လူငယ်နဲ့ စကားပြေအရေးအသား အမှားပြဿနာ

လူငယ်နဲ့ စကားပြေအရေးအသား အမှားပြဿနာ

လွန်ခဲ့တဲ့နေ့တွေတုန်းက ကျနော်တို့စာပိုဒ်များအကြောင်းပြောလာခဲ့ကြပါတယ်။ မနေု့တုန်းကတော့ စာပိုဒ်များအကြောင်းပြောလာခဲ့ရာမှာ “ဖြစ်စဉ်ပြစာပိုဒ်နဲ့ သရုပ်ဖေါ်စာပိုဒ်”ဆိုပြီး စာပိုဒ်အမျိုးအစား နှစ်ခု ကျနော် ရှင်းပြခဲ့ပါတယ်။

ဒီကနေ့ဆက်ပြီး ဆွေးနွေးမှာက “သာဓကပြစာပိုဒ်”အကြောင်းဖြစ်ပါတယ်။

ဒီစာပိုဒ်အမျိုးအစားကတော့ ရှေ့ကပြောခဲ့တဲ့ ဦးဆောင်ဝါကျအကြောင်းပြောခဲ့တုန်းက ရှင်းပြခဲ့သလိုပါပဲ။ အဆိုတစ်ခုကို ဘာ့ကြောင့် ဒီလိုဆိုလိုတာလည်းဆိုတာ အတိအကျသိရလေအောင်  ဥပမာတွေသာဓကတွေနဲ့ ထောက်ခံပြောဆိုတဲ့စာပိုဒ်ဟာ သာဓကပြစာပိုဒ်ပါပဲ။

ဥပမာ… စာပိုဒ်တစ်ပိုဒ်မှာ စာပိုဒ်ရဲ့အစမှာ အဆိုတစ်ခု တင်ခဲ့သည်ဆိုပါစို့။ နောက်ကလိုက်လာတဲ့ ၀ါကျတွေက အဲဒီအဆိုပြုစာပိုဒ်ကို သက်သေသာဓကများနဲ့ ဖြည့်ပြီး ခိုင်မာအောင် ပြည့်စုံအောင် ရေးထားရင် အဲဒါ သာဓကပြစာပို်ဒ်သဘောပါပဲ။ အဲဒီအဆိုပြုဝါကျဟာ တကယ်တော့လည်း စာပိုဒ်ရဲ့ ဦးဆောင်ဝါကျလည်းဖြစ်ပါတယ်။ ဦးဆောင်ဝါကဟာ စာပိုဒ်တစ်ခုလုံးကို လွှမ်းခြုံကိုယ်စားပြုတဲ့ ၀ါကျပါပဲ။ အောက်ပါစာပိုဒ်ကိုလေ့လာကြည့်ပါ။

ဆရာကြီးမောင်ခင်မင်(ဓနုဖြူ) အသုံးပြုခဲ့တဲ့ စာပိုဒ်ကိုပဲ တင်ပြေဆွေးနွေးလိုက်ပါတယ်။

-    ထန်းပင်သည် လူတို့အတွက် အသုံးဝင်သော အပင်တစ်မျိုးဖြစ်ပေသည်။ ထန်းရည်ကိုသောက်နို်င်သည်။ ထန်းလျက်ချက်နိုင်သည်။ ထန်းသီးကိုစားနိုင်သည်။ မုန့်လုပ်နိုင်သည်။ ထန်းရွက်ကို အမိုးအကာလုပ်နိုင်သည်။ ယပ်တောင်၊ ဖျာ၊ တောင်း၊ ပလုံး၊ ဦးထုပ် လုပ်နိုင်သည်။ ထန်းလက်ကို ကြိုးလုပ်နိုင်သည်။ ထန်းသားကို တိုင်၊ ရေတံလျောက်၊  စသည်တို့ လုပ်နို်င်သည်။ အိမ်တစ်ဆောင်ဆောက်ရာ၌ အခြင်၊တန်းနှင့် ကြမ်းခင်းမှတပါး ကျန်ပစ္စည်းများကို ပြုလုပ်နိုင်သည်ဟုပင် အဆိုရှိလေသည်။

ဒီစာပိုဒ်ဟာ စာပိုဒ်ရဲ့အစ အဆိုပြုချက်ဝါကျ သို့မဟုတ် ဦးဆောင်ဝါကျဖြစ်တဲ့ “ ထန်းပင်သည် လူတို့အတွက် အသုံးဝင်သော အပင်တမျိုးဖြစ်သည်” ဆိုတဲ့ ဦးဆောင်ဝါကျကို သက်သောဓကများနဲ့ ရှင်းလင်းပြဆိုတဲ့ဝါကျများနဲ့ဖွဲ့စည်းထားတဲ့ သာဓကပြစာပိုဒ်ပါပဲ။

နောက်တစ်ခု ဆက်ကြရမယ်ဆိုရင် “ခွဲခြမ်းစိတ်ဖြာမှုပြစာပိုဒ်”အကြောင်းပါပဲ။

ဒါကတော့ အကောင်အထည်တစ်ခုခု၊ သဘောတရားတစ်ခုခုကို သူတို့အသီးသီးမှာပါဝင်တဲ့ အစိပ်အပိုင်းဖ၏တွေအသီးသီးကို ခွဲခြမ်းပြတဲ့စာပိုဒ်ပါပဲ။ ဥပမာ ရေစုတ်စက်တစ်လုံးဆိုပါစို့။ အဲဒီရေစုတ်စက်ပါဝင်တဲ့ ဝက်အူ၊ စပရိမ်၊ မိချောင်းခေါင်း၊ အစရှိတဲ့အစိပ်အပိုင်းတွေကို အသေးစိပ်ခွဲခြမ်းရှင်းပြတဲ့စာပိုဒ်ဟာ ခွဲခြမ်းစိတ်ဖြာမှုပြစာပိုဒ်ပါပဲ။

နောက်ထပ် ဥပမာပြောရရင် ရုံးတစ်ရုံးအကြောင်းပြောမယ်ဆိုရင် အဲဒီ ရုံးထဲမှာပါဝင်တဲ့ စုံစမ်းရန်ဌာန၊ စီမံရေးရာဌာန၊ ဘဏ္ဍာရေးဌာန၊ သုတေသနဌာန ဆိုပြီး အဲဒီရုံးမှာ ပါဝင်တဲ့ ဌာနအသိီးသီးကို ခွဲခြမ်းရှင်းပြတဲ့စာပိုဒ်ဟာ ခွဲခြမ်းစိတ်ဖြာမှုပြစာပိုဒ်ပါပဲ။

နောက်ထပ် စာပိုဒ်အမျိုးအစားအသစ် ဆက်ကြမယ်ဆိုရင် “အမျိုးအစားပြစာပိုဒ်”ဆိုတာကို ဆက်သွားကြရပါလိမ့်မယ်။

ဒါကိုလည်း နားလည်ရလွယ်ကူအောင် ဆရာကြီးမောင်ခင်မင်(ဓနုဖြူ) ထုတ်နှုတ်ကိုးကားခဲ့တဲ့စာပိုဒ်ကိုပဲ ဥပမာအနေနဲ့တင်ပေးလိုက်ပါတယ်။

ဒီနေရာမှာ ကြိုတင်ပြီးရှင်းပြချင်တာက အကောင်အထည်များ၊ သဘောတရားများကို သဘောသဘာဝချင်း၊ ဂုဏ်ချင်း တူရာတူရာစုပြီး ခွဲခြားပြဆိုတဲ့ စာပိုဒ်ဟာ အမျိုအစားပြစာပိုဒ်ဖြစ်လာတာပါပဲ။ သစ်ပင် ဆိုတဲ့ အကောင်အထည်ရှိအမျိုးအစားကိုပြောမယ်ဆိုရင် အဲဒီသစ်ပင်ဆိုတဲ့အမျိုးအစားထဲမှာ မန်ကျည်းပင်၊ ထန်းပင်၊ မြက်ပင်၊ သြစာပင်၊ သရက်ပင် ဆိုပြီးတူရာစု သတ်မှတ်ထားတဲ့အကြောင်း၊ တခါ လူ ရယ်လို့ပြောရင် ယောကျင်္ား၊ မိန်းမ ရယ်လို့ ခွဲခြမ်းပြတာမျိုးဟာ အမျိုးအစားပြစာပိုဒ်ပါပဲ။ အောက်က စာပိုဒ်ကိုလေ့လာကြည့်ပါ။
-    ယနေ့ပညာရပ်ကို အကြမ်းအားဖြင့် အနုပညာနှင့် သိပ္ပံဟူ၍ ခွဲခြားကြသည်။ အနုပညာသည် စိတ်ကူးမှုပညာဖြစ်၍ ဝတ္ထု၊ ကဗျာ၊ ဂီတ၊ ပန်းချီ၊ သဘင်အစရှိတဲ့ တီထွင်ဆန်းသစ်သည့် ပညာရပ်များ ပါဝင်လာသည်။ သိပ္ပပညာသည်ကား လက်တွေ့စူးစမ်းတွေ့ရှိချက်များ ဖွဲ့စည်း၍ဖြစ်လာသော ပညာရပ်ဖြစ်သည်။ ဓါတုဗေဒ၊ ရူပဗေဒ၊ သချင်္ာ၊ ဘူမိဗေဒ၊ ဇီဝဗေဒ၊ စက်မှုအတတ်ပညာ စသဖြင့် များမြောင်လှပေသည်။ အနုပညာနှင့် သိပ္ပံပညာရပ်တို့သည် သဘာဝအားဖြင့် ခြားနားခြင်း ရှိကြသည်။ အနုပညာသည် စိတ်ကူးမှုကို အခြေခံ၍ သိပ္ပံပညာသည် စူးစမ်းလေ့လာမှုကို အခြေခံပေသည်။ သို့သော် အနုပညာနှင့် သိပ္ပံပညာ ဆက်စပ်နေခြင်းများလည်း ရှိပေသည်။

ဒီစာပိုဒ်ကိုကြည့်ရင် ပထမ ပညာရပ်ဆိုတဲ့ အစုအဝေးကြီးကိုပြောပါတယ်။ နောက်တော့မှ အဲဒီ ပညာရပ်ဆိုတဲ့အစုအဝေးကြီးထဲမှာ အနုပညာ နဲ့ သိပ္ပံပညာရယ်လို့ထပ်ပြီး ခွဲပြောပါတယ်။ တခါ အဲဒီ အနုပညာနဲ့ သိပ္ပံပညုာရပ် အစုအဖွဲ့ထဲမှာမှ အနုပညာရယ်လို့ဆိုရင် ပန်းချီ၊ ကဗျာ၊ ဝတ္ထု၊ ဂီတ ရယ်လို့ဆိုပြီး ထပ်မံခွဲခြားပြတာမျိုး၊ သိပ္ပံပညာရပ်ကိုလည်း ဓါတုဗေဒ၊ ဘူမိဗေဒ၊ ဇီဝဗေဒ အစရှိတဲ့အစုအဖွဲ့တွေကို ထပ်မံခွဲခြမ်းပြတဲ့စပိုဒ်ဟာ အမျိုးအစားပြစါပိုဒ်လို့ ဆိုလိုတာပါပဲ။

ကဲ နောက်ထပ်စာပိုဒ်အမျိုးအစား တစ်ခုကို ဒီကနေ့ ဒီနေရာမှာ ခေါင်းစဉ်လောက်ပဲ ညွှန်းချင်ပါတယ်။ နောက်နေ့ကြမှ ကျနော်တို့ ဆက်လက်ဆွေးဖို့ရှိပါတယ်။ အဲဲဒီခေါင်းစဉ်ကတော့ “နှိုင်းယှဉ်မှုစာပိုဒ်” အမျိုးအစားပါပဲ။  

ဒီနေရာမှာ သတိပြုစေချင်တဲ့အချက်က စာပိုဒ်တွေကိုလေ့လာတဲ့အခါ စာပိုဒ်အမျိုးအစားတွေဟာ တစ်ခုနဲ့တစ်ခုဆက်စပ်နေတတ်တာ၊ တစ်ခုနဲ့တစ်ခု အပြန်အလှန် ဆက်စပ်နေတာ၊ အဲဒါကို သိထားမှသာလျင်  စာပိုဒ်တွေကို ချရေးတဲ့အခါ ပိုမိုထိရောက် မှန်ကန်စွာ ရေးနိုင်ကြမှာဖြစ်တယ်ဆိုတာ သတိပြုဖို့ ကြားညှပ်ပြီး ပြောချင်ပါတယ်။

ကဲ လူငယ်များ စကားပြေအရေးအသား မှန်ကန်ကြွယ်ဝ လှပနိုင်ကြပါစေ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly