မောင်တောမြို့နယ်တွင် ကျပ်သိန်း နှစ်ထောင်ကျော် တန်ဖိုးရှိ WY စိတ်ကြွဆေးပြားများ ဖမ်းမိ

By မျိုးထွန်းနိုင်
17 December 2018
မောင်တောမြို့နယ်တွင် ကျပ်သိန်း နှစ်ထောင်ကျော် တန်ဖိုးရှိ WY စိတ်ကြွဆေးပြားများ ဖမ်းမိ
ဓာတ်ပုံ- မြန်မာနိုင်ငံရဲတပ်ဖွဲ့

ရန်ကုန်၊ ဒီဇင်ဘာလ ၁၇ ။           ။ မောင်တောမြို့နယ်၊ မြို့မအနောက်ရပ်ကွက်၊ စည်ပင်သာယာဈေးအပေါ်ထပ်ရှိ အခန်းအတွင်းမှ မားမား ခေါက်ဆွဲဖာများဖြင့်ထည့်ထားသည့် WY စိတ်ကြွဆေးပြား ၁၁၄၀၀၀၀ ပြား ကာလတန်ဖိုးကျပ်သိန်း ၂၂၈၀၀၀၀၀၀၀ အား ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက် နေ့လယ် ၁၂ နာရီခန့်တွင် ပူးပေါင်းအဖွဲ့မှမောင်တောမြို့၊ မြို့မ အနောက် ရပ်ကွက်၊ စည်ပင်သာယာဈေးအပေါ်ထပ်ရှိ မာမတ်ဆီဒိန်(စိစစ်ဆဲ)ငှားရမ်းဖွင့်လှစ်ထားသည့် သော့ခတ်ပိတ်ထားသောဆိုင်ခန်းအမှတ်(1A-7)အား ဝင်ရောက်ရှာဖွေရာ ဆာလာအိတ် ၃ အိတ်အတွင်း မားမားခေါက်ဆွဲဖာများဖြင့်ထည့်ထားသည့် WY စိတ်ကြွဆေးပြား ၁၁၄၀၀၀၀ ပြား( ၁ ပြားလျှင် ၂၀၀၀ ကျပ်နှုန်းဖြင့် ၂၂၈၀၀၀၀၀၀၀ ကျပ်)အား ဖော်ထုတ်ရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိမှုသည် မောင်တောမြို့နယ်၊ မောင်တော-ဘူးသီးတောင်သွားကားလမ်း၊ (၆)မိုင် စစ်ဆေးရေး ဂိတ်တွင် YGN 2J/------ Nissan UD ယာဉ်ပေါ်၌ မားမားခေါက်ဆွဲဖာများဖြင့်ထည့်ထားသည့် စိတ်ကြွဆေးပြား ၁၉ သိန်း ကျော်နှင့်အတူ ဖမ်းဆီးရမိသည့် တရားခံ ညီမျိုးသန့်နှင့် အာဇီဇူလောင် တို့ ၂ ဦး၏ အစစ်ခံ ထွက်ဆို ချက်များအရ ကွင်းဆက်လိုက်ခြင်းဖြင့် ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန် ခဲ့သည်။

ထိုဖြစ်စဉ်အတွက် မောင်တောမြို့မရဲစခန်းမှ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေနှင့်အညီ အမှုဖွင့်စစ်ဆေးနေပြီး ကွင်းဆက်များကို ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly