ဗုဒ္ဓဘာသာအပေါ် အမြင်လွဲမှားနေမှု တည့်မတ်စေရန် ဘာသာပေါင်းစုံ လူငယ်တွေ့ဆုံပွဲကျင်းပ

ဗုဒ္ဓဘာသာအပေါ် အမြင်လွဲမှားနေမှု တည့်မတ်စေရန် ဘာသာပေါင်းစုံ လူငယ်တွေ့ဆုံပွဲကျင်းပ

ရန်ကုန်၊ဒီဇင်ဘာ ၁၈ ။ ။ မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များအပေါ် ပြည်ပမှ အမြင်တစ်မျိုးဖြင့် အထင်မြင် လွဲမှားနေမှု များအား ပြန်လည် တည့်မတ်လာစေရန် ရည်ရွယ်ချက်ဖြင့် အာရှတိုက်ဘာသာပေါင်းစုံ လူငယ်များကွန်ယက်၏ ပဥ္စမအကြိမ်မြောက် နှီးနှောဖလှယ်တွေ့ဆုံပွဲကို အိမ်ရှင်အဖြစ် မြန်မာနိုင်ငံတွင် ကျင်းပခဲ့သည်။

တွေ့ဆုံပွဲအား ဒီဇင်ဘာ ၁၈ ရက်နေ့က ရန်ကုန်မြို့ စိန်မေရီကာသီဒြယ်ဘုရားကျောင်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အိမ်ရှင်အဖြစ် မြန်မာနိုင်ငံတွင် ကျင်းပမှုသည် ပထမဦးဆုံးအကြိမ်ဟု နှီးနှောဖလှယ်ပွဲ ဖြစ်မြောက်ရေး ဦးဆောင် စီစဉ်သည့် ငြိမ်းချမ်းမေတ္တာအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဆွေက ပြောသည်။

"မြန်မာနိုင်ငံမှာ ဒီ ဗုဒ္ဓဘာသာတွေနဲ့ အခြားဘာသာတွေနဲ့ မတည့်ဘူး။ ပဋိပက္ခဖြစ်တယ်။ ဗုဒ္ဓဘာသာက အခြားဘာသာကို ဖိနှိပ်တယ်။ သတ်ဖြတ်တယ်ဆိုတဲ့ဟာတွေ၊ သတင်းတွေ ကုလသမဂ္ဂအထိပေါ်ပေါက်နေတဲ့ ကာလမှာ ကျွန်တော်တို့က နိုင်ငံတကာက လူငယ်တွေကို ကျွန်တော်တို့ ဒီသတင်းမက်ဆေ့တွေပေးချင်တယ်။ လာကြည့်ပါ။ သူတို့ကလည်း ဒါကြောင့်မို့ မြန်မာနိုင်ငံမှာလုပ်ချင်တယ်လို့ ပြောတာ" ဟု ၎င်းက ဆိုသည်။

ဘာသာပေါင်းစုံငြိမ်းချမ်းရေး အဖွဲ့သည် နိုင်ငံပေါင်း ၉၀ ခန့်တွင် ဖွဲ့စည်းထားကြသည့် အဖွဲ့ခွဲများဖြင့် စုဖွဲ့ ထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်မှ စတင်ကာ တည်ထောင်ခဲ့သည့် အဖွဲ့တစ်ခုလည်း ဖြစ်သည်။

ယခု ပြုလုပ်သော နှီးနှောဖလှယ်ပွဲတွင်မူ အာရှတိုက်အတွင်းရှိ နိုင်ငံများ၏ ရာသီဥတုပြောင်းလဲမှုများဆိုင်ရာနှင့် ပတ်သက်ပြီး အခြေအနေများကို ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

"နိုင်ငံပေါင်းစုံက ဘာသာပေါင်းစုံ ညီအစ်ကို မောင်နှမများ စုပေါင်းပြီးတော့ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာနဲ့ ပတ်သက်တဲ့ အကြောင်းအရာတစ်ခုခုကို ရာသီဥတု ပျက်စီးခြင်းကို ကာကွယ်ဖို့အတွက် ဘာသာပေါင်းစုံ၊ နိုင်ငံပေါင်းစုံက လူငယ်တွေမောင်မယ်များက ဘယ်လိုတစ်ထောင့်တစ်နေရာကနေ ပါဝင်ကြမလဲဆိုတာကို ဆွေးနွေးမှာ ဖြစ်ပါတယ်" ဟု ငြိမ်းချမ်းမေတ္တာအဖွဲ့ - မြန်မာနိုင်ငံလူငယ်ကိုယ်စားပြု ကိုအောင်ထက်အောင်က ပြောသည်။

မြန်မာနိုင်ငံသည် ရခိုင်ပြည်နယ်နှင့် အခြားဒေသအချို့တွင် ဖြစ်ပေါ်ခဲ့သော ဘာသာရေး၊ လူမျိုးရေး အသွင် ဆောင်သည့် ပဋိပက္ခများကြောင့် နိုင်ငံတကာ၏ ပြစ်တင်ဝေဖန်မှုများကို ခံနေရသည့်အပြင် ဘာသာရေး ခွဲခြားဆက်ဆံမှုများ မြင့်မားနေသည်ဟု စွပ်စွဲမှုများနှင့်လည်း ရင်ဆိုင်နေရသည်။

ထိုအခြေအနေတွင် ယခုကဲ့သို့ အာရှတိုက်ရှိ ဘာသာပေါင်းစုံလူငယ်များကွန်ယက်၏ နှီးနှောဖလှယ်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပခြင်းဖြင့် ၎င်းအမြင်များကို ခြေဖျက်နိုင်မည်ဟု စီစဉ်သူများက ယုံကြည်နေခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required