ခေတ်နှင့်မလျော်ညီတော့သော ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေကို အမြန်ဆုံးပြင်ဆင်ပေးရန် တောင်းဆို

ခေတ်နှင့်မလျော်ညီတော့သော ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေကို အမြန်ဆုံးပြင်ဆင်ပေးရန် တောင်းဆို

ရန်ကုန်၊ ဒီဇင်ဘာ ၁၆ ။             ။ ခေတ်နှင့်မလျော်ညီတော့သော ၁၉၉၉ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေကို အမြန်ဆုံးပြင်ဆင်ပေးရန် အလုပ်သမား အဖွဲ့အစည်းများက တောင်းဆိုလိုက်သည်။

ရန်ကုန်မြို့ရှိ နာရေးကူညီမှုအသင်း (ရန်ကုန်) တွင် ဒီဇင်ဘာ ၁၆ ရက်နေ့ကပြုလုပ်ခဲ့သည့် “ ၂၀၁၈ ခုနှစ် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းအလုပ်သမားများနေ့ အခမ်းအနား “ တွင် ပြောဆိုခဲ့ကြခြင်း ဖြစ်သည်။

“ ကျွန်မတို့ တောင်းဆိုထားတာတစ်ခု ရှိတယ်။ ၁၉၉၉ ဥပဒေပေါ့။ ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေသည် ၁၉၉၉ ခုနှစ်ကတည်းက ပြဋ္ဌာန်းထားတဲ့ဥပဒေ ဖြစ်တဲ့အတွက် ခေတ်နဲ့ မလျော်ညီတော့ဘူး။ အစိုးရပိုင်း ကလည်း ပြန်ပြင်နေတယ်လို့ ကျွန်မတို့ကြားတယ်။ ထိရောက်တဲ့ဥပဒေ ဖြစ်ဖို့နဲ့ အမြန်ဆုံးပြင်ဆင်ပြီး ပြဋ္ဌာန်းပေးဖို့လိုတယ်လို့ ကျွန်မအနေနဲ့ မြင်ပါတယ်ရှင့်” ဟု မြန်မာရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာ အရပ်ဖက်အဖွဲ့အစည်းများနှင့် အလုပ်သမားအဖွဲ့အစည်းများကွန်ရက် မှ ဒေါ်သက်သက်အောင်ကပြောသည်။

ရွှေ့ပြောင်းအလုပ်သမားများ၏အခွင့်အရေးကို ပိုမိုစောင့်ရှောက်နိုင်ရန်ဟုဆိုကာ ပြဋ္ဌာန်းခဲ့သော ၁၉၉၉ ခုနှစ် ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေတွင်လည်း ပြဿနာများကို ဖြေရှင်းရန် သတ်မှတ်ချက်များ ပါဝင်နေသော် လည်း အကောင်အထည်ဖော်နိုင်မှုအားနည်းနေသေးခြင်း ဖြစ်သည်။

ယင်းဥပဒေတွင် အလုပ်သမားများအနေဖြင့် လိုင်စင်မရှိဘဲ လုပ်ကိုင်နေသည့်ပွဲစားကိစ္စများ၊ ကျား၊မဆိုင်ရာ ကိစ္စများအပါအဝင် ထိရောက်သော အချက်အလက်များ ပါဝင်မှုမရှိခြင်း ဖြစ်သည်။

ထို့ကြောင့်အစိုးရအနေဖြင့် ပြစ်မှုကျူးလွန်သူများကို ထိထိရောက်ရောက်အရေးယူပေးရေးနှင့် ခေတ်နှင့် မလျော်ညီသည့် ၁၉၉၉ ခုနှစ် ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေကို အမြန်ပြင်ဆင်ပေးရန် တောင်းဆိုရခြင်း ဖြစ်ကြောင်းလည်း သိရသည်။

“ ILO အနေနဲ့ ရွှေ့့ပြောင်းသွားလာတဲ့ အလုပ်သမားတွေရဲ့အခွင့်အရေးတွေကာကွယ်စောင့်ရှောက်မှုရဖို့ှဆိုရင် ကျွန်မတို့က အလုပ်သမား ဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေကို ပြန်လည်သုံးသပ်ပြီး ကောင်းမွန်တဲ့ဥပဒေဖြစ်နိုင်ဖို့ပေါ့။ အဲဒါတွေကို ပူးပေါင်းဆောင်ရွက်ပြီးတော့မှ ဒီဥပဒေတွေ ပိုမိုကောင်းမွန်လာဖို့ ပံ့ပိုးကူညီနေပါတယ်” ဟု နိုင်ငံတကာအလုပ်သမားအဖွဲ့အစည်းမှ  မြန်မာနိုင်ငံဆိုင်ရာ ဆက်သွယ်ညှိနိုင်းရေး မှူး ဂျက်ကီ ပေါလ်လော့ခ် က ပြောသည်။

အဆိုပါ ပြင်ဆင်ရန် လိုအပ်နေသေးသည့်ဥပဒေတွင် အမျိုးသမီးရွေ့ပြောင်းအလုပ်သမားအရေးနှင့် တရားမဝင် ပွဲစားပြဿနာများကို ဖြေရှင်းရန် တိကျရှင်းလင်းသည့် အချက်မျိုး ထည့်သွင်းရန် လိုအပ်ကြောင်းလည်း အလုပ်သမားအဖွဲ့အစည်းများက အကြံပြုပြောဆိုကြသည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန (အလုပ်သမား) အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်ကတော့ လက်ရှိတွင် အဆိုပါ ဥပဒေမှာ ပြင်ဆင်နေဆဲကာလတွင်သာရှိနေပြီး မည်သည့်အချိန်တွင် ပြင်ဆင်အတည်ပြုမည်ကိုတော့ ပြောဆိုနိုင်ခြင်းမရှိသေးကြောင်း ပြောသည်။

“ ပြင်နေတယ်။ ဆိုတာ ဒီဥပဒေက ပြီးခဲ့တဲ့အစိုးရလက်ထက်ကတည်းကပြင်ဖို့လုပ်နေတာပေါ့နော်။ အစည်းအဝေးတွေလည်း လုပ်တယ်။ ILO  တွေ၊ IOM တွေနောက် အေဂျင်စီအဖွဲ့တွေပေါ့ ။ ဒါတွေရဲ့ အကြံပြုချက်တွေလည်းတောင်းထားပြီး ထည့်ထားပြီးသားပေါ့နော်။ ဒီ ဥပဒေမှာက အေဂျင်စီ ဖွဲ့စည်းတာတွေ ပါပြီးတော့ အခုဥပဒေမှာတော့ အေဂျင်စီတွေရော တခြားတရားမဝင်သွားမှု ကာကွယ်နိုင်အောင် ဒါလေးတွေတော့ လုပ်ထားတယ် ” ဟု ဦးမျိုးအောင်က ဆိုသည်။

ဒီဇင်ဘာလ ၁၈ ရက်နေ့သည် ကမ္ဘာ့ကုလသမဂ္ဂ မှနေ၍ ရွှေ့ပြောင်းအလုပ်သမားများကိုကာကွယ်ရန် ပြဋ္ဌာန်းချက်ကို အတည်ပြုလက်မှတ်ရေးထိုးခဲ့ ပြီးနောက် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းအလုပ်သမားများနေ့ အခမ်းအနားများကို ကမ္ဘာတစ်ဝှမ်းတွင် ကျင်းပနေကြခြင်းဖြစ်သည်။

အလားတူ မြန်မာနိုင်ငံတွင်လည်း အလုပ်သမားအဖွဲ့အစည်းများနှင့် ILO တို့ ပူးပေါင်းကာ ဒီဇင်ဘာ ၁၆ ရက် တွင် ရွှေ့ပြောင်းအလုပ်သမားများနေ့ကို ကျင်းပခဲ့ခြင်းလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required