အသုံးမပြုသည့် မြေလွတ်မြေရိုင်း ဧကနှစ်သိန်းခန့်ကို ပြန်သိမ်းပြီး စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်လိုသူများကို ချထားပေးမည်

အသုံးမပြုသည့် မြေလွတ်မြေရိုင်း ဧကနှစ်သိန်းခန့်ကို ပြန်သိမ်းပြီး စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်လိုသူများကို ချထားပေးမည်

မကွေး၊ ဒီဇင်ဘာ ၁၇ ။          ။ မကွေးတိုင်းဒေသကြီးအတွင်း၌ လုပ်ကိုင်ခွင့်ရယူထားကာ အသုံးပြုခြင်းမရှိသည့် မြေလွတ်မြေရိုင်း ဧက(၂) သိန်းခန့်ကို ပြန်လည်သိမ်းယူပြီး စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်လိုသူများကို ချထားပေးမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မှ သိရသည်။

အဆိုပါမြေများကို ဝန်ကြီးဌာန၏ ကြိုတင်ခွင့်ပြုချက် ၊ ဒေသအာဏာပိုင်အဖွဲ့၏ ကြိုတင်ခွင့်ပြုချက် ၊ ဗဟို အဖွဲ့ခွင့်ပြုချက် ၊ ဗဟိုကော်မတီ ခွင့်ပြုချက်၊ တိုင်းလုပ်ငန်းအဖွဲ့ခွင့်ပြုချက်စသည့် ခေါင်းစဉ်များဖြင့် မကွေးတိုင်း ဒေသကြီးအတွင်းရှိ မြေလွတ်မြေရိုင်း (၂၀၄၅၃၁) ဧကအား လူပုဂ္ဂိုလ် နှင့် အဖွဲ့အစည်း(၁၁၆)ခုမှ လုပ်ကိုင်ခွင့် ရယူခြင်းများရှိခဲ့ကြောင်း သိရသည်။

ထိုအထဲမှ မြေ ၅၁၇၉ ဧကကိုသာ အကောင်အထည် ဖော်ထားသည်ကိုစီစစ်တွေ့ရှိရပြီး (၁၉၉၃၅၂)ဧကကို ပြန်လည်သိမ်းဆည်းရန် လုပ်ဆောင်ခဲ့ရကြောင်း မကွေးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေး နှင့် စာရင်းအင်းဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးဇော်ဝင်း က ပြောသည်။

“ တိုင်းအဆင့်ရယ် ၊ အထူးအဖွဲ့ရယ် စစ်ပြီးပြီ။ လုပ်ကိုင်ခွင့်ရယူထားသူတွေကိုထုတ်ပေးထားတဲ့ Certificate တွေကို ပြန်သိမ်းပြီးတော့ လက်ရှိလုပ်နေသလောက်နေရာကိုပဲ Certificate ထုတ်ပေးမှာပါ။ ကျန်တဲ့နေရာ တွေကို အော်တိုမစ်တစ် သိမ်းပြီးသားဖြစ်သွားပါပြီ။ အဲဒီ့မြေထဲကလည်း လျှောက်လို့ရပါတယ်။ ကိုယ်စိုက်ပျိုး နေတာက မြေလွတ်မြေရိုင်းဆိုရင်လည်း တရားဝင်လျှောက်ထားရယူရပါမယ်။ ဥပဒေအသစ်က အကျိုးခံစားခွင့် တွေ ၊ ပြစ်မှုပြစ်ဒဏ်တွေနဲ့ ထိရောက်လာမှာဖြစ်တဲ့အတွက် သက်ဆိုင်ရာမြို့နယ်တွေမှာ လျှောက်လွှာတွေ ရယူပြီး ၆လအတွင်းလျှောက်ထားဖို့လိုပါတယ် ” ဟု ၄င်းကဆိုသည်။

ယခင်က တိုင်းဒေသကြီးအဆင့်တွင် စိုက်ပျိုးမြေနှင့်ပတ်သက်၍ ဧက(၅၀)သာခွင့်ပြုနိုင်ခဲ့ပြီး ၂၀၁၈ခုနှစ် စက် တင်ဘာ ၁၁ ရက်နေ့က အတည်ပြုခဲ့သော မြေလွတ်မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေအရ စိုက်ပျိုးရေးလုပ်ငန်းအတွက် ဧက ၃၀၀ ထိ၊ မွေးမြူရေးလုပ်ငန်းအတွက် ဧက ၅၀ ထိ ခွင့်ပြု နိုင်တော့မည်ဖြစ်သည်။

ထို့အပြင် အဆိုပါမြေများကို လုပ်ကိုင်လိုပါက ၂၀၁၈ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့မှ ၂၀၁၉ခုနှစ် မတ်လ ၁ဝရက်နေ့ အထိ ၆လ အတွင်း လျောက်ထားနိုင်ကြောင်း မကွေးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မှ သိရသည်။

“ လျှောက်မယ့်သူက မိမိစိုက်ပျိုးလိုတဲ့ မြေနေရာကို ကိုယ်တိုင်သွားကြည့်ပြီးတော့မှ ဘယ်မြို့နယ်၊ ဘယ်အုပ်စု ထဲမှာပါတယ်။ မြေလွတ်မြေရိုင်းလား။ သစ်တောမြေလား။ စားကျက်မြေလား စသည်ဖြင့် သိပြီးမှလျောက်လို့ ရမှာပါ။ မြေအရှုပ်အရှင်းမရှိတဲ့ နေရာမျိုးဆို မြန်မြန်ဆန်ဆန်ရသွားမယ်။ သက်ဆိုင်ရာနေရာတွေမှာ စုံစမ်းပြီးမှ လုပ်ရင် ကောင်းပါမယ်။ ဝန်နဲ့အား၊ လေးနဲ့မြားချိန်ပြီး ကိုယ်တစ်ကယ်လုပ်နိုင်တဲ့ မြေပမာဏကိုသာ လျောက်ထားရယူစေလိုပါတယ် ” တိုင်းဦးစီးမှူးက ပြောသည်။

လျှောက်ထားရယူလိုသည့်မြေအတွက် တစ်ဧကလျင် ပရီမီယံကြေးတစ်သောင်းကျပ်ပေးသွင်းရမည်ဖြစ်ကာ ၄ နှစ်အတွင်း အကောင်အထည်ဖော်ပြီးမြောက်ရမည်ဖြစ်ကြောင်း ၊ အကောင်အထည်မပေါ်ပါက ပရီမီယံကြေးများ ဆုံးရှုံးမည်ဖြစ်ကာ အောင်မြင်ပါက သွင်းထားသောပရီမီယံကြေးများအပြင် ရာသီ သီးနှံ (၃)နှစ်စိုက်ပျိုးပြီး နောက်ပိုင်း၌ ပေါင်နှံရောင်းချခွင့်ရှိသော ပုံစံ(၇)လက်မှတ်များ ရရှိခံစားရမည်ဖြစ်ကြောင်း ၊မြေလွတ်မြေရိုင်း တည်ရှိရာ ဒေသခံများအနေဖြင့်လည်း အမှန်အကန်လုပ်မည့်သူများကို နားလည်မှုပေးပြီး မျှမျှတတ လုပ်သင့် သည်ဟု ယူဆကြောင်း တိုင်းဦးစီးမှူး က ပြောကြားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly