ဒေါ်အောင်ဆန်းစုကြည်အား ပေးအပ်ထားသည့် လူ့အခွင့်အရေးဆုကို တောင်ကိုရီးယား ဖောင်ဒေးရှင်း ပြန်ရုပ်သိမ်းမည်

ဒေါ်အောင်ဆန်းစုကြည်အား ပေးအပ်ထားသည့် လူ့အခွင့်အရေးဆုကို တောင်ကိုရီးယား ဖောင်ဒေးရှင်း ပြန်ရုပ်သိမ်းမည်
Photo: Jeon Heon-Kyun/EPA

ဒီဇင်ဘာ ၁၉ ။            ။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ၂၀၀၄ ခုနှစ်က ပေးအပ်ချီးမြှင့်ထားခဲ့သည့် လူ့အခွင့်အရေးဆုကို ပြန်ရုပ်သိမ်းမည် ဖြစ်ကြောင်း တောင်ကိုရီးယားရဲ့ အကြီးဆုံးသော လူ့အခွင့်အရေး အဖွဲ့တစ်ခုက ဒီဇင်ဘာ ၁၈ ရက်တွင် ထုတ်ပြန်သွားသည်။

ရခိုင် ဖြစ်စဉ်မှာ ဘင်္ဂါလီ မွတ်ဆလင်လူနည်းစုများ ဖိနှိပ်ရက်စက်ခံခဲ့ရသည်ဆိုသည့် ကိစ္စတွင် သူမအနေနဲ့ အလေးထားပြောဆိုလုပ်ဆောင်ပေးခဲ့ခြင်းမျိုး မရှိဘဲ ဥပက္ခာပြုခဲ့သည့် အတွက်ကြောင့် ယင်း ဆုကို ရုပ်သိမ်းရခြင်း ဖြစ်ကြောင်း တောင်ကိုရီးယား May 18 Memorial Foundation အဖွဲ့က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်လည်း အဆိုပါ Gwangju လူ့အခွင့်အရေးဆု ချီးမြှင့်ခံရစဉ်က နေအိမ်အကျယ်ချုပ် ကျနေခဲ့ခြင်းကြောင့် ယင်းဆုကို လက်ခံရယူနိုင်ခဲ့ခြင်းလည်း မရှိပေ။

" ဘင်္ဂါလီ တွေ ကျူးလွန်ခံရမှုနဲ့ပတ်သက်လို့ သူမဘက်က  စိတ်ဝင်စားမှု မပြဘဲ ဥပက္ခာပြုခဲ့ပါတယ်၊ ဒါဟာ လူ့အခွင့်အရေးကို ကာကွယ်ဖို့ ဆိုတဲ့ ဒီဆုရဲဲ့ စံနှုန်းတွေနဲ့ ဆန့်ကျင်နေပါတယ်" ဆိုပြီး May 18 Memorial Foundation အဖွဲ့က ပြောရေးဆိုခွင့် ရှိသူ Cho Jin-tae က ပြောသွားသည်။

ယင်း တောင်ကိုရီးယား ဖောင်ဒေးရှင်းသည် Gwangju မြို့တွင် ၁၉၈၀ ပြည့်နှစ်က ပေါ်ပေါက်ခဲ့သည့် ဒီမိုကရေစီ လှုပ်ရှားမှု အရေးတော်ပုံကို အောက်မေ့သတိရမှုအဖြစ် ၁၉၉၄ ခုနှစ်က ထူထောင်ဖွဲ့စည်းထားသည့် အဖွဲ့တစ်ခုဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly