တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ဦးလှအေးကို တိုင်းလွှတ်တော်အတည်ပြု

တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ဦးလှအေးကို တိုင်းလွှတ်တော်အတည်ပြု

ရန်ကုန်၊ ဒီဇင်ဘာ ၁၇ ။         ။ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်အဖြစ်   ယခင်တိုင်းတရားသူကြီးဖြစ်ခဲ့သည့် ဦးလှအေးကို  ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က ဒီဇင်ဘာလ ၁၇ ရက်က အတည်ပြုခန့်အပ်ခဲ့သည်။

တိုင်းတရားသူကြီး ဖြစ်ခဲ့သည့် ဦးလှအေးမှာ နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကိုယ်တိုင် အမည်စရင်းတင်သွင်းခဲ့သူဖြစ်ပြီး ဒီဇင်ဘာ ၁၇ ရက်က ကျင်းပသည့် အရေးပေါ်အစည်းအဝေး တတိယနေ့မြောက်တွင်အတည်ပြု ခန့်အပ်ခံခဲ့ရခြင်းဖြစ်သည်။

“ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးဦးလှအေးအား တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်အဖြစ် နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ် ၄၅/ ၂၀၁၈ ဖြင့် နိုင်ငံတော်သမ္မတက ခန့်အပ်တာဝန်ပေးအပ်ပြီးဖြစ်ကြောင်းလွှတ်တော်သို့တင်ပြအပ်ပါတယ် “ ဟု တိုင်းလွှတ်တော်တွင် လွှတ်တော်ဥက္ကဋ္ဌ  ဦးတင်မောင်ထွန်းက ကြေညာခဲ့ခြင်းဖြစ်သည်။

ထို့နောက် ရန်ကုန်တိုင်းလွှတ်တော်တွင် တရားသူကြီးချုပ်ခန့်အပ်လွှာ၌ လက်မှတ်ရေးထိုးခဲ့ပြီး ကတိသစ္စာပြုခဲ့ခြင်းလည်း ဖြစ်သည်။

ယခင် ရန်ကုန်တိုင်းတရားသူကြီးချုပ် ဦးဝင်းဆွေသည် သက်ပြည့်ပင်စင်ဖြင့် အနားယူမည်ဖြစ်သောကြောင့် လက်ရှိတိုင်းတရားလွှတ်တော် တရားသူကြီးကို ရာထူးတိုးပေးသည့်အနေအထားဖြစ်ကြောင်းလည်း လွှတ်တော်အမတ်တချို့ကဆိုသည်။

အမည်စာရင်းတင်သွင်းခံရသူ ဦးလှအေးသည် ယခင်က နေပြည်တော်တရားရုံးချုပ်တွင် ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးအဖြစ် ၂၀၁၁ ခုနှစ် မှ လက်ရှိအချိန်အထိ တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။

လက်ရှိအချိန်တွင် အသက် ၆၃ နှစ်ရှိပြီး  မင်းကင်းမြို့နယ်၊ မြင်းမူမြို့နယ်၊ ဘိုကလေးမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ် နှင့် ရွှေဘိုခရိုင်တို့တွင်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသူလည်းဖြစ်သည်။
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly