေးရွာဇာတိ ဖြစ်သူ ရဲသွေးနီသည် မုဒုံသား လက်ဝှေ့ကလပ်တွင် ရိုးရာလက်ဝှေ့သမား ဘဝကို စတင်ခဲ့သည်။

 ထို့နောက် ခြောက်လ အကြာတွင် တောင်ကလေး ကလပ်သို့ ပြောင်းရွှေ့ကာ ရိုးရာလက်ဝှေ့ လောကတွင် ငါးနှစ်ကျော် ကျင်လည်ခဲ့သည်။

အသက် ၂၁ နှစ်သာ ရှိသေးသော ရဲသွေးနီသည် ရိုးရာလက်ဝှေ့ပြိုင်ပွဲပေါင်း ၅ဝ ကျော် ယှဉ်ပြိုင်ထားပြီး တိုင်းနှင့် ပြည်နယ် ပွဲများတွင် ရွှေတံဆိပ် ၂ ခု ရခဲ့ဖူးသည်။

 “ပထမဆုံးပွဲကို ဘန်ကောက်မှာ သွားရောက်ယှဉ််ပြိုင်တုန်းက ပြိုင်ပွဲမဝင်ခင် တစ်လလောက်မှ ကိုယ်ခံပညာ သိုင်းပေါင်းစုံပြိုင်ပွဲ လို့ သိရတာ။ ကိုယ့်စိတ်ထဲမှာတော့ ဒီတစ်ပွဲပဲလေ နောက်လည်း ပြိုင်ဖြစ်မှာမဟုတ်ဘူးလို့ ထင်တာ။ နောက်ပွဲတွေမှာပါ ကိုယ့်ကိုခေါ်တော့ ဒီအားကစားကို လေ့လာဖြစ်သွားတာပါ။”ဟု ရဲသွေးနီက သူ ကိုယ်ခံပညာ သိုင်းပေါင်းစုံ လောကထဲ ရောက်လာခဲ့သည့် အကြောင်းကို ပြန်ပြောပြခဲ့သည်။

ရဲသွေးနီ၏ ကိုယ်ခံပညာ သိုင်းပေါင်းစုံပွဲသီးထွက်ပြိုင်ပွဲတွင် ထိုင်းနိုင်ငံသား Pongsiri Mitsatit နှင့် ယှဉ်ပြိုင် ထိုးသတ်ခဲ့ရခြင်းဖြစ်ကာ အတွေ့အကြုံများသော Pongsiri က ရဲသွေးနီ ကို ပွဲချိန် ၂ မိနစ် ၂၄ စက္ကန့် တွင် ဒိုင်ပွဲရပ်ဖြင့် အနိုင်ယူခဲ့သည်။

ယင်းပွဲနောက်ပိုင်း ရဲသွေးနီသည် ပတ်ကျော်လင်းနိုင်၊ မင်းမင်းစော (နှစ်ကြိမ်) ၊ မိုက်ရိုင်းတို့နှင့် ကိုယ်ခံပညာ သိုင်းပေါင်းစုံပွဲစဉ်များ ဆက်လက်ကစားခဲ့ရာ လေးပွဲစလုံး အနိုင်ရခဲ့ပြီး၊ မင်းမင်းစောနှင့် တစ်ကြိမ်ကို အလဲထိုး အနိုင်ယူခဲ့ကာ ကျန်သုံးပွဲတွင်မူ ရမှတ်ဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။

ရိုးရာလက်ဝှေ့ပြိုင်ပွဲများမှ ကိုယ်ခံပညာ သိုင်းပေါင််းစုံပြိုင်ပွဲများသို့ ပြောင်းလဲယှဉ်ပြိုင်ရခြင်းမှာ ၎င်းအတွက် အခက်အခဲများစွာ ရှိခဲ့သည် ဟုလည်း ရဲသွေးနီက ဝန်ခံခဲ့သည်။ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားသည် ရိုးရာလက်ဝှေ့သမားများအတွက် အလွယ်အကူ အသားကျနိုင်သည့် ကစားနည်း မဟုတ်ဟုလည်း သုံးသပ် ခဲ့သည်။

သို့သော် ကိုယ်ခံပညာ သိုင်းပေါင်းစုံပြိုင်ပွဲသည် လက်ဝှေ့ပြိုင်ပွဲထက် ထိခိုက်နာကျင်စေမှု ပိုနည်းသည့်အပြင် ကစားသမားများအတွက် အကျိုးခံစားခွင့်မှာလည်း ထိုက်ထိုက်တန်တန် ရရှိသောကြောင့် စိတ်ဝင်စားခြင်းဖြစ်သည်ဟု ၎င်းက ဖွင့်ဟခဲ့သည်။

“လာမယ့် ပွဲတွေမှာ နိုင်ငံခြားသားနဲ့ ယှဉ်ပြိုင်ချင်ပါတယ်။ သူတို့က အချုပ်အလုံး အရမ်းသန် တယ်လေ။ ကျွန်တော်က မချုပ်နိုင်ရင်တောင် ဖြည်နိုင်အောင် ကြိုးစားရမယ်။ သူတို့ မချုပ်ခင်မှာ လက်သီးနဲ့ ထိမိအောင် ထိုးမယ်။”ဟု ရဲသွေးနီက ဆိုသည်။

လာမည့်နှစ်အတွင်း ၎င်းကို ရိုးရာလက်ဝှေ့ပြိုင်ပွဲပေါင်းများစွာ ကမ်းလှမ်းထားသော်လည်း ယခုအချိန်ထိ ကိုယ်ခံပညာ သိုင်းပေါင်းစုံပြိုင်ပွဲ ယှဉ်ပြိုင်ရန်ကမ်းလှမ်းမှု မရရှိထားသေးဟုလည်း သိရသည်။

ရဲသွေးနီအနေဖြင့် ကိုယ်ခံပညာ သိုင်းပေါင်းစုံ ပြိုင်ပွဲ ယှဉ်ပြိုင်ရန် ကမ်းလှမ်းလာပါက ငြင်းပယ်မည် မဟုတ်ဘဲ မည်သည့်ပြိုင်ဘက်ကိုမဆို ယှဉ်ပြိုင်ရန် အသင့်အနေအထား ရှိနေသည်ဟုလည်း ပြောကြားခဲ့ပါသည်။

“ဖြစ်နိုင်ရင်တော့ ကိုယ်ခံပညာ သိုင်းပေါင်းစုံပြိုင်ပွဲများကို အခါအခွင့်သင့်တိိုင်း ယှဉ်ပြိုင်ချင်ပါတယ်။ ပွဲတိုင်းအနိုင် ရအောင်လည်း ကြိုးစားသွားပါမယ်။”ဟု ရဲသွေးနီက ကြုံးဝါးပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required