လားရှိုးတွင် ကျပ်သိန်း ၁၈ဝဝ ကျော်တန်ဖိုးရှိ ဘိန်းဖြူများနှင့်အတူ အမျိုးသားတစ်ဦးဖမ်းမိ

လားရှိုးတွင် ကျပ်သိန်း ၁၈ဝဝ ကျော်တန်ဖိုးရှိ ဘိန်းဖြူများနှင့်အတူ အမျိုးသားတစ်ဦးဖမ်းမိ

ရန်ကုန်၊ ဒီဇင်ဘာလ ၁၈ ။             ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ ဟိုပိတ်ကျေးရွာရှိ အိုရီယမ်တယ်တိုးဂိတ်အနီးတွင် ကျပ်သိန်း ၁၈ဝဝ ကျော်တန်ဖိုးရှိ ဘိန်းဖြူများနှင့်အတူ အသက် ၁၈ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဖမ်းမိခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ သိရသည်။

ဒီဇင်ဘာလ ၁၇ ရက်၊ ည ၇ နာရီအချိန်ခန့်တွင် လားရှိုးမြို့နယ်၊ မူးယစ်တပ်ဖွဲ့စု(၂၄)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဟိုပိတ်ကျေးရွာရှိ အိုရီယမ်တယ် တိုးဂိတ်အနီးတွင် CANTER အမျိုးအစား မော်တော်ယာဉ် အား ရပ်တန့်ရှာဖွေရာမှ အဆိုပါ ဘိန်းဖြူများဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေးမှ သတင်းထုတ်ပြန် ထားသည်။

CANTER အမျိုးအစား မော်တော်ယာဉ်၏ ယာဉ်နောက်ခန်းကြမ်းခင်း အံဝှက်အတွင်း ရောင်စုံဆပ်ပြာခွက်(၈၈ဝ) ခွက်ဖြင့်ထည့်ထားသည့် ဘိန်းဖြူ ၉ ဒသမ ၆၈ ကီလိုနှင့် မြန်မာငွေ ၁၉၅,ဝဝဝ ကျပ်တို့ကိုသိမ်းဆည်း ရမိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ထိုသို့ ဘိန်းဖြူများရှာဖွေတွေ့ရှိသဖြင့် ရဲတပ်ဖွဲ့မှ လက်ရှိတွင် ယာဉ်မောင်းလာသူဖြစ်သည့် အသက် ၁၈ နှစ် အရွယ် ယိန်းဆော် ဆိုသူအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။

အလားတူ ဒီဇင်ဘာလ ၁၇ ရက်နေ့၊ ညနေပိုင်းတွင် ဟိုပုံးမြို့နယ်၊ လွိုင်လင်-တောင်ကြီးသွားကားလမ်း၊ လွယ်ဝိုး တုတ်ကျေးရွာ၊ မိုင်တိုင် အမှတ် ၁၄၄/၃ အနီးတွင် အသက် ၂၈ နှစ်အရွယ်  ဖြိုးအောင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၄,ဝဝဝ ပြား၊ ဘိန်းဖြူ ၅ ဂရမ်နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။

ထို့ပြင် ဒီဇင်ဘာလ ၁၇ ရက်၊ ညနေပိုင်းတွင် နောင်ချိုမြို့အဝင်၊ မူဆယ်-မန္တလေးသွားပြည်ထောင်စုကားလမ်း၊ မိုင်တိုင်အမှတ် (၈၀/၄)အနီးတွင် အသက် ၃၅ နှစ်အရွယ် ဟန်ဝင်းမောင်မောင်းနှင်ပြီး အသက် ၂၉ နှစ်အရွယ် ဝေလင်းဦး(ခ) ဆံရှည် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ ဝေလင်းဦး လွယ်ထား သည့် အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၇,၈ဝဝ ပြားနှင့်လက်ကိုင်ဖုန်းနှစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ ၃ ဦးကိုလည်း သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။

ဓာတ်ပုံ- ပြည်ထဲရေးဝန်ကြီးဌာန

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required