ပုသိမ် မီးလင်းဂျိုင်ဘက်မှ ထုတ်လုပ်မည့် ပိုလျှံလျှပ်စစ်ကို ရန်ကုန်သို့ ပို့မည်

ပုသိမ် မီးလင်းဂျိုင်ဘက်မှ ထုတ်လုပ်မည့် ပိုလျှံလျှပ်စစ်ကို ရန်ကုန်သို့ ပို့မည်

ပုသိမ်၊ ဒီဇင်ဘာ ၁၈ ။             ။ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့နယ်ခွဲတွင် သဘာဝဓာတ်ငွေ့ဖြင့် လျှပ်စစ်ထုတ်လုပ်ပြီးပါက ပိုလျှံသည့် လျှပ်စစ် ကို  ရန်ကုန်အထိ ပြန်ပို့သွားမည်ဟု ဧရာဝတီတိုင်းဒေသကြီး၊ လျှပ်စစ်စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောသည်။

 “မီးလင်းဂျိုင် Power Plan ကို LNG နဲ ့လုပ်မှာပေါ့။ လျှပ်စစ်ထုတ်လုပ်ရေးတင်မကဘဲ၊ ပိုလာတဲ့ စွမ်းအင်တွေ ကို ရွာမအထိ ဖြန့်နိုင်ဖို့ ပြည်ထောင်စုဝန်ကြီးလမ်းညွန်ချက်နဲ့အတူ အောက်ခြေမှာ ဆက်လက် ဆောင်ရွက်ဖို့ စီစဉ်နေတာ”ဟု  တိုင်းဝန်ကြီးက ပြောသည်။

ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့နယ်ခွဲ၊ မီးလောင်ဂျိုင်( ယခုအခေါ် မီးလင်းဂျိုင်)ဒေသတွင် Supreme Trading Co., Ltd မှ Integrated Liquefied Natural Gas to Power Project ကို အကောင်အထည်ဖော် ဆောင်ရွက် မည်ဖြစ်ပြီး ယင်းမှ ရရှိမည့် လျှပ်စစ်ဓာတ်အားကို ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာခွဲရုံအထိ ပေးပို့ရန် ဖြစ်သည်။

ထိုသို့ ပေးပို့ရန် 500KV ဓာတ်အားလိုင်းများကို ဧရာဝတီတိုင်းဒေသကြီးနှင့်ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များ ကို ဖြတ်သန်းသွယ်တန်းရမည်ဖြစ်သည်။

 “500KV ဆွဲရင် ကျွန်တော်တို့တိုင်းက ၈ မြို့နယ်ကို ဖြတ်သွားမှာပါ၊ မအူပင်နဲ့ ပုသိမ်ခရိုင်ပေါ့၊ ရန်ကုန်တိုင်း မှာဆို ၂ မြို့နယ် ဖြတ်သွားမှာပါ။ မြို့နယ်တွေမှာ တာဝါတိုင်တွေစိုက်ဖို့ ရှိပါတယ်။ အဲဒါကိုလည်း မြို့နယ်အဆင့်တွေမှာ ကော်မတီတွေဖွဲ ့ပြီးဆောင်ရွက်နေပါပြီ” ဟု တိုင်းဒေသကြီးဝန်ကြီးက ပြောသည်။

လက်ရှိတွင် စီမံကိန်းနှင့်ပတ်သက်ပြီး ဌာနဆိုင်ရာများ ၀ိုင်းဝန်းဆောင်ရွက်နေပြီး ကမ်းရိုးတန်းတစ်လျှောက် မီးလင်းရေးကို ဆောင်ရွက်သွားမည်ဟု ဧရာဝတီတိုင်းအစိုးရအဖွဲ့မှ သိရသည်။

“ 500 KV လိုင်းဆွဲတာရော၊  ပိုက်လိုင်းသွားတာတွေရော၊ ပိုက်လိုင်းတွေ ပြုပြင်တာတို့၊ တာဝါတိုင်တွေ ပြုပြင်တာတို့ လိုပါတယ်။ ဂက်စ်ပို်က်လိုင်းသမားနဲ ့တာဝါတိုင် ဆောက်မဲ့ ဒီဇိုင်းနဲ ့ညှိနှိုင်းပြီး ဘယ်လောက် အကျယ်လိုမယ်ဆိုတာကို တင်ပြခိုင်းထားတယ်” ဟု ဝန်ကြီးက ပြောသည်။

စုစုပေါင်း မဂ္ဂါဝပ် ၁၃၉၀ ခန့်အထိ ထုတ်လုပ်နိုင်မည့် အဆိုပါ လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းအား ၃ နှစ် တာကာလအတွင်း ဆောင်ရွက်သွားမည် ဖြစ်ပြီး ၂၀၂၀ ခုနှစ် မတိုင်ခင် အပြီးသတ်လုပ်ဆောင်သွားမည်ဟု တိုင်းအစိုးရအဖွဲ့မှ ပြောဆိုထားသည်။

ထို့ကြောင့် စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန်  တစ်လ နှစ်ကြိမ် အစည်းအဝေး လုပ်ဆောင်မည်ဖြစ်ကြောင်း သိရှိရသည်။

၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ တစ်နိုင်ငံလုံးတွင် လျှပ်စစ်ဓာတ်အား ရရှိမှု အနည်းဆုံးမှာ တနင်္သာရီတိုင်း ဒေသကြီး ဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးမှာ ဒုတိယအနည်းဆုံး ရရှိခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required