ပလတ်စတစ်ပစ္စည်းများ လုံးဝမသုံးဘဲ ၂ နှစ်ကျော်နေလာခဲ့သူ မက္ကဆီကိုအမျိုးသမီး

ပလတ်စတစ်ပစ္စည်းများ လုံးဝမသုံးဘဲ ၂ နှစ်ကျော်နေလာခဲ့သူ မက္ကဆီကိုအမျိုးသမီး

ဒီဇင်ဘာ ၁၇ ။           ။ မက္ကဆီကိုအမျိုးသမီးဖြစ်တဲ့ ကက်ဘရီယယ်လာ ဘေဇာဟာ ပလတ်စတစ်အမှိုက်တွေ စွန့်ပစ်စရာမလိုအောင် နေထိုင်လာခဲ့တာ ၂ နှစ်ကျော်ရှိလာခဲ့ပြီဖြစ်ပါတယ်။

ကက်ဘရီယယ်လာ ဘေဇာဟာ ၎င်းရဲ့ နေထိုင်မှုဘဝပုံစံကို El Reto (စိန်ခေါ်မှု) အမည်ရ ဗွီဒီယိုနဲ့ ရိုက်ကူးပြီး ၎င်းရဲ့ Facebook စာမျက်နှာပေါ်တင်ခဲ့ရာမှ နာမည်ကျော်ကြားလူသိများလာခဲ့တာဖြစ်ပါတယ်။

ပလတ်စတစ်အိတ်တွေ၊ ပလတ်စတစ်နဲ့ ထုတ်ပိုးထားတဲ့ ပစ္စည်းတွေ မသုံးဘဲ ၂ နှစ်ကျော် နေလာခဲ့တဲ့ ကက်ဘရီယယ်လာ ဘေဇာရဲ့ စီမံကိန်းဟာ လာမယ့် မေလမှာ ၃ နှစ်ပြည့်မှာဖြစ်ပါတယ်။

ကက်ဘရီယယ်လာ ဘေဇာဟာ ငယ်ငယ်လေးကတည်းက ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်မှုကို စိတ်ဝင်စားခဲ့သလို မက္ကဆီကို National Autonomous University မှာ ပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံပညာရပ်နဲ့ ကျောင်းပြီးထားတာဖြစ်ပါတယ်။

ပင်လယ်ပြင်မှာ သောင်တင်နေတဲ့ အမှိုက်သရိုက်တွေဟာ ရေနေသတ္တဝါလေးတွေကို အန္တရာယ်ဖြစ်စေမှာကို သိရှိလာတဲ့အခါ ကက်ဘရီယယ်လာ ဘေဇာဟာ ပလတ်စတစ်အမှိုက်တွေ စွန့်ပစ်စရာမလိုအောင် စတင်ကျင့်သုံးခဲ့တာဖြစ်ပါတယ်။

ပတ်ဝန်းကျင်ထိန်းသိမ်းတဲ့ ပထမအဆင့်အနေနဲ့ ၎င်းဟာ အိတ်တွေနဲ့ ထုတ်ပိုးထားတဲ့ အစားအစာတွေကို မဝယ်ဘဲ အစားအစာတွေထည့်ဖို့ ပလတ်စတစ်မဟုတ်တဲ့ အိတ်တွေ၊ ဘူးတွေကို သုံးစွဲခဲ့တယ်လို့ သိရပါတယ်။

ဒုတိယအဆင့်မှာတော့ ကက်ဘရီယယ်လာ ဘေဇာဟာ တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက် အိတ်နဲ့ ထုတ်ပိုးမထားတဲ့ ဆပ်ပြာ၊ ၀ါးနဲ့လုပ်ထားတဲ့ သွားပွတ်တံကို သုံးစွဲသလို မုန့်ဖုတ်ဆိုဒါနဲ့ အုန်းဆီကို ရောပြီး သွားတိုက်ဆေးအဖြစ် အသုံးပြုခဲ့တာဖြစ်ပါတယ်။

ဒါအပြင် ၎င်းဟာ မုန့်ဖုတ်ဆိုဒါနဲ့ ရှာလကာရည်ကို အိမ်သန့်ရှင်းရေးလုပ်ဖို့အတွက် အသုံးပြုကြောင်း၊ ပြန်ဆေးပြီး ပြန်သုံးလို့ရတဲ့ ပန်းကန်တွေကိုသာ အသုံးပြုကြောင်း သိရှိရပါတယ်။

အပြင်သွားတဲ့အခါတိုင်းမှာလည်း ကက်ဘရီယယ်လာ ဘေဇာဟာ ရေဘူးတစ်ဘူး၊ ၀ါးနဲ့လုပ်ထားတဲ့ ဇွန်းခက်ရင်း၊ အစားအစာထည့်ဖို့ ဘူးတစ်ဘူးကို အမြဲသယ်သွားလေ့ရှိတယ်လို့ သိရပါတယ်။

“အရင်တုန်းကတော့ အိမ်ကလူတွေက ဒါမျိုးလုပ်တာကို သဘောမကျဘူး။ ကြာလာတော့ သူတို့လည်း လက်ခံလာတယ်။ နောက်လည်း ဒီလိုပဲ ဆက်လုပ်ရင်း သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းသွားပါမယ်။”လို့ ကက်ဘရီယယ်လာ ဘေဇာကပြောပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required