မကွေးတိုင်းအတွင်း ပဲစင်းငုံစျေးတက်လာသော်လည်း စိုက်ပျိုးသူနည်းပါး

မကွေးတိုင်းအတွင်း ပဲစင်းငုံစျေးတက်လာသော်လည်း စိုက်ပျိုးသူနည်းပါး

မကွေး၊ ဒီဇင်ဘာ ၁၉ ။              ။ မကွေးတိုင်းဒေသကြီးအတွင်း ၂၀၁၈ ခုနှစ်တွင် ပဲစင်းငုံစျေးများ မြင့်တက်လာသော်လည်း ဒေသခံတောင်သူများ၏ ပဲစင်းငုံစိုက်ပျိုးခြင်းမှာ ၆၀ ရာခိုင်နှုန်းခန့် လျော့နည်းလာကြောင်း မကွေးမြို့နယ်ကုန်သည်များအသင်းမှ သိရသည်။

ပဲစင်းငုံ ၂၀ ပိဿာတစ်တင်းလျှင် ဒီဇင်ဘာ ၁၉ရက်နေ့က ၂၂၅ဝဝကျပ်ခန့်ရှိပြီး ၂၀၁၇ ခုနှစ်ကထက် ကျပ်တစ်သောင်းခန့် စျေးတက်သည်ဟု မကွေးမြို့နယ်ကုန်သည်များအသင်းမှ သိရသည်။

“စျေးနှုန်းကတော့ လက်ရှိအနေအထားအရ တက်နေပေမယ့် ဒီနေ့စျေးနှုန်းအေးသွားတယ်” ဟု ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းမှ တွဲဘက်အတွင်းရေးမှူး ဦးမင်းမင်းအောင်က ပြောသည်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၃ရက်တွင် မကွေးမြို့၊ ကုန်စည်ဒိုင်အသင်း၏ ထုတ်ပြန်ချက်များအရ ပဲစဉ်းငုံနီ အသစ်ပိသာ (၂၀) တစ်တင်း လျှင် ကျပ် ၁၄ဝဝဝကျော်နှင့် ပဲစဉ်းငုံနီအဟောင်းပိသာ (၂၀) တစ်တင်းလျှင် ကျပ် ၁၃၃၀၀  ဖြစ်ခဲ့သည်ဟု သိရသည်။ယခုနှစ်တွင် ပဲစင်းငုံ(နီ) အဟောင်းတစ်တင်းလျှင် ကျပ် ၂၂၅၀၀ အထိရှိသည်ဟု သိရသည်။

"တောင်သူတွေက မိုးဦး ကဆုန်လအတွင်းမှာ နှမ်း၊ မြေပဲ စတင် စိုက်ကြသလို နှမ်းကြားမှာ ထွန်တစ်ပြန်စာ လေးပေခန့်မှာ ပဲစင်းငုံ စိုက်ကြတယ်။စိုက်ချိန်က စျေးမကောင်းတော့ မစိုက်ကြတာ ဖြစ်တယ်။ စျေးကောင်းရတော့လည်း ရောင်းမယ်။ စျေးကောင်းမရလို့ အရှုံး ပေါ်မယ့်အတူတူ ဆိုရင်တော့ ရောင်းမနေဘူး။ ရေစိမ်ပြီး နွားကျွေးမယ် " ဟု ဒဟတ်ကန် ကျေးရွာမှ အသက် ၅၀ ရှိ တောင်သူတစ်ဦးက ပြောသည်။

ဒေသထွက် ပဲမာ (ခေါ်) ပဲစဉ်းငုံသည် ပြည်ပပို့ကုန်စာရင်းဝင်ပြီး အိန္ဒိယသို့ အဓိကတင်ပို့ခဲ့ရသည့် ပြည်ပပို့ကုန် သီးနှံ ဖြစ်သောကြောင့် အထွက်နည်းလျှင် စျေးကောင်းရလေ့ရှိသော်လည်း ၂၀၁၇ ခုနှစ်တွင် ပဲစဉ်းငုံဝယ်လက် အိန္ဒိယနိုင်ငံမှ မဝယ်တော့သဖြင့်တောင်သူများမှာ အခက်အခဲဖြစ်နေရခြင်း ဖြစ်သည်ဟု သိရသည်။

"မကွေးတိုင်းအနေနဲ့ အိန္ဒိယနဲ့ ကိုဒါစနစ်နဲ့တော့ ရှိတယ်လို့ ကြားတယ်။ဒါပေမယ့် လောလောဆယ်တော့ မသေခြာ သေးဘူး။ညှိနှိုင်းထားတုန်းလို့တော့ ပြောတယ်။" ဟု မကွေးမြို့နယ် ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးစိန်အေးမောင်က ပြောသည်။

၂၀၁၇ ခုနှစ်က မကွေးတိုင်းဒေသကြီးတွင် ပဲစင်းငုံ စိုက်ဧကပေါင်း(၄၂၆၂၉၉)ဧက စိုက်ပျိုးခဲ့ပြီး  ပဲစင်းငုံတင်းပေါင်း (၅၈၈၃၈၃၄) တင်းအထိ ထွက်ရှိခဲ့သည်။၂၀၁၈ ခုနှစ်တွင် မကွေးတိုင်းဒေသကြီးအတွင်း ပဲစင်းငုံ စိုက်ဧက (၁၈၁၀၀၁)ဧက စိုက်ခဲံကြောင်း မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းဇယားများအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly