ဆိုင်ကလုန်းမုန်တိုင်း "ဖီထိုင်း"(PHETHAI)ကြောင့် မိုးရွာနိုင်

ဆိုင်ကလုန်းမုန်တိုင်း "ဖီထိုင်း"(PHETHAI)ကြောင့် မိုးရွာနိုင်

ဒီဇင်ဘာ ၁၆ ။              ။ အိန္ဒိယနိုင်ငံဘက်ကို ဗဟိုပြုနေသော ဆိုင်ကလုန်းမုန်တိုင်း "ဖီထိုင်း"(PHETHAI)ကြောင့် မြန်မာနိုင်ငံရှိ ဒေသ အချို့တွင် မိုးရွာသွန်းနိုင်ဖွယ်ရာ ရှိနေသည်။

ဒီဇင်ဘာလ ၁၆ ရက်၊ ညနေ ၄ နာရီအချိန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ထုတ်ပြန်ချက်အရ သိရခြင်း ဖြစ်သည်။

ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းအထိ ခန့်မှန်းချက်အရ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တနင်္သာရီတိုင်း ၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် စစ်ကိုင်းတိုင်း အောက်ပိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန် ရာနှုန်း၈၀ ဖြစ်ပါသည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ် တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်ဟု မိုးဇလမှ ခန့်မှန်းထားသည်။

နေပြည်တော်၊ မန္တလေး၊ ရန်ကုန်နှင့် အနီးတဝိုက်တို့တွင်မူ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်ဟု ခန့်မှန်းရသည်။

ယနေ့မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲ တိုင်းတာချက်အရ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း "ဖီထိုင်း"(PHETHAI)သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့ (Chennai)၏ အရှေ့တောင်ဘက် မိုင်(၂၃၀)ခန့်၊ မာချီလီပတ္တနမ်မြို့ (Machilipatnam)၏ အရှေ့တောင်ဘက် မိုင်(၃၁၀)ခန့်၊ သီရိလင်္ကာနိုင်ငံ၊ ထရီကိုမာလီမြို့ (Triconmalee)၏ အရှေ့မြောက်ဘက် (၂၅၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။

ဘင်္ဂလားပင်လယ်အော်အနောက် တောင်ပိုင်းနှင့် အနောက်အလယ်ပိုင်းတို့တွင် တိမ်ထူထပ်နေပြီး၊ ကပ္ပလီ ပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေသည်။

နောက်၂ ရက်အတွက်ခန့်မှန်းချက်မှာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required