မင်းအနားက ဝဲ တဲ့ လိပ်ပြာတွေလို… တေးသံရှင် Mary နှင့် တွေ့ဆုံမေးမြန်းခြင်း - အပိုင်း (၁)

မင်းအနားက ဝဲ တဲ့ လိပ်ပြာတွေလို… တေးသံရှင် Mary နှင့် တွေ့ဆုံမေးမြန်းခြင်း - အပိုင်း (၁)
ဓာတ်ပုံ-သူရ/မဇ္ဈိမ

Artist Interview အစီအစဉ်ကတော့ အနုပညာရှင်တစ်ယောက်ချင်းဆီရဲ့ သူတို့ရဲ့ဘဝမှတ်တိုင်တွေ၊ အနုပညာလျှောက်လမ်းပေါ်က အမှတ်တရတွေကို တိုက်ရိုက်တွေ့ဆုံမေးမြန်း ပေးနေတဲ့ အစီအစဉ်ကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ်။ တွေ့ဆုံမေးမြန်းမယ့်သူကတော့ ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုကို ရရှိထားပြီး အခုဆိုလို့ရှိရင် တစ်ကိုယ်တော် Solo Album ကို ပရိသတ်တွေရဲ့ လက်ထဲကို ထည့်ပေးလိုက်တဲ့ အနုပညာရှင် Mary ပဲဖြစ်ပါတယ်။

မေး။ ။ ညီမလေး အနုပညာလျှောက်လမ်းအစဆိုလို့ရှိရင် အစ်ကိုတို့သိထားတာလေး ၂၀၁၇ အစပိုင်းလောက်ထင်တယ်၊ ဒီ  " ဝဲ " နဲ့ စပြီးတော့ ပရိသတ်တွေရှေ့ကို ရောက်လာတယ်ပေါ့နော်။ ဒီ ဝဲ သီချင်းလေးကို စပြီးတော့ ပရိသတ်တွေလက်ထဲကို ထည့်ပေးဖို့အတွက်ရော ဘယ်လောက် အားယူခဲ့သလဲ။

ဖြေ။ ။ ဝဲ သီချင်းလေးကပေါ့နော်။ မထင်မှတ်ဘဲ ဖြစ်သွားတဲ့ သီချင်းလေးပေါ့ ၊ ဂျပန်ပြည်မှာ တက္ကသိုလ် တတိယနှစ် တက်တယ် summer break  မှာ Mary မြန်မာပြည် ခဏအလည် ပြန်လာတယ်၊ ပြန်လာတော့ သူငယ်ချင်းတစ်ယောက်က သူတို့သီချင်းထဲမှာပေါ့နော်၊  သီချင်းလေး ဆိုပေးဖို့ စတူဒီယို တစ်ခုကိုခေါ်တာ၊ အဲဒါနဲ့ အသံသွင်းကြ သွင်းလည်းသွင်းရော သီချင်းက ဖြစ်ချင်တော့ အဆင်မပြေ မလုပ်ဖြစ်ဘူးပေါ့နော်။ ဆိုတော့ အဲဒါနဲ့   အဲဒီစတူဒီယိုပိုင်ရှင်လည်းဖြစ်တဲ့ Music Producer လည်းဟုတ်တယ်၊ ဒါရိုက်တာလည်းလုပ်တယ် ကိုအဝေး ဆိုတဲ့ လက်ဦးဆရာပေါ့နော်၊ သူကတွေ့တော့ Mary အသံကိုသဘောကျတယ်ပေါ့၊ Mary သီချင်းရေးထားတာလေးရှိလားပေါ့၊  သူက အရမ်း artistic ဆန်တယ်၊ ပြီးတော့ နိုင်ငံခြားမှာလည်း Music ကျောင်းလည်း တက်ခဲ့တယ်ဆိုတော အရမ်းနားလည်တယ်။ ဆိုတော့ သူက အဲဒီ သီချင်းလေးကို သူကြည့်လိုက်တဲ့ အခါမှာ သူကိုယ်တိုင်တီးချင်သွားတယ်၊  သူပဲတီးတယ်၊ သူ့စတူဒီယိုမှာပဲ အသံသွင်းတယ်၊ သွင်းပြီးတော့ အကုန်လုံး နောက်ဆုံးပိုင်းအထိပေါ့။ song arrangement  ကအစ သူလုပ်ပြီးတော့ နောက်ဆုံးပိုင်းထိ Mary တို့ သွင်းပြီးတော့ သီချင်းလေးတွေနားထောင် ၊ သူငယ်ချင်းတွေပြကြည့်တော့ အားလုံးကောင်းတယ်ပေါ့။ ကောင်းတော့ အဲ့ဒါနဲ့ သူနဲ့ကိုယ်နဲ့ တိုင်ပင်ပြီးတော့ Facebook အကောင့်လေး တစ်ခုဖွင့်လိုက်တယ်၊ Mary ဆိုတဲ့ အကောင့်လေးတစ်ခုဖွင့်လိုက်တယ် ၊ အဲ့မှာ ထရီဆယ် လေး အရင်တင်လိုက်တယ်။ မထင်မှတ်ဘဲ အဲဒီဟာပေါ့။ Mary တို့က ရာဂဏန်းလောက်ရရင် ကျေနပ်နေပြီ။ မထင်မှတ်ဘဲ အဲ့ဒါတွေက ထောင်ဂဏန်း ၊အဲ့ဒီလိုမျိုးတွေ ဖြစ်သွားပြီးတော့ လိုက်တွေအများကြီးဖြစ်သွားတယ်၊ ပြီးတော့ Four Version တင်တဲ့အခါမှာလည်း အရမ်း like တွေရတယ်၊ အဲဒီမှာ စပြီးတော့ လုပ်ဖြစ်ခဲ့တာ။ ဆိုတော့ ဝဲ က မထင်မှတ်ဘဲနဲ့ လုပ်ထားတဲ့သီချင်းပေါ့နော်။ အချိန်ကဆို တစ်လတောင် မရှိဘူး၊ တစ်ပတ်လောက်ပဲ ဝဲ က နဂိုကရေးထားတဲ့ သီချင်းလေးပါ။

မေး။ ။ ဒါဆိုရင် ဒီသီချင်းလေးက မြန်မာပြည်ကို အလည်လာတော့မှ စပြီးတော့ ရေးဖြစ်ခဲ့ တယ်။ ပြီးတော့ ဒီအချိန်အတောတွင်းမှာပဲ ပရိသတ်တွေရဲ့ အာရုံစိုက်ခြင်းကို ခံလိုက်ရတယ်။   နောက် အဲဒီသီချင်းလေးနဲ့ ပတ်သက်ပြီးတော့ ညီမလေးက  အသစ်ကို ဖန်တီးလိုက်တာ ညီမလေးအသံ ပင်ကိုယ်အသံနဲ့ မတူညီတဲ့ဂီတ၊ ဒီမြန်မာပြည်မှာ ခေတ်မစားသေးတဲ့ ဂီတပုံစံတစ်ခုကို ညီမလေး ဖန်တီးလိုက်တာ အဲဒီအချိန်မှာ ဝေဖန်တာတွေလည်း ရှိခဲ့တယ် ပြီးတော့ personal attack လို့ ပြောလို့ရမလား။ အဲဒီလိုပုံစံမျိုးလေးလည်း တွေ့ရတယ်နော် အဲဒီအချိန်မှာရော အဲဒီကနေပြီးတော့ ကိုယ့်အတွက် သင်ခန်းစာ ဘာတွေရလိုက်လိုက်လဲ။

ဖြေ။ ။ personal attack တွေလည်းရှိတယ် ဝေဖန်တာတွေလည်းရှိတယ်ပေါ့နော်။ အစက ကိုယ်က သာမန်လူတစ်ဦးဆိုတော့လေ သေးသေးလေးပြောရင်တောင်၊ တစ်ယောက်ကပြောရင်တောင် မခံနိုင်ဘူး။ ဆိုတော့ အဲ့ဒီမှာ အများကြီးဝိုင်းပြောတဲ့အခါမှာ Mary ကိုယ်တိုင်ကိုက မခံနိုင်လွန်းလို့ Mary ကိုယ်တိုင် အကောင့်ကို delete လုပ်လိုက်တယ်၊ အဲ့ဒီတော့ပျောက်သွားရော။ ကိုယ်ကြိုက်လို့ ကိုယ်သီချင်းဆိုတာ ဘာလို့အဲ့ဒီလောက်တောင် ပြောနေကြတာလဲ ဆို။   ဟိုရောက်နေတာ ဆိုတော့ ဟိုမှာရှိနေတဲ့အတွက်ကြောင့်မို့လို့ နည်းနည်းသက်သာတယ်။ Mary ဒီမှာ ဘယ်လောက် ဘာဖြစ်သွား လည်း ဆိုတာ မသိလိုက်ဘူး၊ အွန်လိုင်းကလည်း နဂိုတည်းက အဲ့ဒီလောက်မသုံးဘူးဆိုတော့ သူများတွေပြောမှ သိရတယ်ပေါ့။  producer တွေနဲ့လုပ်ပြီးသွားပြီ။ မက်စ် လည်း ထုတ်လည်းထုတ်ချင်တယ်၊ သီချင်းကလည်းဆက်မလုပ်ချင်တော့ဘူး၊ အဲ့ဒီလိုမျိုးဖြစ်နေတော့   ကျောင်းကလည်း ရှိသေးတယ်ပေါ့နော်။ ဆိုတော့ အဲ့ဒီအချိန်မှာ Mary ဂျပန်က ကိစ္စကိုပဲ focus လုပ်တယ် personal attack တွေကတော့ ဘယ်လိုဖြေရှင်းလဲဆို ဒီတိုင်း ကိုယ်သာ ဘာမှမဟုတ်ရင် personal attack ဆိုတာ ရှိလာမှာ မဟုတ်ဘူး။ ဆိုတော့ ကိုယ်က နေရာတစ်ခုရလို့ ကိုယ်က personal attack လုပ်ခံရတယ်ဆိုတော့ Attack လုပ်ခံရလို့ မလဲပြိုသွားချင်ဘူး။ အဲ့ဒီအတွက်ကြောင့်ပိုပြီးတော့ Attack  လုပ်တဲ့လူကို ဆန့်ကျင်ပြီးတော့ ကိုယ်ကအောင်မြင်ချင်တယ်။ အဲဒါကြောင့် ကြိုးစားခဲ့ပါတယ်။

မေး။ ။ နောက်တစ်ခုကတော့ Mary က တစ်ဦးတည်းသောသမီးလို့ သိရပါတယ်။ အဲဒီတော့ တစ်ဦးတည်းသော သမီးဖြစ်တဲ့အတွက်ကြောင့်မို့လို့ စိတ်ဓာတ်ပိုင်းဆိုင်ရာကလည်း ကိုယ်က သူများတွေထက်ပိုပြီးတော့ ကြံ့ခိုင်ရတယ်၊ ပြီးတော့ နည်းနည်းလေး အတ္တကြီးတတ်တယ်။   အဲ့ဒီတော့ ကိုယ့်ရဲ့စိတ်နေစိတ်ထားနဲ့ ပတ်သက်ပြီးတော့ရော ဘယ်လိုမျိုးတွေ ထိန်းကျောင်းလဲ။

ဖြေ။ ။ စိတ်နေစိတ်ထားကတော့ တစ်ဦးတည်းသော ကလေးဆိုပေမယ့်လို့ များသောအားဖြင့်က ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးတော့ ထိန်းတာများတယ်။ ကိုယ့်ကိုယ်ကိုယ် ပြန်ပြန်ပြီးတော့ သွန်သင်တာ များတာပေါ့နော်။ တစ်ခြားလူတွေတော့ မသိဘူး Mary ကတော့ မိဘတွေက ဒီလို ဒီလိုလုပ်ဆိုတာ ထက် ကိုယ့်အတွေးအခေါ်နဲ့ကိုယ်သွားတာ များတယ်ပေါ့နော်။ စိတ်ပိုင်းဆိုင်ရာဆိုရင်လည်း အဲဒီလိုပဲ ကိုယ်လုပ်ချင်ပြီဆိုရင် တဇွတ်ထိုးလုပ်တဲ့ အပိုင်းလေးတွေရှိတယ်။ ဒါပေမယ့် တစ်ဖက်မှာ အဲဒီလိုမရှိပေမယ့် တစ်ဦးတည်းတော့ အဲ့ဒီလိုအကျင့်လေးတွေမှာ ပေါ်တဲ့အခါလည်း ရှိတာပေါ့နော်။ တစ်ခါတစ်လေကျရင် သူများထက် ကိုယ့်ကိုယ်ကိုယ် ပိုပြီးတော့ စဉ်းစားတဲ့အခါလည်းရှိတယ်။ ဒါပေမယ့် အရမ်းဆိုးတာတော့မရှိပါဘူး။

မေး။ ။ နောက်တစ်ခုက personal attack ပေါ့နော်။ အဲ့ဒါက မြန်မာပြည်မှာဆိုလို့ရှိရင် Social Media Facebook ခေတ်စားလာတဲ့နောက်ပိုင်းမှာ အနုပညာရှင် တော်တော်များများ ကြုံရတယ်၊ အဲဒီတော့ သူများနိုင်ငံတွေမှာ ဆိုလို့ရှိရင်  ကြားဖူးတာပေါ့နော်။ Instragram ရှိမယ် ပြီးလို့ရှိရင် Twitter ရှိမယ်ပေါ့နော်။ ဒါပေမယ့် မြန်မာပြည်မှာ ကျတော့ ဒီ Facebook ကိုပဲ အဓိကအားဖြင့် သုံးကြတယ် အဲဒီတော့ မြန်မာထက် ဂျပန်ရဲ့ အတွေ့အကြုံက အများကြီးပဲ ဆိုတော့ ဂျပန်နိုင်ငံနဲ့ ယှဉ်လိုက်ရင်   Social Media က ဘယ်လိုမျိုးတွေ ကွာခြားမှုရှိလဲ။

ဖြေ။ ။ တော်တော်ကွာတယ်၊ တော်တော်ကွာတယ်ဆိုတာ Mary ကိုကြည့်ရင်လည်း သိကြမယ်၊ Mary က Facebook မှာ ဆိုရင်တောင် ကိုယ့်ပုံကို ကိုယ့်အလှ၊ အရင်တုန်းက Instragram ပုံတွေကို ကြည့်ရင် သိမှာပါ။ Mary အလှပုံ Mary ရုပ်ပုံ အရမ်းပေါ်တဲ့ပုံတွေဆို Mary တင်လေ့မရှိဘူး။ ခရီးသွားတဲ့ပုံ နောက်ခံ background တွေများတဲ့ပုံ၊ Mary ဆိုတာ သေးသေးလေးပဲဖြစ်နေရမယ်။ အဲဒီလိုမျိုးလေး တင်လေ့ရှိတယ်၊ ဘာလို့လဲဆိုတော့ ဂျပန်မှာကျတော့ ကိုယ့် Selfie  ကိုတင်တာ ကိုယ့်ရုပ်ကို ကိုယ်အမြဲတင် ကိုယ့်ကိုယ်ကိုယ်အရမ်းစစ်တယ်လို့ သူများတွေမြင်ကြတယ်ပေါ့။ ဂျပန်မှာက ကိုယ့်ကိုယ်ကိုယ်အရမ်း အမွှမ်းတင်တာက ကိုယ့်ကိုယ်ကိုယ် အရမ်းချစ်တဲ့လူဆို သူများ မကြိုက်ဘူး ဆိုတော့ အဲ့ဒီလိုမျိုး။ မြန်မာပြည်မှာကျတော့ အဲ့ဒီလိုမျိုးပိုများတယ်ပေါ့နော်။ အွန်လိုင်းမှာ ဆိုလည်း ဂျပန်မှာ ဆိုရင် အပြင်မှာက အစပေါ့နော် လူတစ်ယောက်ကိုတွေ့ရင် အသက်မမေးရဘူး ၊ လူတစ်ယောက်ကို တွေ့ရင် ဘယ်လောက်ပဲ ပိန်ပိန်ဝဝ အဲ့ဒီစကားတွေထည့်မပြောရဘူး။ အဲ့ဒီလိုမျိုး သူတို့ရဲ့ culture ကိုက အဲဒီလိုဖြစ်နေတာပေါ့နော်။ ဆိုတော့ အွန်လိုင်းမှာဆို ပိုပြီးတော့ မပြောကြဘူး ပေါ့နော်။ မြန်မာပြည်မှာ ကျတော့ အဲဒီလိုမျိုး မစဉ်းစားပဲ ပြောကြတယ်၊ လူတွေကလေ၊ အွန်လိုင်း မပြောနဲ့ ကိုယ်မသိတဲ့လူမပြောနဲ့ ကိုယ်သိတဲ့လူတောင်ပေါ့နော်။ ဟဲ့ နင် ဒီနေ့ဝလာတယ်၊ ပိန်သွား တယ်၊ နင်ရုပ်ဆိုးလိုက်တာ၊ ဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့နော်။ ဒီရဲ့ culture ကိုက အဲဒီလိုမျိုး အငွေ့အသက်လေးတွေရှိနေတဲ့အတွက်ကြောင့် အွန်လိုင်းမှာ လူတွေမမြင် မတွေ့ရတဲ့ အခါမှာကျ ပိုပြီးတော့ ပြောကြတယ်လို့ထင်တယ်၊ ဆိုတော့ အဲဒါလေး နည်းနည်းကွာခြားတယ်ပေါ့နော်။ ဂျပန်မှာကျတော့ ပြောချင်တာတောင် ထိန်းချုပ်တဲ့ culture တစ်ခုရှိတယ်၊ ဒီမှာကျတော့ ပိုပြီးတော့ ပွင့်လင်းတယ်ပေါ့။

မေး။ ။ အဲဒီတော့ ညီမလေးဆိုလို့ရှိရင် ငါးတန်းအောင်ပြီးကတည်းက မိဘတွေကြောင့် ဂျပန်ကို ရောက်သွားတယ်လို့ သိရတယ်ပေါ့နော်၊ အဲဒီတော့ ဂျပန် စပြီးတော့ ရောက်သွားတဲ့အချိန်မှာ ခံစားချက်လေးကို ပြန်ပြီးတော့ Sharing လုပ်ပေးပါလား။

ဖြေ။ ။ ဂျပန်စရောက်တုန်းက Mary က အစက မြန်မာပြည်မှာ အင်္ဂလိပ်ကျောင်း အောင်တော့ အမေရိကားသွားဖို့လုပ်ထားတာ၊ ဆိုတော့ ဖြစ်ချင်တော့ Mary က US မှာ ကျောင်းတက်ဖို့ ဗီဇာက အဆင်မပြေဘူး ဆိုတော့ အမေရှိတဲ့နိုင်ငံကိုသွားလိုက်တာပေါ့နော်၊ Mary က ဂျပန်စကား တစ်လုံးမှ မတတ်ဘဲနဲ့ Mary ဂျပန်ရောက်သွားတယ်။ ဖြစ်ချင်တော့ Mary သွားတဲ့အချိန်က အလယ်တန်းပေါ့နော်၊ အလယ်ဆိုတော့ ကိုးရီးယားတို့ ဂျပန်တို့ရုပ်ရှင်ကားတွေမှာလည်း တွေ့ရမှာပါ Hight School အလယ်တန်းဆိုတာ အဲဒီလိုမျိုး blooming  လေးလုပ်တဲ့ အချိန်ပေါ့ ကလေးတွေက မြောက်ကြွပြီးတော့ အနိုင်ကျင့်တာကို ဂုဏ်ယူတဲ့အချိန်လေး ဖြစ်နေတယ်။ ဆိုတော့ Mary ကသွားတယ်၊ ပြီးတော့ Mary တို့ မြန်မာနိုင်ငံက ဆိုတော့ အဲဒီလိုမျိုး အနိုင်ကျင့်တာကို ရှိခဲ့တယ်ပေါ့။ အဲဒီလိုမျိုး ငယ်ငယ်တုန်းက ရုပ်ရှင်ထဲမှာပဲ တွေ့ဖူးတယ် လမ်းသွားရင် ခြေထောက် ထောက်တာတို့ Toilet ထဲမှာ ပိတ်ထားတာတို့ ကျောင်းသန့်ရှင်းရေးလုပ်ခိုင်းရင် ကိုယ့်ကိုပဲ တံမြက်စည်းတွေပေးပြီး လုပ်ခိုင်းတာတို့၊ အဲဒီလိုမျိုးလေးတွေတော့ ရှိခဲ့တယ်၊ဒီလိုမျိုးထဲမှာ အားသာချက်က ဂျပန်ကလေးတွေ က အင်္ဂလိပ်စာမတတ်ဘူး၊ အင်္ဂလိပ်စာမတတ်တော့ သူတို့က အလယ်တန်းမှာမှ A.B.C စသင်တာ။ ကိုယ်က ဘာပဲပြောပြော အင်္ဂလိပ်စာနည်းနည်း တတ်သွားတယ်ပေါ့။ ဆိုတော့ အဲဒီဖက်မှာ ဂျပန်တွေက အင်္ဂလိပ်စကားပြောတာတတ်ရင် အရမ်းအထင်ကြီးတာ သူတို့က အမေရိကကို အရမ်းအထင်ကြီးတယ်လေ ဗိုလ်လိုပြောတတ်တော့ အရမ်းအထင်ကြီးတယ်ပေါ့နော်။ ဆိ်ုတော့ အဲဒီဖက်မှာ တစ်ဘမ်းသာတယ် ပြီးတော့ Mary က ငယ်ငယ်ကတည်းက တစ်ဦးတည်းသော သမီးဆိုတော့လေ သူများနှိမ်တာ သူများ နှိမ့်ချရင် လုံးဝမခံနိုင်တဲ့ လူမျိုး၊ ပြန်ပြန်ပြီးတော့ တုံ့ပြန်တာပေါ့၊ ဂျပန်စကားမတတ်သော်ငြားလည်း အနိုင်ကျင့်ပြီ ဆိုရင်လည်း Mary က ဆရာနဲ့ သွားတိုင်ပြောတယ်၊ ဆိုတော့ အဲဒီလိုမျိုး ပထမအပိုင်းမှာ အနိုင်ကျင့်တာ ခံရတယ်၊ ဆရာမတွေပါ အနိုင်ကျင့်တယ်ပေါ့နော်။ ဆိုတော့ ရုံးခန်းထဲသွားပြီး ကိုယ်တိုင် ဘာဖြစ်နေတယ်ဆိုတာ သွားငိုပြတယ်၊ ငိုပြတာမဟုတ်ဘူး တကယ်ငိုချတယ်။ အဲ့ဒီလိုမျိုးတွေ လုပ်တော့ နောက်ပိုင်းတော့ အနိုင်ကျင့်တာ မခံရတော့ဘူး၊ အထက်တန်းကတော့ အပျော်ဆုံးပါ။ အထက်တန်းကတော့ ကိုယ့်လို ကလေးတွေ အများကြီးဖြစ်တဲ့အတွက်။

မေး။ ။  Culture  အနေနဲ့လည်း ကွာခြားမှုရှိတယ် ပြီးတော့ ရာသီဥတုအနေနဲ့လည်း ကွာခြားမှု ရှိတယ်။ ဂျပန်နဲ့ မြန်မာဆိုရင်။ အဲဒီတော့ ဂျပန်မှာ နေရတာ ကြိုက်တဲ့အချက်နဲ့ မကြိုက်တဲ့အချက်၊ ပြီးတော့ ရန်ကုန်မှာ နေရတာ ကြိုက်တဲ့အချက်နဲ့ မကြိုက်တဲ့အချက်ဆိုရင်ရော။

ဖြေ။ ။ ဂျပန်မှာ နေရတာ ကြိုက်တဲ့အချက်ကတော့ လူနေမှုစနစ်က အရမ်း ဘာမဆို အဆင်ပြေတယ်။ တစ်ဖက်သားကြောင့် ကိုယ်မသိတဲ့လူ ၊ တစ်ဖက်က သူ့ရဲ့ အပြုအမှုကြောင့် ကိုယ်စိတ်ဆင်းရဲတာက နည်းတယ်။ ဥပမာဆို လမ်းသွားတယ် အဲဒီလိုမျိုး အရမ်း စည်းစနစ်ကျတော့လေ၊ နေထိုင်အသက်ရှင် ရတာ အဆင်ပြေတယ်။ ပြီးရင် Customer service လည်းအရမ်းကောင်းတယ်။ စားသောက်ဆိုင်ပဲ သွားသွား၊ ဘယ်ကိုပဲသွားသွား ကောင်းကောင်းမွန်မွန်ဆက်ဆံတဲ့အတွက်ကြောင့် ကိုယ်က အသက်ရှင်ရတာ အဆင်ပြေတယ်ပေါ့။ ဒီမှာကျတော့ အဲဒီလိုမျိုး တစ်ချို့တွေက Mary မြန်မာပြည်မှာ မကြိုက်ဘူးဆိုတာ Customer service ဆို Service ပိုင်း အနေအထား အရမ်း မကောင်းသေးဘူး၊ မတိုးတက်သေးဘူး။ အဲဒီလိုမျိုး ကိုယ့်ကို မယဉ်မကျေး ဆက်ဆံတာမျိုးတွေရှိတယ်၊ အဲဒီလိုမျိုးလေးတွေပေါ့။ ပြီးရင် စည်းကမ်းမရှိတာလေးတွေရှိတယ်။ ဒါကတော့ မြန်မာပြည်မှာ Mary သိပ်သဘောမကျတဲ့ အချက်ပေါ့။ သဘောကျတဲ့ အချက်ကျ မြန်မာပြည်က လူတွေက ပွင့်လင်းတယ် ခင်ဖို့ကောင်းတယ် တကယ် မခင်ဘူးဆိုရင်လည်း မခင်ဘူး စိတ်ထဲကနေ ပြတ်ပြတ်သားသား သိရ တယ်။ ခင်တယ်ဆိုရင် ခင်တဲ့စိတ်ကပြတ်ပြတ်သားသား။ ဂျပန်မှာကျ အဲဒီလိုမဟုတ်ဘူး ခင်ခင်မခင်ခင် ပြုံးပြတယ် ပြီးရင် ကိုယ့်နောက်မှာ မဟုတ်တာတွေပြောတယ် ။ မြန်မာပြည်မှာ ကျတော့ အားလုံးက တစ်စုတစ်စည်းတည်း ရှိတယ်။ ပွင့်လင်းရင်းရင်းနှီးနှီးရှိကြတယ်။ ပြီးတော့ မတိုးတက်သေးလို့လည်း ဖြစ်မယ်ပေါ့နော်။ တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်ကူညီကြတယ်။ ဂျပန်ကျတော့ Mary တို့ ကိုယ့်အိမ်နီးနားချင်းတောင် ဘယ်သူလဲဆိုတာ ဆယ်နှစ်လောက်နေတောင် မသိရဘူးပေါ့နော်။ အဲဒီလိုမျိုးလေးတော့ရှိတယ်။

မေး။ ။   Life Style နဲ့ ပတ်သက်ပြီးတော့ ပေါ့နော်။ ပြီးတော့ ညီမလေးအနေနဲ့ အနုပညာကို ဘယ်အချိန်လောက်တည်းက စပြီးတော့ ပိုးပါသလဲ။

ဖြေ။ ။ Mary ကလည်း Mary အဖေက သီချင်းတွေရေးတယ်၊ သီချင်းတွေတီးတယ်ပေါ့နော်၊ သူအခွေတွေလည်း ထုတ်ဖူးတယ်။ ဒါပေမယ့် သူမအောင်မြင်ဘူးပေါ့နော်။ ဆိုတော့ Mary က ငယ်ငယ်လေးကတည်းက ပိုးပါတယ်။ ငယ်ငယ်လေးကတည်းက ဂစ်တာတွေတီး သီချင်းတွေရေး အဲဒီလိုမျိုးပေါ့နော်။ သီချင်းရေးတာကကျတော့ Mary ခြောက်နှစ်လောက်ထဲက၊ Mary ကိုးရီးယားကား တွေကြည့်တယ်လေ။ အဲဒီတုန်းက ဘာခေတ်စားနေလဲဆိုတော့ ကိုးရီးယား သီချင်းပြန်ဆိုတေး ခေတ်စားနေတယ်။ အဲဒီလိုမျိုး အွန်ဆောရဲ့ ဆောင်းဦးရွက်ကြွေချစ်သက်သေ ၊ အချစ်စံအိမ် သီချင်း တွေ ခေတ်စားနေတယ်၊ ဆိုတော့ Mary က အဲဒီမှာ ကိုးရီးယားသီချင်းလေးတွေကို ပြန်ပြီးတော့ နားထောင်ပြီးတော့ မြန်မာစာလုံးလေးတွေပြန်ထည့်ပေါ့။ အဲဒါ သီချင်းစရေးဖြစ်ခဲ့တာ ပေါ့နော်။ တစ်ဖြေးဖြေးနဲ့ ကိုယ်ပိုင် သံစဉ်တွေပါရေးတယ်။ သီချင်းတွေသိလာတော့ ကိုယ်ပိုင်သံစဉ်လည်းရေးဖြစ်တယ်၊ ဆိုတော့ ငယ်ငယ်လေးကတည်းက အနုပညာပိုးအရမ်းပါတယ်။

မေး။ ။  ဝဲ ပြီးတဲ့နောက်မှာ ခုနပြောတဲ့ တိုက်ခိုက်မှုလေးတွေလည်း ကြုံရတယ်၊ ဝေဖန်မှုတွေလည်း ကြုံရတယ်ဆိုတော့ ၊  မက်စ် ကတော့ ရေးထားပြီးသားပေါ့နော်။ အဲဒီတော့ ဒီ ဝဲ နဲ့ မက်စ် နဲ့ ကြားထဲမှာ ကိုယ်ပြန်ပြီးတော့ နလန်ထဖို့ ဘယ်လောက် အချိန်ပြန်ယူလိုက်ရလဲ။

ဖြေ။ ။ တစ်လ နှစ်လလောက်တော့ ပျောက်သွားတယ်ထင်တယ်။ ပျောက်သွားတုန်းကလဲ မက်စ် ရဲ့ ထရီဆာ လေးက တင်ပြီးသွားပြီ ဆိုတော့ အားလုံးက မက်စ် နားထောင်ချင်တာ။ ပြန်လာခဲ့ပါ ဆိုပြီး အဲဒီစကားလုံးကို Message တွေပို့လာတယ်။ ပြီးတော့ တကယ့် အနုပညာရှင် မတင်ဇာမော်တို့ အဲဒီလိုမျိုး အနုပညာရှင် အကြီးကြီးတွေက ပြန်ခေါ်ကြတယ်။ Mary ရေပြန်လာပါ အဲဒီလိုမျိုးဆိုတော့၊ အဲဒီလိုအားအင်တွေနဲ့ပေါ့ ၊ Mary က ကိုအဝေး နဲ့ တိုင်ပင်လိုက်တယ်ပေါ့ ၊ ခုနှစ်လပိုင်း တစ်ရက်နေ့ ကျရင် Mary တို့ ပြန်ပြီးတော့ ဖွင့်မယ် ။ အွန်လိုင်းတင်မယ် ဆိုပြီးတော့ Date တစ်ခု သတ်မှတ်လိုက် တယ် ဆိုတော့ အဲဒီကြားထဲမှာ တိုက်တိုက်ဆိုင်ဆိုင် personal attack တွေလည်း ရှိတယ်၊ ဒါပေမယ့် အဲဒီရက်ကိုတော့ လုံးဝတင်မယ် လို့ သတ်မှတ်ထားတယ်။ အဲဒီရက်မှာ ပြန်ပြီးတော့ တင်ထားလိုက် တယ်ပေါ့။ အဲဒီလိုမျိုးလေးပါပဲ။    ။

 
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required