‘ရခိုင်ပြည်နယ် မြောက်ပိုင်းမှ ရက်စက် ကြမ်းကြုတ်မှုများကို မှတ်တမ်းတင်ခြင်း’ အမည်ရှိ စစ်တမ်းတစ်ခု ထွက်ရှိ

‘ရခိုင်ပြည်နယ် မြောက်ပိုင်းမှ ရက်စက် ကြမ်းကြုတ်မှုများကို မှတ်တမ်းတင်ခြင်း’ အမည်ရှိ စစ်တမ်းတစ်ခု ထွက်ရှိ
၂၀၁၇ ခုနှစ် သြဂုတ်လအတွင်း မောင်တောမြို့၌ လုံခြုံရေးများကိုတွေ့မြင်ရစဉ်။ ဓာတ်ပုံ - ဇေယျာမော်

ရန်ကုန် ၊ ဒီဇင်ဘာ ၁၈ ။              ။ ရခိုင်ပြည်နယ်အတွင်း၌ ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုဖြစ်စဉ်များအပြီးတွင် ‘ရခိုင်ပြည်နယ် မြောက်ပိုင်းမှ ရက်စက် ကြမ်းကြုတ်မှုများကို မှတ်တမ်းတင်ခြင်း’ အမည်ရှိ စစ်တမ်းတစ်ခုထွက်ရှိလာခဲ့သည်။

ယင်းစစ်တမ်းအား အမေရိကန်နိုင်ငံ ဒီမိုကရေစီ၊ လူ့အခွင့်ရေးနှင့်အလုပ်သမားဗျူရို (DRL) ၏ရန်ပုံငွေ ကူညီ ထောက်ပံ့မှုဖြင့် ထောက်လှမ်းရေးနှင့်သုတေသနဗျူရို (INR) သည်ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားခရိုင်ရှိ ဘင်္ဂါလီ(မူရင်းရိုဟင်ဂျာ ဖော်ပြ) ဒုက္ခသည်၁,၀၂၄ ဦး၏ ကိုယ်တွေ့အတွေ့အကြုံများကို ၂၀၁၈ ခုနှစ် နွေရာသီ၌ ကောက်ယူထားခြင်းလည်းဖြစ်သည်။

စစ်တမ်းကောက်ယူမှု၏ ရည်ရွယ်ချက်မှာ “အကြမ်းဖက်မှုကာလအတွင်း မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ် မြောက်ပိုင်း တွင် နေထိုင်သူများအားကျူးလွန်ခဲ့သော ရက်စက်ကြမ်းကြုတ်မှုများအား သက်သေအထောက်အထား ပြရန် ဖြစ်ပါသည်” ဟုဆိုပြီး အစီရင်ခံစာ၏ ထိပ်ပိုင်းတွင် ရေးသာားဖော်ပြထားသည်။

ဒုက္ခသည်များ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် အကြမ်းဖက်မှုများအား ထဲထဲဝင်ဝင်သိရှိစေရန်အတွက် စစ်တမ်း အတွင်း၌ ဒုက္ခသည်များတွေ့ကြုံခဲ့ရသည့်ဖြစ်ရပ်များ၏ ပုံစံကိုဖော်ပြထားပြီး တစ်ဆင့်စကားများကိုမှု မှတ်တမ်းတင်ခြင်းမပြုလုပ်ထားပါဟု ရေးသားထားသည်။

စာမျက်နှာ ၂၉ မျက်နှာ ရှိသည့် ယင်းစစ်တမ်းတွင် ဘင်္ဂါလီ(မူရင်း ရိုဟင်ဂျာ ဖော်ပြ)များအား တပ်မတော်မှ နေရပ်စွန့်ခွာရန် အတင်းအကျပ်ဖိအားပေးခြင်း ၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း ၊ အမျိုးသမီးများအား အဓမ္မ ပြုကျင့်ခြင်း စသည့် ရက်စက်ကြမ်းကြုတ်မှုများကို မှတ်တမ်းတင်ထားသည်။

စစ်တမ်းတွင် ပါဝင်ဖြေဆိုသူများ၏ အများစုက သတ်ဖြတ်မှုများကို မျက်မြင်ကြုံတွေ့ခဲ့ရပြီး ဖြေဆိုသူ ထက်ဝက် ခန့်က လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကိုတွေ့ကြုံခဲ့ရကြောင်း ဖြေဆိုခဲ့သည်။ ဘင်္ဂါလီ(မူရင်း ရိုဟင်ဂျာ ဖော်ပြ) များက ၎င်းတို့တွေ့ကြုံခဲ့သည့် သတ်ဖြတ်မှုများ သို့မဟုတ် အနာတရဖြစ်မှုများ၏ ၈၄% သည် မြန်မာ တပ်မတော်က ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုထားသည်။

 

ဖြစ်ရပ်တစ်ခုတွင် စစ်တပ်၏ နယ်မြေအကြီးအကဲများနှင့်ရဲတပ်ဖွဲ့တို့က ပတ်ဝန်းကျင်ကျေးရွာများမှ မွတ်ဆလင် ခေါင်းဆောင် ၂၅ ဦးကိုခေါ်ယူကာ ရွာများမှ ထွက်သွားမည်လား သို့မဟုတ် အသတ်ခံမည်လား သို့မဟုတ် မီးရှို့ခံမည်လားဟု ပြောကြားခဲ့သည်ဟုလည်း ယင်းစစ်တမ်းတွင်ဖော်ပြထားသည်။ ယင်းပြောဆိုချက်များသည် ဘင်္ဂါလီ(မူရင်း ရိုဟင်ဂျာဖော်ပြ) များအား နေရပ်စွန့်ခွာပြီး ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးရန် တပ်မတော်မှ ဖိအားပေးသည့် သဘောဖြစ်နေသည်။

 

ယင်းစစ်တမ်းနှင့်ပတ်သက်ပြီး မြန်မာအစိုးရမှ တစ်စုံတရာ တုံ့ပြန်ပြောဆိုမှု မရှိသေးပေ။ သို့သော်လည်း ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုဖြစ်စဉ်များအပြီးတွင် ဖြစ်ပွားခဲ့သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများအား တိုင်ကြားနိုင်သည်ဟု လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌ သံအမတ်ကြီး ရိုဆာရီယိုမယ်နာလိုက ပြောဆိုထားသည်။

 

ယင်းသို့ တိုင်ကြားလာသည့် အချက်အလက်များကို ကော်မရှင်မှ လျှို့ဝှက်ထားမည်ဖြစ်ပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃၁ ရက် နောက်ဆုံးထားပြီး တိုင်ကြားရန်  ကော်မရှင်က ဆိုသည်။ တိုင်ကြားလာသည့်အချက်အလက်များ ခိုင်မာစေရန် တိုင်ကြားသူများကို ကော်မရှင်မှ တွေ့ဆုံသွားမည်ဖြစ်ပြီး သက်သေထွက်ဆိုလိုပါကလည်း ကော်မရှင်ထံ ကြိုတင် အသိပေးကာ နှစ်ဦးနှစ်ဘက် အဆင်ပြေနိုင်မည့် အချိန်နှင့် နေရာကို ကော်မရှင်မှ စီစဉ် ဆောင်ရွက်ပေးသွားမည်ဟုလည်း ဆိုသည်။ အဆိုပါကော်မရှင်သည် မြန်မာအစိုးရက ဖွဲ့စည်းပေးထားသည့် ကော်မရှင်လည်း ဖြစ်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required