တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်ချက် သုညရာခိုင်နှုန်း ရရှိသည့်ကျောင်းများကို ပညာရေးဝန်ကြီးဌာနမှ ကူညီမည်

တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်ချက် သုညရာခိုင်နှုန်း ရရှိသည့်ကျောင်းများကို ပညာရေးဝန်ကြီးဌာနမှ ကူညီမည်

နေပြည်တော်၊ ဒီဇင်ဘာ ၁၇ ။         ။ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အောင်ချက် သုညရာခိုင်နှုန်းရရှိသည့် ကျောင်းများစာရင်းတွင် အထက်တန်း ကျောင်းအချို့ ပါဝင်နေပြီး အထက်တန်းကျောင်းခွဲများမှာ အများဆုံးဖြစ်နေသည့်အတွက် ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ပြောကြားသည်။

“ဘာသာရပ်ကျွမ်းကျင် ပါမောက္ခများပညာရှင်များနဲ့ သင်ခန်းစာပို့ချချက်များကိုလည်း ပညာရေးဝန်ကြီးဌာန အနေနဲ့ ဗွီဒီယိုရိုက်ကူးပြီးတော့ အိုင်တီ Devices များကို ဖြန့်ဝေပြီးတော့မှ၊ Offline အနေနဲ့ အထကခွဲ ကျောင်းတွေနဲ့ အောင်ချက်နည်းတဲ့ကျောင်းတွေကို ဗွီဒီယိုဖိုင်တွေကို ဖြန့်ဝေပြီး ကျောင်းသား၊ ကျောင်းသူများ ၊ ဆရာ၊ ဆရာမများ သင်ယူလေ့လာနိုင်ဖို့လို့အတွက်ကိုလည်း စီစဉ်ဆောင်ရွက်ပေးသွားမယ်” ဟု ပညာရေးဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ပြောကြားသည်။

ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၅) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးညီစိန် မေးမြန်းခဲ့သည့် တက္ကသိုလ်ဝင်တန်းအောင်ချက် သုညရာခိုင်နှုန်းဝန်းကျင်ရှိ အခြေခံပညာအထက်တန်းကျောင်းများကို အခြေခံပညာအလယ်တန်းကျောင်းများအဖြစ် အဆင့်မြှင့်တိုးပေးရန် အစီအစဉ် ရှိ/ မရှိ မေးခွန်းနှင့် စပ်လျဉ်းပြီး ယနေ့ လွှတ်တော်အစည်းအဝေးတွင်း ဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ တောနယ်ဘက်မှ အခြေခံပညာအထက်တန်းကျောင်းများအနက် အချို့ကျောင်းများဟာ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် တန်းလုံးကျွတ်ကျရှုံးခြင်း (သို့) ၁ ရာခိုင်နှုန်း (သို့) ၂ ရာခိုင်နှုန်းသာ အောင်မြင်ခဲ့သည့်နှစ်သည် ၃ နှစ်၊ ၄ နှစ်ခန့် ရှိပြီဖြစ်ကြောင်းနှင့် သင်ကြားပေးသူများသည် နယ်ခံ၊ ရွာခံ ဆရာ၊ဆရာမများဖြစ်ခြင်း၊ အခြား မြို့ကျောင်းများမှ ပြသနာတစ်ခုကြောင့် ဖိတ်စင်လာသည့် ဆရာ၊ ဆရာမများ ရှိခြင်း၊ အသောက်အစား လွန်ကျွံသည့်ဆရာများ စုပြုံနေသည့်ကျောင်းများဖြစ်နေကြောင်း” ကိုလည်း ဦးညီစိန်က မေးခွန်းမေးစဉ် ပြောဆိုခဲ့ပါတယ်။

၂၀၁၇ ခုနှစ်အတွက် အောင်ချက် သုညရာခိုင်နှုန်းရရှိခဲ့သည့် ပြည်နယ်နှင့်တိုင်းအသီးသီးရှိကျောင်းများအနက် ချင်းပြည်နယ်တွင် အထက ကျောင်း (၅)ကျောင်းနှင့် အထက(ခွဲ) (၂၀)ကျောင်း၊ ရှမ်းပြည်နယ်တွင် အထက (၁၀)ကျောင်း၊ အထက(ခွဲ)(၉)ကျောင်းတို့သည် အများဆုံးပါဝင်နေပြီး သုညရာခိုင်နှုန်းရရှိခဲ့သည့် စုစုပေါင်း (၁၃၁) ကျောင်းတွင် အထက(၂၅) ကျောင်းနှင့် အထက(ခွဲ) (၁၀၆)ကျောင်းများ ပါဝင်နေသည်။

ထို့ပြင် ၂၀၁၈ခုနှစ်အတွက် အောင်ချက် သုညရာခိုင်နှုန်းရရှိခဲ့သည့် ပြည်နယ်နှင့်တိုင်း အသီးသီးရှိ ကျောင်းများ အနက် ချင်းပြည်နယ်တွင် အထက(၈)ကျောင်း၊ အထက(ခွဲ)(၁၉)ကျောင်းနှင့် ရှမ်းပြည်နယ်တွင် အထက(၁၄) ကျောင်း၊ အထက(ခွဲ) (၁၅) ကျောင်းတို့ အသီးသီးရှိခဲကြပြီး စုစုပေါင်း (၁၇၂)ကျောင်းတွင် အထက(၃၉) ကျောင်း၊ အထက(ခွဲ) (၁၂၂ကျောင်း - ၇၀.၉၃%) တို့ ပါဝင်ခဲ့ကြသည်။

“အထက(ခွဲ)တွေသည် ကျောင်းအဆင့်တိုးလိုက်တဲ့ အချိန်မှာ အထက်တန်းပြ ဆရာ၊ ဆရာမကို ကျောင်း အဆင့်တိုးတဲ့နှစ်မှာ ဖြည့်ဆည်းပေးဖို့လို့ဆိုတာ အင်မတန် ခက်ခဲပါတယ်။ ဒါကြောင့်မို့လို့ အထကခွဲတွေသည် ကျောင်းအဆင့်တိုးကာစကာလမှာ၊ ကျွန်တေ်ာတို့ အောင်ချက်မြင့်မားဖို့လို့ဆိုတာ အချိန်ယူပြီးတော့ ပြင်ဆင် ဆောင်ရွက်ရတာ ဖြစ်ပါတယ် ” ဟု ဒေါက်တာမျိုးသိမ်းကြီးက အထက်တန်းကျောင်းခွဲများတွင် အောင်ချက် နည်းရခြင်းအပေါ် ရှင်းပြခဲ့သည်။

လက်ရှိတွင် အခြေခံပညာ အထက(ခွဲ)များသည် နှစ်စဉ် များပြားနေသည့်အတွက် အထက်တန်းပြ ဆရာ၊ ဆရာမများကို ခွဲဝေခန့်ထားရေးအတွက် လုံလောက်သည့် အနေအထားတွင် မရှိကြောင်းလည်းသိရသည်။

အောင်ချက် ၂၀ ရာခိုင်နှုန်းအောက်ရှိသော ကျောင်းများ၊ ၁၀ ရာခိုင်နှုန်းအောက်ရှိသောကျောင်းများနှင့် သုည ရာခိုင်နှုန်းရှိသော ကျောင်းများ မှ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမ များအား ၂၀၁၉ ခုနှစ်တွင်အောင်ချက် တိုးတက်လာစေရေးအတွက် မြို့နယ်၊ ခရိုင်၊ တိုင်း၊ ပြည်နယ်အဆင့် ကြီးကြပ်အကဲဖြတ်အဖွဲ့များက မကြာခဏ သွားရောက်အကဲဖြတ်ကြီးကြပ်ကူညီသွားမည်ဟု ပညာရေးဝန်ကြီးဌာနမှ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly