ပျောက်ဆုံးနေသည့် တောင်ကိုရီးယားသူကို ဝေဠုကျော်ဖောင်ဒေးရှင်းမှ ကူညီရှာဖွေနေ

By ကျော်စွာထွန်း
18 December 2018
ပျောက်ဆုံးနေသည့် တောင်ကိုရီးယားသူကို ဝေဠုကျော်ဖောင်ဒေးရှင်းမှ ကူညီရှာဖွေနေ

ရန်ကုန်၊ ဒီဇင်ဘာ ၁၈ ။              ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ ကျောက်မဲခရိုင်အတွင်းရှိ နမ္မတူချောင်း အတွင်း ပျောက်ဆုံးနေသည်မှာ ၂၅ ရက်ကျော်ရှိပြီ ဖြစ်သည့် တောင်ကိုရီးယားနိုင်ငံသူကို ဝေဠုကျော်ဖောင်ဒေးရှင်းက ရေငုပ်သမားများဖြင့် ရှာဖွေနေကြောင်း သိရသည်။

“ပထမ ကိုရီးယားအဖွဲ့က လာငုပ်တယ်လေ။ ကိုရီးယားအဖွဲ့ကလည်း သူတို့ဘက်က ဗီဇာပြည့်ခါ နီးတာရယ်၊ သူတို့ ၁၀ ရက်လောက် ငုပ်ပြီးတဲ့အခါမှာ ကျွန်တော်တို့အဖွဲ့နဲ့ ချိတ်ပေးပြီးတော့ သူတို့ပြန်သွားတယ်”ဟု သရုပ်ဆောင် ဝေဠုကျော်က ပြောသည်။

ဝေဠုကျော်ဖောင်ဒေးရှင်းမှ ဒီဇင်ဘာလ ၁၃ ရက်မှ စတင်ပြီး ရေငုပ်သမားလေးဦးနှင့် ရှာဖွေနေခြင်း ဖြစ်ကာ လက်ရှိ ၆ ရက်မြောက်နေ့အထိ ဆက်လက်ရှာဖွေနေပြီး ရှာဖွေမှုတွင် အခက်အခဲများစွာ ကြုံရသည်ဟု ၄င်းက ပြောသည်။

ကိုရီးယားသူအား ရှာဖွေရာမှာ နေရာစုံသလောက်ရှိနေပြီး လက်ရှိတွင် ပျောက်ဆုံးနေသည်မှာ ၂၅ ရက်ရှိပြီ ဖြစ်သည်။

“ အောက်မှာ ဂလိုင်တွေလည်း ရှိတယ်။ မြှုပ်နေတဲ့သစ်တုံးတွေလည်း ရှိတယ်။ ရေစီးထဲမှာ ကျောက်ဆောင် တွေ၊ ဘာတွေ ကြားထဲကို ဆင်းတော့လည်း တော်တော်အခက်ခဲရှိတယ်။ မျက်မှန် ကျွတ်ထွက်တဲ့အထိကို ရေစီးပါတယ်။ ရေကလည်း အရမ်းအေးတယ်။ နောက်ပြီး မျောသွားရင် ကျောက်ဆောင်တွေနဲ့ ကိုယ်ခန္ဓာတွေနဲ့ ဆောင့်မိတဲ့အခြေအနေရှိတော့ ကျွန်တော်တို့ ကြိုးတွေနဲ့ သိုင်းပြီးတော့ ဆင်းနေတယ်” ဟု ဝေဠုကျော်က ရှာဖွေမှု အခြေအနေကို ပြောသည်။

အဆိုပါ နမ္မတူချောင်းသည် လက်ရှိရေကျချိန်တွင် အချို့နေရာများ၌ လူတစ်ရပ်နီးပါး နစ်မြှပ်ခြင်း မရှိသော် လည်း အချို့နေရာများတွင် ၁၅ ပေခန့် အနက် ရှိကာ  ကျောက်ဆောင်များနှင့် ဝဲဂယက်များလည်း ရှိနေကြောင်း သိရသည်။

သီပေါမြို့နယ် ရဲတပ်ဖွဲ့မှ အဆိုပါကိစ္စကို လူပျောက်မှုဖြင့် အမှုဖွင့်ထားပြီး မည်သည့်အခြေအနေဖြင့် ဖြစ်စေ ရှာဖွေတွေ့ရှိပါက အမေရိကန်ဒေါ်လာ ငါးထောင် ပေးမည်ဟု ကိုရီးယားသံအမတ်က သတင်းထုတ်ပြန်ထား သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၃ ရက်နေ့က ခရီးသွား ငါးဦး ပါဝင်သည့် ကမ္ဘာလှည့်ခရီးသွားအဖွဲ့မှ အသက် ၄၅ နှစ်ရှိ တောင်ကိုရီးယား နိုင်ငံသူသည် နမ္မတူချောင်းအတွင်း ဘောကွင်းစီးနေစဉ် မျောပါသွားခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့မှ ပြောဆိုထား သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly